Social Icons

Pages

Tuesday, May 24, 2016

မောင်တို့မယ်တို့ ကြိုးစားအားထုတ်မှုကြောင့် အမိနိုင်ငံတော်ကြီး၏ အနာဂတ် ပိုမိုတောက်ပြောင် လာမည်ဟု အပြည့်အ၀ ယုံကြည်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရေကြောင်း နှင့် လေကြောင်းလူငယ် မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနား တွင် ဂုဏ်ပြုအမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၄-၅-၂၀၁၆

''ယနေ့လူငယ်၊ နောင်ဝယ်လူကြီး'' ဆိုသည့် မြန်မာဆိုရိုး စကားသည် ရိုးရှင်း လှသော်လည်း အနက်အဓိပ္ပာယ် ကျယ်ဝန်းပြီး အနှစ်သာရ ပြည့်စုံကြောင်း၊ ယင်း စကားရပ်တွင် လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတော်၏ အနာဂတ်၊ ကမ္ဘာမြေ၏ အနာဂတ် ဖြစ်သည်ကိုလည်း ဖော်ညွှန်းပြဆို နေကြောင်း၊ ထိုသို့ အနာဂတ်ကို ပုံဖော်ထုဆစ် မည့် ''တည်ဆောက်သော လက်ပိုင်ရှင်များ'' ဖြစ်သည့် မောင်တို့မယ်တို့ ကြိုးစား အားထုတ်မှုကြောင့် အမိ နိုင်ငံတော်ကြီး၏ အနာဂတ် ပိုမို တောက်ပြောင် လာမည်ဟု အပြည့်အဝ ယုံကြည် ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဇေယျာ သီရိဗိမာန် ၌ ကျင်းပ ပြုလုပ်သော ရေကြောင်းနှင့် လေကြောင်း လူငယ် မောင်မယ်များအား ဂုဏ်ပြု တွေ့ဆုံပွဲ အခမ်းအနားတွင် ဂုဏ်ပြု အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့်ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်း များမှ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များနှင့် အုပ်ချုပ်သူ၊ နည်းပြများ တက်ရောက် ကြသည်။

ဂုဏ်ပြု တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် က သင်တန်းသား၊ သင်တန်းသူ များအား ဂုဏ်ပြု အမှာစကား ပြောကြားရာ၌ အနာဂတ် လူငယ်များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ နိုင်ငံတစ်ခု၏ စီးပွားရေး အင်အား၊ စစ်ရေးအင်အား၊ နိုင်ငံရေး အင်အားများကို တွက်ချက် ကြရာတွင် အလုပ်လုပ် နိုင်သည့် လူဦးရေ အရေအတွက် ဆိုသည်ကို အလေးထား ဖော်ထုတ် ထည့်သွင်း တွက်ချက် ကြကြောင်း၊ အဓိကမှာ လူငယ် အင်အားပင် ဖြစ်ပြီး ယင်း လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးရာ များကိုပါ တွက်ဆ ရကြောင်း၊ ၂ဝ၁၄ ခုနှစ် တွင် ထုတ်ပြန် ခဲ့သည့် သန်းခေါင် စာရင်းအရ အသက် ၁ဝ နှစ်မှ ၂၄ နှစ်ကြား လူငယ်များမှာ နိုင်ငံ လူဦးရေ၏ ၃ဝ ရာခိုင်နှုန်း နီးပါးရှိကြောင်း၊ ယင်း အဖြေများကို သုံးသပ်ခြင်းဖြင့် နောင်ဆယ်စုနှစ် အနည်းငယ် အတွင်း ဖြစ်လာမည့် နိုင်ငံ၏ အနာဂတ်ကို မှန်းဆ နိုင်ကြောင်း၊ ယင်း အနာဂတ်ကို မိမိတို့ လူငယ်များ ပိုင်စိုးနိုင်ဖို့ လိုအပ်ကြောင်း၊ ထိုသို့ ပိုင်စိုးနိုင်ရန် အတွက် ယနေ့လူကြီး များက လုပ်ဆောင်ပေး ရမည့် တာဝန်များလည်း ရှိကြောင်း မှာကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) တွင် '' နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ဆောင်ရွက် ရမည်'' ဟု ပြဋ္ဌာန်းထား သကဲ့သို့ နိုင်ငံ စွမ်းအားစုကြီး သုံးရပ် ဖြစ်သည့် နိုင်ငံတော် အစိုးရ၊ ပြည်သူနှင့် တပ်မတော် တို့ကလည်း လူငယ် အင်အားစု များကို ''အရေအတွက် မှ အရည်အချင်း သို့'' ဆိုသည့် ဆောင်ပုဒ်နှင့် အညီ တစ်ဖက်က စွမ်းရည် မြှင့်တင်မှုများ လုပ်ဆောင်ပေး နေသလို တစ်ဖက်ကလည်း လမ်းကြောင်းမှန် အတိုင်း လျှောက်လှမ်း နိုင်ရေး ထိန်းသိမ်း ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း မဝေးလှသည့် အနာဂတ် တွင် အမိ နိုင်ငံတော်ကို ဦးဆောင် ဦးရွက်ပြု ကြရမည့် လူငယ်လူရွယ် များအနေဖြင့် နိုင်ငံတော်ကို တည်ဆောက် နိုင်သည့် နှလုံးသား များ၊ အကြံအစည် အတွေးအခေါ် များ၊ တည်ဆောက် တတ်သည့် လက်များ ရှိစေရေး အတွက် စဉ်ဆက်မပြတ် ကြံဆ ဖော်ဆောင် သွားမည်ဖြစ် ကြောင်း ထည့်သွင်းေ ပြာကြားသည်။

