Social Icons

Pages

Friday, March 10, 2017

မြတ်မော်တင်စွန်းဘုရားပွဲတော် သို့ လာရောက်သူများ လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်ထား



ငပုတော ၊ ၁၀-၃-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်အနီးရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်သည့် ဘုရားဖူးများ ဝင်ရောက် လေ့လာနိုင်ရန် ပုသိမ်-မော်တင် ကားလမ်း ၅၁ မိုင် ၂ ဖာလုံရှိ တင်းချောင်းကျေးရွာ အနီး ထန်းတပင် ဆင်ဝိုင်း၌ စွယ်စုံ ဆင်နှစ်ကောင်၊ ဆင်မတစ်ကောင် ထားရှိပြီး ထန်းတပင်ရွာ အတွင်းနှင့် ငရုတ်ကောင်းတောင် ပတ်ဝန်းကျင်သို့ ဆင်စီးနိုင်ခြင်း၊ ဆင်အစာကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ထန်းတပင် ဆင်ဝိုင်း တာဝန်ရှိသူများထံမှ သိရသည်။

''မြတ်မော်တင်စွန်း ဘုရားပွဲရက်ကို ယာယီစီစဉ်ထား တာပါ။ အများပြည်သူ လည်း ကြည့်လို့ရအောင်၊ ထန်းတပင်ရွာထဲနဲ့ တင်းချောင်းကျေးရွာ ပတ်ဝန်းကျင်မှာ ပတ်ပြီးစီးလို့ရအောင် စီစဉ်ထားပါတယ်။ ဆင်တွေကို အစာကျွေးတာနဲ့ ဆင်နဲ့တွဲပြီး ဓာတ်ပုံရိုက်တာက အခကြေးငွေ ပေးစရာ မလိုပါဘူး''ဟု ငပုတောမြို့နယ် တင်းချောင်း ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

အဆိုပါဆင်များကို ပုသိမ်-မော်တင် ကားလမ်း ၂၁ မိုင်ရှိ သစ်ကတိုးအိုင် ဆင်အလှပြ စခန်းမှ ခေါ်ဆောင်ထားခြင်း ဖြစ်ပြီး မြတ်မော်တင် စွန်းဘုရားပွဲတော် ပြီးပါက ငရုတ်ကောင်းမြို့ အနီးရှိ ဂေါ်ရန်ဂျီကျွန်း ၌ အလှပြ ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ရန် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၁၂ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ သောင်းနှင့် ချီ၍ ကုန်းလမ်း၊ ရေလမ်းခရီးများမှ လာရောက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...