Social Icons

Pages

Friday, August 14, 2015

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရေကြီးမှုများ အပေါ် အစိုးရ၏ဖြေရှင်းမှုအား ကုလသမဂ္ဂ ချီးမွမ်း ၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ ထပ်မံ ပေးအပ်မည်ဟု ပြောကြား


နယူးယောက် ၊ ၁၄-၈-၂၀၁၅

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရေကြီးမှုများကို အစိုးရက ကိုင်တွယ် ဖြေရှင်းမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးဌာန ဌာနေ ကိုယ်စားလှယ် ရီနာတာဒက်ဆေးလီးယန်း က ချီးမွမ်း ပြောကြား ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားလျက် ရှိသည့် ရေဘေးအတွက် အစိုးရအဖွဲ့ အပါအဝင် တပ်မတော်နှင့် ပြည်သူများ ပါဝင်ကူညီမှု ကြောင့် မိမိအနေဖြင့် အံ့အားသင့် ခဲ့ကြောင်း ၊ မြန်မာနိုင်ငံမှ ပြည်သူများသည် ရေဘေးဒဏ်သင့် ပြည်သူများ အတွက် လိုအပ်သည့် အကူအညီ များကို တစ်ပြိုင်နက်တည်း ပေးအပ်လျက် ရှိကြောင်း ဒက်ဆေးလီးယန်း က သြဂုတ် ၁၂ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ သွားရောက် ကြည့်ရှုစဉ် အတွင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးအဖွဲ့ (OCHA)က လုပ်ဖော် ကိုင်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အစိုးရ၏ လုပ်ဆောင်ချက် များကို ထောက်ခံသည့်  အနေဖြင့် နိုင်ငံအတွင်း ကယ်ဆယ်ရေး  လုပ်ငန်းများ အတွက် ဆက်လက် ကူညီ ပံ့ပိုးသွားမည်ဟု ဒက်ဆေးလီးယန်း က ပြောကြား ထားသည်။

ထို့ပြင် မြန်မာနိုင်ငံသား များသည် ကမ္ဘာပေါ်တွင် အလှူအတန်း ရက်ရောသည့် လူမျိုးများ ဖြစ်ကြောင်း၊ ရေကြီးမှု ဖြစ်ပွားသည့် ဒေသများတွင် ကယ်ဆယ်ရေး အဖွဲ့များနှင့် ဒေသအတွင်းရှိ အဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ ပုဂ္ဂလိက အဖွဲ့များသည် ရေဘေးဒဏ်သင့် ဒေသများ ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့် ပြည်သူများအား အကူအညီများ ပေးအပ်သည့် နိုင်ငံတကာ အသိုက်အဝန်း ကိုလည်း ကျေးဇူး တင်ရှိကြောင်း ၄င်းက ဖြည့်စွက် ပြောကြားသည်။

ကုလသမဂ္ဂ အဖွဲ့သည် လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးဒဏ်သင့် ပြည်သူများ အတွက် ဒေါ်လာ ၁ဝ သန်း ပေးအပ်ထားပြီး ရေဘေးဒဏ်သင့် ပြည်သူများ၏ အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...