Social Icons

Pages

Tuesday, March 7, 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီး က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံ ဆွေးနွေး


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး Gen. Ngo Xuan Lich တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး Gen. Ngo Xuan Lich တို့ နှစ်နိုင်ငံတပ်မတော် အကြီးအကဲများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး Gen. Ngo Xuan Lich တို့ Myanmar National Tele & Communications Co., Ltd (MNTC) နှင့် Viettel Global Investment JSC တို့အကြား နည်းပညာနှင့် စီမံခန့်ခွဲမှု အထောက်အကူပြု သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား တက်ရောက်စဉ်

နေပြည်တော် ၊ ၇-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီး Gen. Ngo Xuan Lich ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယမန်နေ့နံနက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမျိုးသားကာကွယ်ရေး ဝန်ကြီးက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ဗီယက်နမ် အမျိုးသား ကာကွယ်ရေးဝန်ကြီး ဌာနသို့ ရောက်ရှိကြရာ Gen. Ngo Xuan Lich နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗီယက်နမ် အမျိုးသား ကာကွယ်ရေးဝန်ကြီး တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။ 

ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ တပ်မတော် အကြီးအကဲများနှင့် အပြန်အလှန် မိတ်ဆက်ပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါဂုဏ်ပြု ကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တပ်မတော် အရာရှိကြီးများ၊ သံအမတ်ကြီး ဦးကျော်စိုးဝင်း နှင့် စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦး တို့တက်ရောက်ကြပြီး ဗီယက်နမ် အမျိုးသား ကာကွယ်ရေးဝန်ကြီး နှင့်အတူ ဒုတိယ ကာကွယ်ရေးဝန်ကြီး နှင့် စစ်ဦးစီးအရာရှိချုပ် Lt.Gen. Phan Van Giang နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီး တို့သည် ကာကွယ်ရေးဝန်ကြီး ဌာနအတွင်းရှိ International Talk Room ၌ တွေ့ဆုံဆွေးနွေး ကြသည်။

