Social Icons

Pages

Wednesday, July 29, 2015

ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် အ၀တ်အထည်များအား တပ်မတော်ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေး


တပ်မတော်ရဟတ်ယာဉ် များဖြင့် ရေဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် အ၀တ်အထည်များ ပို့ဆောင်ပေးစဉ်

နေပြည်တော် ၊ ၂၉-၇-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သဖြင့် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ဆဲ ဖြစ်သော ကျေးရွာများ အတွက် စားသောက်ဖွယ်ရာ များနှင့် အဝတ်အထည် များအား ခရိုင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီ၏ စီမံမှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့မှ ကောလင်းမြို့သို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် ဦးစီး၍ တပ်မတော် ရဟတ်ယာဉ်များ အသုံးပြုကာ ပို့ဆောင် ပေးပြီး ထိုမှတစ်ဆင့် ချောင်းနား ကျေးရွာသို့ လေးကြိမ် ပို့ဆောင် ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် ဒေါင်းမြူးချောင်း ရေမြင့်တက် နေမှုကြောင့် ဝန်းသိုမြို့နယ်၊ ဝန်းသိုမြို့ ကြိုးကြာ ရပ်ကွက်နှင့် ကျမိုင်းကုန်း ရပ်ကွက် အတွင်း ရေ ၃ ပေခန့် မြင့်တက်နေမှု အား လည်းကောင်း၊ကောလင်း မြို့နယ်၊ ကျခတ်အိုက် ကျေးရွာအနီး ဒေါင်းမြူးချောင်း တံတား၏ ချဉ်းကပ်လမ်း ရေကျော် ပျက်စီးနေမှု အား လည်းကောင်း၊ ရေနစ်မြုပ် ခဲ့သည့် ကြို့ခုန်ကျေးရွာ နှင့် ညောင်ပင်သာ ကျေးရွာများတွင် ရေတွင်းများ ဆေးခတ်ခြင်း ဆောင်ရွက် ပြီးစီးမှုတို့ အား လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးပြီး ကျေရွာနေ ပြည်သူများအား ကျန်းမာရေး ဆိုင်ရာ သတိပြု ရမည့် အချက်များ ဆွေးနွေး မှာကြားသည်။

ကောလင်းမြို့နယ် အတွင်း မြို့နယ်ရေဘေး ကယ်ဆယ်ရေး ကော်မတီ၏ စီမံ ခန့်ခွဲမှုဖြင့် လိုအပ်သော စားသောက် ဖွယ်ရာများ၊ ထောက်ပံ့ရေး ပစ္စည်းများနှင့် ဆေးဝါးများအား တပ်မတော် အသက်ကယ် လှေများ၊ မော်တော်ယာဉ် များဖြင့် ပို့ဆောင် ပေးလျက် ရှိသည့်အပြင် တပ်မတော်မှ ဆေးကုသရေး အဖွဲ့များနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရေကျဆင်း သွားပြီးဖြစ်သည့် ကျေးရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် ရေတွင်း ရေကန်များအား ရေသန့်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။

အလားတူ ရွှေဘို တပ်နယ်ရှိ နယ်မြေခံ တပ်မတော်သား များက မင်းမြင် တမံလမ်းပေါ်ရှိ နုန်းမြေများ ဖယ်ရှားခြင်း၊ အရာတော် တပ်နယ်ရှိ နယ်မြေခံ တပ်မတော်သား များက အရာတော်- ရွှေဘို ကားလမ်းပေါ်ရှိ ဇရစ်ကျေးရွာ နှင့် ကူးတုတ်ကိုင်း ကျေးရွာအကြား ရေကျော်မှု ဖြစ်ပေါ်ရာ နေရာများသို့ လမ်းပခုံးသားများ ပျက်စီးမှု မရှိစေရေး သဲအိတ်ချခြင်း နှင့် မြေသားဖို့ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်က မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက်ပိုင်းတွင် မြစ်သာမြစ်ရေ မြင့်တက်လာပြီး ကလေးမြို့ရှိ အောင်မြေမာန် ရပ်ကွက်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မင်္ဂလာ ဥယျာဉ် ရပ်ကွက်၊ ညောင်ပင်သာ ရပ်ကွက်၊ ကျီကုန်းကျေးရွာ၊ ရေလဲဦးကျေးရွာ၊ စည်သာကျေးရွာ၊ နတ်ကြီးကုန်း ကျေးရွာ၊ ဖောင်းကူးကျေးရွာ၊ ပြင်သာကျေးရွာ နှင့် တောင်ဦးကျေးရွာ တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများမှ အိမ်ထောင်စု ၅၆ဝ စု၊ လူဦးရေ ၂၄၄၅ ဦးတို့အား အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား များက ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ ပြောင်းပေးခြင်းနှင့် စားသောက်ဖွယ်ရာများ သွားရောက် ပို့ဆောင် ပေးခြင်းများ ဆောင်ရွက် ပေးသည်။

အဆိုပါ မြစ်ရေကြီးမှုကြောင့် လူ ၊ တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု များမရှိဘဲ ကလေး- ကျီကုန်းကားလမ်း ပေါ်သို့ ရေ ၃ ပေခန့် မြင့်တက်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်း  သွားလာနိုင်ခြင်း မရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...