Social Icons

Pages

Friday, April 10, 2015

ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်


ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်

ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင် ကျော်လွှားနိုင်ရန် အတွက် အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင အဖွဲ့အစည်းကို တည်ထောင်ကြ ရမည် ဖြစ်သည်။ အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင် အဖွဲ့အစည်း ဖြစ်ပေါ်လာ စေရန် တည်ဆောက် ရာတွင် အခြေခံကျသော အဓိက အကြောင်းရင်းမှာ လူတိုင်း စာတတ်မြောက်ရေး ဖြစ်သည်။ ထို့ကြောင့် အဓိက အကြောင်းရင်း ဖြစ်သော လူတိုင်း စာတတ်မြောက်ရေး လုပ်ငန်းကို အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး လူထု လူတန်းစား အားလုံး ပါဝင်သည့် လူထု လှုပ်ရှားမှု အသွင်ဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိသည်။

လူတိုင်း စာတတ်မြောက်ရေး အတွက် စာမတတ်သေး သူများကို စာတတ်မြောက် စေရန် သင်ကြား ပေးကြရမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံတော် အနေဖြင့် မူလတန်းပညာ မသင်မနေရ စနစ်၊ အခမဲ့ မူလတန်းပညာ သင်ကြားရေး တို့ကို ဖော်ဆောင်လျက် စာမတတ်သူ ပပျောက်ရေးကို ဆောင်ရွက်လျက် ရှိသည်။ စာမတတ်သူ များသည် စာမသင်ခဲ့ ရသောကြောင့် စာမတတ်ခဲ့ ရခြင်းဖြစ်သည်။ စာသင်ရမည့် အရွယ်တွင် စာသင်ယူ ရမည့် အခွင့်အရေး မရရှိခဲ့ သောကြောင့် ဖြစ်သည်။

စာမတတ်သူများ ကြွင်းကျန် နေရခြင်းမှာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းမနေ ခဲ့၍ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေခွင့်၊ စာသင်ယူခွင့် အခွင့်အလမ်း နည်းပါး၍ ကျောင်းနေခွင့်၊ စာသင်ယူခွင့် မရရှိသော ကျောင်းနေအရွယ် ကလေးငယ်များ ကျန်ရှိ နေသမျှ စာမတတ် သူများလည်း ဆက်လက် တိုးပွား နေဦးမည် ဖြစ်သည်။ စာမတတ်သူ ဦးရေ လျော့ပါး၍ စာတတ်သူဦးရေ တိုးပွားရေး အတွက် ကျောင်းနေအရွယ် ကလေးအားလုံး တစ်ယောက် မကျန် ကျောင်းနေနိုင်ရေး၊ သင်ယူခွင့် ရနိုင်ရေး ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး စီမံချက်ကို ရေးဆွဲပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ပေး ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး အတွက် ပညာရေး ဝန်ထမ်းများ၊ ဒေသ အာဏာပိုင်များ၊ ပညာရေး အတွက် စေတနာရှင်များ၊ မိဘပြည်သူများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။ ထို့ကြောင့် ကျောင်းနေအရွယ် ကလေး အားလုံးအနက် သူငယ်တန်းသို့ ဝင်ရောက် လာသော အသားတင် ကျောင်းဝင်နှုန်း သည် ၉၈ ရာခိုင်နှုန်းထိ တိုးတက် မြင့်မား လာခဲ့ပြီ ဖြစ်သည်။

သို့သော် သူငယ်တန်းတွင် ရောက်လာသော ကလေးများ အားလုံးသည် မူလတန်း ပညာကို ပြီးမြောက်အောင် သင်ယူခွင့် မရရှိကြောင်းကို ပညာရေး ဆိုင်ရာ စာရင်းများ အရ သိရသည်။ သူငယ်တန်း ဝင်ရောက်သူ၏ ထက်ဝက်ခန့်သာ အခြေခံပညာ မူလတန်း စတုတ္ထတန်း၌ ပညာသင်ယူ တတ်မြောက် သည်ကို တွေ့ရ၍ စာမတတ်သူ ပပျောက်ရေး ဆောင်ရွက်ချက် များအတွက် လိုအပ်ချက် တစ်ခုလည်း ဖြစ်သည်။ ထို့အတူ အခြေခံပညာ အထက်တန်း၌ သင်ယူနေသည့် ကျောင်းသား အရေအတွက် မှာလည်း မူလတန်း သင်ယူသည့် ကျောင်းသား အရေအတွက် နှင့် နှိုင်းယှဉ်ပါက နည်းပါးလျက် ရှိနေသည်။

သို့ဖြစ်ရာ ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင်ရန် အစဉ်လေ့လာ သင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်ကြ ရမည်ဖြစ်၍ လူတိုင်း စာတတ်မြောက်ပြီး အစဉ်လေ့လာ နေကြရေးကို အမျိုးသားရေး အမြင်ဖြင့် လူထု လူတန်းစား အားလုံး ပါဝင်သည့် ပြည်သူ တစ်ရပ်လုံး က ကြိုးပမ်း ဖော်ဆောင် သွားကြရမည် ဖြစ်ရာ လူတိုင်း စာတတ်မြောက်ရေး၊ စာတတ်သူများ စာဖတ်ရေး တို့ကို ၀ိုင်းဝန်းကူညီ ဖော်ဆောင် ပေးသွား ကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသားလိုက်ရ ပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...