Social Icons

Pages

Friday, March 10, 2017

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်



ရန်ကုန် ၊ ၁၀-၃-၂၀၁၇

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ရာ အခြေခံပညာ မူလတန်းနှင့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

''ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူကြီး၊ လူငယ် ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်ဗုဒ္ဓဝင် ကို သေချာသိရှိပြီး သမားရိုးကျ ကိုးကွယ် ယုံကြည်မှုထက် စာရင် အများကြီး အကျိုး ကျေးဇူးတွေ ရရှိစေမယ်။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို ကောင်းစွာသိရှိ နားလည်လာ စေမယ်။ ဒါကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေ ကနေစပြီး သိနိုင်ဖို့ ဒီပြိုင်ပွဲကို ကျင်းပပေးတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျင်းပလာတာ (၆) ကြိမ်မြောက် ရှိပါပြီ'' ဟု သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာတော် အရှင်နန္ဒမာလာ က မိန့်ကြားသည်။

ပြိုင်ပွဲ၏ အမြင့်ဆုံး ရွေးချယ်မှုကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ မေ ၅ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

ဖြေဆိုမည့်သူများ အနေဖြင့် လျှောက်လွှာများကို ဧပြီ ၃ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ စာဖြေဌာနများမှ လက်ခံသွားမည် ဖြစ်ကာ ပြိုင်ပွဲဝင် စာဖြေဌာန အဖြစ် မင်္ဂလာကျောင်း သာဓုပရိယတ္တိ စာသင်တိုက် နတ်စင်လမ်း ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး သို့ လျှောက်ထားရမည် ဖြစ်သည်။ အခြေခံပညာ မူလတန်းအဆင့်ကို ယခုနှစ်တွင် စတင်ထည့်သွင်းခြင်း ဖြစ်ပြီး မူလတန်းအဆင့် (၃/၄/၅ တန်း) အောင်၊ အလယ်တန်းအဆင့် (၆/၇/၈ တန်း) အောင်သူများကို သတ်မှတ်ထားသည်။ တစ်နိုင်ငံလုံး ရေးဖြေစာမေးပွဲကို ဧပြီ ၉ ရက်တွင် အားလုံး ဖြေဆိုရမည် ဖြစ်သည်။

ဖြေဆိုသူ ၁၂ဝ ဦးတွင် ရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ဝ ဦးခန့် ပေါ်ထွက်လာမည် ဖြစ်ရာ ၄င်းတို့အား မဟာဗုဒ္ဓဝင် ခြောက်တွဲမှ စာအုပ် ရှစ်အုပ်ကို အနီးကပ် သင်ကြားပြီး ၁ဝ ဦးရွေးချယ်မည် ဖြစ်သည်။ ထို ၁ဝ ဦးအား မေ ၅ ရက်တွင် အုပ်စုနှစ်စုခွဲကာ ဗုဒ္ဓဝင်မေးခွန်း များကို အမေး၊ အဖြေ ကဏ္ဍဖြင့် စိစစ်ရွေးချယ်မည် ဖြစ်သည်။ ယင်း ၁ဝ ဦးထဲမှ အကောင်းဆုံး နှစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံကျော် အနုပညာရှင် များက ပါဝင်ကာ မေး၊ ဖြေ ဆောင်ရွက်မည် ဖြစ်သည်။

အလယ်တန်း အဆင့်တွင် ပထမဆု ငွေကျပ် သိန်း ၂ဝ နှင့် ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁ဝ သိန်း၊ စတုတ္ထဆု ငွေကျပ် ခြောက်သိန်း၊ ပဉ္စမဆု ငွေကျပ် ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ မူလတန်းအဆင့် တွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်းခွဲ၊ ပဉ္စမဆု ငွေကျပ် နှစ်သိန်းနှင့် တခြားဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...