ထိုသို့တွေ့ဆုံ ရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလကပင် သံတမန်ဆက်ဆံမှု ရှိခဲ့သည့် နိုင်ငံများဖြစ်ပြီး ၁၉၇၆ ခုနှစ်တွင် စစ်ဘက်သံတမန် ဆက်ဆံမှု စတင်ခဲ့ကြောင်း၊ ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှုများ တူညီကြပြီး ဗီယက်နမ်နိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း လက်ထက် ကတည်းက မိမိတို့ နိုင်ငံ ခေါင်းဆောင်များ နှင့် ညီအရင်း အစ်ကိုပမာ ချစ်ကြည်ရင်းနှီးမှု ရှိပါကြောင်း၊ တပ်မတော်ပိုင်း ဆိုင်ရာတွင်လည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်မှ စတင်ပြီး တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးမြှင့်တင် ခဲ့ကြောင်း၊ မိမိတို့  မျိုးဆက်သစ် ခေါင်းဆောင်များ ကလည်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်နေကြောင်း၊ လက်ရှိကာလ တွင်လည်း နှစ်နိုင်ငံ အကြီးအကဲများ၊ တပ်မတော် ခေါင်းဆောင်များ အပြန်အလှန် ချစ်ကြည်ရေး ခရီး သွားရောက်မှုများ ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် မိမိဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ လာရောက် ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့်လည်း ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် ရိုးသားမှု၊ စေတနာထားရှိမှု တို့အပေါ် အခြေခံပြီး ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံတည်ငြိမ် အေးချမ်းမှုအတွက် များစွာ အထောက်အကူ ပြုကြောင်း၊ ကမ္ဘာ့နိုင်ငံများ အနေဖြင့်လည်း ယုံကြည်မှု အပေါ် အခြေခံသည့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုများသည် တစ်ကမ္ဘာလုံးကို အေးချမ်းသာယာ စေနိုင်ကြောင်း၊ ယခုချစ်ကြည်ရေး ခရီးစဉ်သည်လည်း နှစ်နိုင်ငံ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်သည် သာမက ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အခန်းကဏ္ဍအစုံမှ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့နောက် အမျိုးသား ကာကွယ်ရေးဝန်ကြီး က မိမိတို့ နှစ်နိုင်ငံသည် ရှေးယခင် ကတည်းက ချစ်ကြည်ရင်းနှီး ခဲ့ကြသည့် နိုင်ငံများ ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ မူဝါဒအရ ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် အညီ လုပ်ဆောင် နေကြောင်း၊ နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုများ သာမက နိုင်ငံတကာ နှင့်ပါ လွတ်လပ်စွာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင် နေကြောင်း၊ ထိုသို့ ပူးပေါင်းေ ဆာင်ရွက်မှုများတွင် အပြန်အလှန် ယုံကြည်မှုသည် အဓိကကျ ပါကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုသကဲ့သို့ အင်အားသုံး ကျူးကျော်မှုမျိုး ကိုလည်း လုံးဝ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ လုပ်ဆောင်ချက် များကို ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမို မြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်နှစ်ရပ် အကြား ခေါင်းဆောင်ပိုင်း သာမက အဆင့်အလိုက် အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ ကာကွယ်ရေး နှင့်လုံခြုံရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများ၊ ဘာသာစကား သင်တန်းများ အပါအဝင် လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ဆေးဘက်ဆိုင်ရာ နှီးနှောဖလှယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ် အားကစားများ အပါအဝင် အားကစားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ သတင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြသည်။ တပ်မတော် နှစ်ရပ်အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် Viettel ကုမ္ပဏီတို့အကြား ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ မြင့်မားစေရေး အတွက် တပ်မတော် အနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက် နေမှု အခြေအနေများအား ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အကြမ်းဖက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ဒေသတွင် အကြမ်းဖက် ခြိမ်းခြောက်မှု ဖြစ်စဉ် စတင်ဖြစ်ပေါ် ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မြန်မာနိုင်ငံ အနောက်ခြမ်းသို့ လွတ်လပ်ရေး မရမီ ကိုလိုနီကာလတွင် ဗြိတိသျှတို့ လယ်ကူလီ လုပ်ရန် ခေါ်ယူလာသည့် ဘင်္ဂါလီလူမျိုးများ စတင်ဝင်ရောက် ခဲ့မှု၊ ၎င်းတို့၏ အိမ်ထောင်ပြုမှု စနစ်၊ ကလေး မွေးဖွားနှုန်း မြင့်မားမှုနှင့် ထပ်မံခိုးဝင်လာမှု များကြောင့် လူဦးရေ အဆမတန် တိုးပွားလာမှု၊ ယင်းဘင်္ဂါလီ များက ရိုဟင်ဂျာလူမျိုး အဖြစ်၊ တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေမှု၊ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေအရ စိစစ် ဆောင်ရွက်နေမှု၊ ယင်းဘင်္ဂါလီလူမျိုး ထဲမှ အကြမ်းဖက်သူ များက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် နှင့် စခန်းများကို အင်အားသုံး အကြမ်းဖက် တိုက်ခိုက်လာမှု၊ ယင်းအကြမ်းဖက် သူများ၏ နောက်ကွယ်တွင် အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း များက အားပေးကူညီနေမှု အခြေအနေ များနှင့် အာဆီယံနိုင်ငံများ အတွင်း ပူးပေါင်း ဆောင်ရွက်မှု၏ အရေးကြီးမှု အခြေအနေများအား ထပ်မံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အမျိုးသားကာကွယ်ရေး ဝန်ကြီးတို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် Myanmar National Tele & Communications Co.Ltd(MNTC) နှင့် Viettel Global Investment JSC တို့အကြား နည်းပညာနှင့် စီမံခန့်ခွဲမှု အထောက်အကူပြု သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ MNTC ၏ Chairman ဖြစ်သူ ဦးခင်မောင်စိုးနှင့် Viettel Group ၏ General Director ဖြစ်သူ Maj. Gen. Nguyen Manh Hung တို့က စာချုပ်တွင် အပြန် အလှန် လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Viettel Global Investment JSC ၏ General Director Maj. Gen. Nguyen Thanh Nam တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင်တို့အား အပြန်အလှန် ပေးအပ်ကြသည်။ ထိုသို့ စာချုပ်ချုပ်ဆိုခြင်း အားဖြင့် စတုတ္ထအော်ပရေတာ (Mytel) ၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နည်းပညာနှင့် စီမံခန့်ခွဲရေး လုပ်ငန်းရပ်များအား နိုင်ငံတကာစံချိန် စံညွှန်းများနှင့် အညီ အပြည့်အဝ လုပ်ဆောင်သွား နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...