Social Icons

Pages

Friday, April 10, 2015

လောက်ကိုင် - ချင်းရွှေဟော် ကားလမ်းအား စိုးမိုးထားသည့် ကိုးကန့် သောင်းကျန်းသူ အခိုင်အမာအခြေပြု ပွိုင့် ၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၁၀-၄-၂၀၁၅

လောက်ကိုင်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် အချုပ်အခြာ အာဏာ ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် တပ်မတော် အနေဖြင့် လိုအပ်သော အုပ်ချုပ် ထောက်ပံ့မှု နှင့် အင်အား ဖြည့်တင်းခြင်း ကို လေယာဉ်၊ ရဟတ်ယာဉ်၊ မော်တော်ယာဉ် များ အသုံးပြု၍ ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အား အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများကို အပြည့်အဝ အသုံးပြု၍ ကိုးကန့် သောင်းကျန်းသူ များအား အပြင်းအထန် တိုက်ခိုက် ချေမှုန်း ခဲ့သည်။

ထိုသို့ တပ်မတော် စစ်ကြောင်း များက တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းကြောင့် ဧပြီ ၈ ရက်တွင် ပွိုင့်- ၁၈၄၅ တောင်ကုန်းအား သိမ်းပိုက် ရရှိပြီး ယနေ့ထိ သောင်းကျန်းသူ အခိုင်အမာ အခြေပြု စခန်း ၂ဝ ကျော်တို့အား သိမ်းပိုက် ရရှိခဲ့ကာ လောက်ကိုင် ဒေသ၏ စစ်ဗျူဟာ အရေးကြီး နေရာအများစု နှင့် ဆက်သွယ်ရေး လမ်းကြောင်း များအား သိမ်းပိုက် ထိန်းချုပ်ထားနိုင် ခဲ့သည်။

တပ်မတော် စစ်ကြောင်း များက ပါစင်ကျော် ကျေးရွာ၏ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ ခံစစ် တည်ဆောက်၍ ခြေကုပ် ယူထားသော စစ်ဗျူဟာ အရ အရေးကြီးသည့် ပွိုင့်- ၁၈၄၅ တောင်ကုန်းအား ဧပြီ ၈ ရက် နံနက်ပိုင်းမှ စတင်၍ လက်နက်ကြီး ပစ်ကူ၊ သံချပ်ကာ တိုက်ယာဉ် ပစ်ကူများဖြင့် ဟန်ချက်ညီညီ အဆင့်ဆင့် တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီတွင် အောင်မြင်စွာဖြင့် သိမ်းပိုက် ရရှိခဲ့သည်။

တစ်ချိန်တည်းတွင် ပါစင်ကျော် ကျေးရွာနှင့် ဘီပီ ၁၃၇ သွားကားလမ်း၏ မြောက်ဘက်ရှိ ပွိုင့်- ၁၅၈၄ တောင်ကုန်း ၊ တာကထန် ကျေးရွာ မြောက်ဘက်ရှိ တောင်ကုန်း၊ မာလီရှူးဝါး ကျေးရွာ အရှေ့ဘက်ရှိ ပွိုင့်- ၁၇၅၃ နှင့် တာရွှေကျင် ကျေးရွာ အရှေ့ဘက်ရှိ တောင်ကုန်းတို့ တွင် အခိုင်အမာ အခြေပြု ထားသည့် ကိုးကန့် သောင်းကျန်းသူ များအား တပ်မတော် စစ်ကြောင်း များက လက်နက်ကြီးပ စ်ကူများ၊ သံချပ်ကာ တိုက်ယာဉ် ပစ်ကူများ ရယူ၍ တိုက်ခိုက် ချေမှုန်းခဲ့ရာ ကိုးကန့် သောင်းကျန်းသူ များမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လျက် ရှိပြီး တပ်မတော် စစ်ကြောင်း များက အဆင့်ဆင့် ခြေကုပ်ယူ၍ သောင်းကျန်းသူ များအား ရင်ဆိုင် ထိန်းချုပ်ထား လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ၊ စစ်သည် ၁ဝ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ကာ အရာရှိ၊ စစ်သည် ၆၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပွိုင့်-၁၈၄၅ တောင်ကုန်းသည် ပေ ၆ဝဝဝ ကျော်မြင့်မားပြီး တစ်ဖက်နိုင်ငံ နယ်နိမိတ်မျဉ်း နှင့် မီတာ ၄ဝဝဝ ခန့်အကွာတွင် တည်ရှိသည်။ အဆိုပါ တောင်ကုန်းမှာ ၄င်းဒေသ တစ်ဝိုက်တွင် အမြင့်ဆုံး တောင်ကြော ဖြစ်သည့်အပြင် ဒေသ တစ်ခုလုံးကို ဗဟိုကျကျ စိုးမိုးလျက်ရှိပြီး လောက်ကိုင်- ချင်းရွှေဟော် ကားလမ်းအား လည်းကောင်း၊ ပါစင်ကျော်- ဘီပီ ၁၃၇ ကားလမ်းအား လည်းကောင်း၊ နှစ်နိုင်ငံနယ် နိမိတ်မျဉ်း အား လည်းကောင်း၊ ပတ်ဝန်းကျင် တစ်ဝိုက်အား လည်းကောင်း မြေအနေအထား အရ ကောင်းမွန်စွာ စိုးမိုးထားလျက် ရှိသည်။

ယင်း တောင်ကုန်းအား ထိုးစစ် ဆင် တိုက်ခိုက်ရာတွင် ကိုးကန့် သောင်းကျန်းသူ များက မတ်စောက်သော တောင်စောင်းများ တစ်လျှောက် အဆင့်ဆင့် ခံစစ်နေရာများ ပြင်ဆင်၍ ပုံသေပစ်ကြောင်း များဖြင့် ခုခံ တိုက်ခိုက်ခြင်း၊ သဘာဝ မြေအနေအထား ၏ အားသာချက်ကို ရယူ၍ လက်နက်ကြီးများ၊ လက်ပစ်ဗုံးများ၊ တိုက်မိုင်းများ၊ ကြီးကြပ်မိုင်း များဖြင့် ပြင်းထန်စွာ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့သည်။ သို့သော် တပ်မတော် စစ်ကြောင်းများက ထိရောက် ဟန်ချက်ညီသော ပစ်ကူပစ်အား ရယူ၍ မတ်စောက်သော ကျောက်တောင် နံရံများအား ကျားကုတ်ကျားခဲ တက်ရောက်ကာ အသက်ကိုပင် ပဓာန မထားဘဲ တိုက်ခိုက်ချေမှုန်း ခဲ့ခြင်း ကြောင့်သာ အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပွိုင့်- ၁၈၄၅ တောင်ကုန်းတွင် ကိုးကန့် သောင်းကျန်းသူ အင်အား ၂ဝဝ ဦးခန့် နေထိုင်နိုင်သော လူနေတဲများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေး မြောင်းများ၊ ဗုံးခိုကျင်းများ၊ အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

ယင်း တောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ဆက်သွယ်ရေး လမ်းကြောင်း များအား စိုးမိုးလျက် ရှိသော တောင်ကုန်းများနှင့် သောင်းကျန်းသူ များ ခိုအောင်းနိုင်သော နေရာများကို ထိန်းချုပ် ထားနိုင်ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ၄င်းနေရာအား ခြေကုပ်ယူ၍ ပတ်ဝန်းကျင် နေရာများသို့ ဆက်လက် အောင်မြေချဲ့ တိုက်ခိုက် ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...