ဆက်လက်ပြီး နိုင်ငံ၏ သမိုင်းကြောင်း အရ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေးတာဝန် ၊  နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ခေတ်အဆက်ဆက် တာဝန်ကျ ခဲ့သည့် မြန်မာ့ တပ်မတော်ကို မောင်တို့မယ်တို့ ကဲ့သို့ မျိုးချစ် စိတ်ရှိသည့် လူငယ်လူရွယ် ရဲဘော်သုံးကျိပ် က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း သမိုင်း သာဓကများ အရ တပ်မတော် အနေဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန် အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ယခုလို ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများကို နှစ်စဉ်ဖွင့်လှစ် ပေးနေခြင်း ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတော်နှင့် တပ်မတော်၏ ကာကွယ်ရေး တာဝန် များအတွက် အထောက်အကူ ဖြစ်စေရန် ရေရှည်မျှော်မှန်း သကဲ့သို့ နိုင်ငံတော်၏ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေး နေခြင်းလည်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့ပြင် တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရနှင့် လက်တွဲ၍ နိုင်ငံတော်၏ အမျိုးသားရေး အခန်းကဏ္ဍ များတွင် ယခုလို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် နေခြင်းသည် ယနေ့ခေတ်ကာလ တွင်မှ မဟုတ်ဘဲ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခေတ်ကာလ အလျောက် ပေါ်ပေါက်ခဲ့သည့် အမျိုးသားရေး တာဝန်များ၊ အမျိုးသား အကျိုးစီးပွား များကို တာဝန်သိသိ သစ္စာရှိရှိ ထမ်းဆောင် ခဲ့ကြောင်း၊ ထို့ကြောင့်လည်း '' တပ်မတော် သည် အမျိုးသား နိုင်ငံရေးအပေါ် ဘယ်တော့မှ သစ္စာမဖောက်'' ဆိုသည့် မှတ်ကျောက်ဖြင့် ခေတ်အဆက်ဆက် အစစ်ဆေးခံ ရပ်တည်နိုင် ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ချက် များကြောင့်လည်း သမိုင်းကြောင်း အရ ၊ အစဉ်အလာ အရ တပ်မတော်သည် နိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ရပ်တည်နေခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

လူငယ်များ၏ သဘော သဘာဝနှင့် ပတ်သက်၍လည်း လူငယ်များသည် အရာရာကို စူးစမ်း လေ့လာတတ်သူများ ဖြစ်သည့်အတွက် ပတ်ဝန်းကျင်၏ မကောင်းသော လှုံ့ဆော် သွေးဆောင်မှုများ၊ မိမိစိတ် အလိုကို မဆင်မခြင် လိုက်ပါမှု များကြောင့် မိမိတို့၏ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ များတွင် ထိခိုက် ယိုယွင်းပျက်စီး စေတတ်ကြောင်း၊ ထို့ပြင် ကျောင်းပညာ၊ အသက်မွေး ဝမ်းကျောင်း ပညာများကို ကြိုးစား ဆည်းပူး နေရသည့် အတွက် မိမိတို့ မလေ့လာ၊ မသိကျွမ်းနိုင် သည့် နယ်ပယ်များတွင် အသုံးချခံ ရခြင်း၊ သရုပ်ပျက် ယဉ်ကျေးမှု များကို အတုယူမိခြင်း များသည်လည်း အပြစ် ကင်းစင်ပြီး ရိုးသား သည့် လူငယ်များ၏ ဘဝများ လမ်းကြောင်း မှားယွင်း တိမ်းစောင်း သွားနိုင်ကြောင်း၊ သို့ဖြစ်၍ လူငယ်များ၏ အတွေးအခေါ် မှန်ကန် နေစေရန် ၊ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် လိုအပ်ကြောင်း နှင့် တိုင်းပြည်အတွက် ထူးချွန် ထက်မြက်သော  ခေါင်းဆောင်ကောင်း များဖြစ်လာစေရန် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) မိသားစုများ ကိုစား ဆုမွန်ကောင်း တောင်းပါကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းနှင့် လေကြောင်းလူငယ် မောင်မယ်များ အတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ် မောင်မယ်များက တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်အား ဂါရဝပြု လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သည်။ ၄င်းနောက် ပုသိမ်မြို့မှ ရေကြောင်းလူငယ် မဆုနွယ်နွယ်ဦး နှင့် လေကြောင်း လူငယ် မနော်အိချန် တို့မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ရေကြောင်းလူငယ် မဆုနွယ်နွယ်ဦး ကျေးဇူးတင်စကား ပြန်လည် ပြောကြားစဉ်

လေကြောင်းလူငယ် မနော်အိချန်  ကျေးဇူးတင်စကား ပြန်လည် ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေကြောင်းလူငယ် မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရေကြောင်းလူငယ် မောင်မယ်များက ဂါရ၀ပြုလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်စဉ်


ထို့နောက် မြဝတီ တေးဂီတအဖွဲ့မှ ဂုဏ်ပြု တေးသီချင်း များဖြင့် ဖျော်ဖြေ တင်ဆက်ရာ အခမ်းအနား တက်ရောက် လာကြသူများ၊ ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ် များက ကြည့်ရှုအားပေး ကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်း လူငယ်မောင်မယ် နှင့် လေကြောင်း လူငယ်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြသည်။

ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ် များသည် ဂုဏ်ပြု တွေ့ဆုံပွဲ အခမ်းအနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန် အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့ တပ်မတော် မှ ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင် အသုံးပြု နေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော် မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်း များ၊ တပ်မတော် (ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များ ၊ ရေကြောင်း တိုင်းတာရေးသုံး ပစ္စည်းများ နှင့် ဆက်သွယ်ရေး ပစ္စည်းများ ၊ ရေငုပ်နှင့် အသက်ကယ် ပစ္စည်းများ ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ၊ တပ်မတော်(လေ) တွင် အသုံးပြု နေသည့် လေယာဉ်နှင့် ရဟတ်ယာဉ် များ၏ ပုံစံငယ်များ၊ လေသူရဲများ၏  ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ၊ လေကြောင်း ဇီဝကမ္မဖြစ်စဉ် ပြကွက်များ၊ တပ်မတော် (လေ)မှ တီထွင်ထုတ်လုပ် ထားသည့် မိုးလေဝသ တိုင်းတာရေး စနစ်များ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှု သရုပ်ပြကွက် များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက သိရှိလိုသည် များကို ရှင်းလင်းပြသ ခဲ့ကြသည်။

ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ တပ်မတော်(ရေ) မှထုတ်လုပ်သည့် ရေယာဉ်များ၏ ပုံစံငယ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ကြစဉ်

ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ တပ်မတော်(လေ) တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ် များ၏ ပုံစံငယ်များ ၊ လေသူရဲများ၏၀တ်စုံများ နှင့် အသုံးအဆောင် ပစ္စည်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြစဉ်


ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) နှင့် လေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) တို့ကို ရေတပ်စခန်း ဌာနချုပ် များနှင့် လေတပ်စခန်း ဌာနချုပ် များတွင် ၂ဝ၁၆ ခုနှစ် ဧပြီ ၂၅ ရက်မှ မေ ၂ဝ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သင် ကြား ပေးခဲ့ပြီး သင်တန်းကာလ နောက်ဆုံး အပတ်တွင် သင်တန်းစခန်းများ ပေါင်းဆုံ၍ စခန်းပေါင်းစုံ ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ လေ့လာရေး ခရီး သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။ ရေကြောင်းနှင့် လေကြောင်း လူငယ်သင်တန်း များကို ၂ဝ၁၄ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အခြေခံ သင်တန်း တက်ပြီးသော လူငယ်များ အတွက် တန်းမြင့်သင်တန်း များကို ဖွင့်လှစ် ခဲ့ကြောင်း၊ စတင် ဖွင့်လှစ်ချိန်မှ ယနေ့အထိ ရေကြောင်း လူငယ် အခြေခံအဆင့် တက်ရောက် အောင်မြင်ပြီးသူ ၇ဝ၃ ဦးနှင့် တန်းမြင့်အဆင့် တက်ရောက် အောင်မြင်ပြီးသူ ၂၁၇ ဦးရှိပြီး လေ ကြောင်းလူငယ် အခြေခံအဆင့် တက်ရောက် အောင်မြင်ပြီးသူ ၁ဝဝ၂ ဦးနှင့် တန်းမြင့် အဆင့် တက်ရောက် အောင်မြင်ပြီးသူ ၈ဝ ဦး၊ စုစုပေါင်း ၂ဝဝ၂ ဦးကို တပ်မတော်မှ မွေးထုတ်ပေး နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...