Social Icons

Pages

Sunday, February 15, 2015

တပ်မတော် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်


နေပြည်တော် ၊ ၁၅-၂-၂၀၁၅

ယနေ့ ဒီမိုကရေစီ လမ်းကြောင်းကို အားလုံး လျှောက်လှမ်း နေချိန်တွင် တပ်မတော် အနေဖြင့်လည်း နိုင်ငံတော် တည်ဆောက်ရေး တွင် ပါဝင် ဆောင်ရွက် နေကြသည့် အဖွဲ့အစည်း များနှင့် ထိတွေ့ ဆက်ဆံရမည် ဖြစ်ကြောင်း၊ အလားတူ စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာ များနှင့်လည်း ထိတွေ့ ဆက်ဆံရမည် ဖြစ်ပါကြောင်း၊ ယခင်က တပ်မတော်၏ သဘောအရ ပြောသင့် ပြောထိုက်သည် များကိုသာ ပြောခြင်းကြောင့် သတင်းထုတ်ပြန်ရာတွင် ပြည်သူက မသိရှိသည်များ၊ အချက်အလက် မပြည့်စုံမှုများ၊ နားလည်မှု လွဲမှားခြင်းများ ရှိခဲ့ပါကြောင်း၊ ယခု သတင်းမီဒီယာ နှင့် တပ်မတော် ထိတွေ့ ဆက်ဆံမှု များကြောင့် တပ်မတော်၏ လုပ်ဆောင်ချက် များကို မီဒီယာ များမှ တစ်ဆင့် ပိုမိုပျံ့နှံ့စွာ သိရှိစေ ပါကြောင်း၊ မီဒီယာ အပိုင်းတွင် လည်း သဘောထား ပြောင်းလဲ လာမှုများ တွေ့ရှိရ ပါကြောင်း၊ တပ်မတော် နှင့် မီဒီယာများ အကြား သတင်း ထုတ်ပြန်မှု ဆိုင်ရာများ တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့်အဖွဲ့ဝင် များအား လက်ခံ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင် ကိစ္စနှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်း ပြောကြားလိုကြောင်း၊ ၂ဝဝ၉ ခုနှစ်တွင် လောက်ကိုင် ဒေသတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှု သတင်းများ ရရှိခဲ့ကြောင်း၊ ယင်းကိစ္စအား စိစစ်ရာ ကိုးကန့်ဒေသရှိ ခေါင်းဆောင် များမှ မဟုတ်မှန်ဟု ငြင်းဆို ခဲ့ကြောင်း၊ မိမိတို့မှ လက်နက် စက်ရုံနေရာ၊ ဓာတ်ပုံ အထောက်အထား များ ထပ်မံရရှိ၍ မေးမြန်း သော်လည်း ဆက်လက် ငြင်းဆို ခဲ့ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်၍ စစ်ဆေးရန် ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် များကို ဖမ်းဆီး ထားခြင်းကြောင့် ပြဿနာ စတင်ဖြစ်ပွား ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့သည် Law Inforcement Person ဖြစ်၍ နိုင်ငံတကာ တွင်လည်း ယင်းသို့ ဖမ်းဆီးမှုမျိုးအား ခွင့်ပြုနိုင်ခြင်း မရှိသဖြင့် တပ်မတော်မှ ဝင်ရောက် ရှင်းလင်း တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် များတွင် လက်နက်ကြီး မျိုးစုံ ၇ လက်၊ လက်နက်ငယ် မျိုးစုံ ၁၆၈၇ လက်၊ မိုင်းမျိုးစုံ ၇၉ဝ၄ လုံး၊ ခဲယမ်းမျိုးစုံ ၁၈၇၇၇၈၁ တောင့်၊ မူးယစ်ဆေးပြား ၁၅၇၄ဝဝ ပြားနှင့် မူးယစ်ဆေးဝါး ထုတ်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများစွာ သိမ်းဆည်းရမိ ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားမှု နှင့်အတူ ဖုန်ကြားရှင် နှင့် အဖွဲ့သည် ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအား ရက်စက်စွာ သတ်ဖြတ်၍ တရုတ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး ၄င်းမှ တစ်ဆင့် အထူးဒေသ ၄ မိုင်းလားတွင် သွားရောက် ခိုလှုံခဲ့ကြောင်း၊ လောက်ကိုင် ဒေသတွင် ၂ဝဝဝ ပြည့်နှစ် ကာလခန့်တွင် ကိုးကန့်အဖွဲ့ အတွင်း ဖုန်ကြားရှင် နှင့် ရန်မိုးလျံ အာဏာလုမှု ပြဿနာများ ရှိခဲ့ကြောင်း၊ ယင်းဒေသ၌ တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းခဲ့ပြီး အထူးသဖြင့် လူများ ဖမ်းဆီးမှု၊ ပြစ်ဒဏ်စီရင်မှု များတွင် ဥပဒေ နှင့် ညီညွတ်မှု လုံးဝ မရှိကြောင်း၊ ဖုန်ကြားရှင် သည် လောက်ကိုင် ဒေသ၌ အာဏာရှိခဲ့ သည်ကို မစွန့်လွှတ် လိုသဖြင့် ၂ဝ၁၃ ခုနှစ်ခန့် မှစတင်၍ အင်အား ပြန်လည် စုစည်း တည်ဆောက်မှု များအား သတင်းရရှိ ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံ နယ်စပ်ဒေသမှ လူမျိုးတူနှင့် ယင်းတို့၏ စစ်မှုထမ်းဟောင်း အချို့ အပါအဝင် လောက်ကိုင်ေ ဒသသို့ ဝင်ရောက် ခဲ့မှုများ ရှိကြောင်း၊ ၄င်းတို့သည် လောက်ကိုင် ဒေသတွင် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် ကြံ၊ လက်ဖက်၊ ရော်ဘာ စိုက်ပျိုးရေး လုပ်ငန်းများ၊ စီးပွားရေး အတွက် ကုန်ထုတ် လမ်းများ ဖောက်လုပ်ခြင်း တို့တွင် လုပ်သားများ အဖြစ် ဝင်ရောက် လာခြင်း ဖြစ်ကြောင်း၊ ထို့နောက် ယင်း ကိုးကန့် တိမ်းရှောင် အင်အားစု များသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အခြား လက်နက်ကိုင် အင်အားစု များနှင့် ပူးပေါင်းပြီး စုဖွဲ့ လှုပ်ရှားမှုများ ပြုလုပ် လာကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု များမှာ ဒေသခံများ၏ သတင်းပေးချက် အရ ယင်း လှုပ်ရှားမှု များသည် ယောင်ပြသာ ဖြစ်ပြီး အဓိက ရည်မှန်းချက်မှာ လောက်ကိုင် အား တိုက်ခိုက် သိမ်းပိုက်ရန် ဖြစ်ကြောင်း သတင်းများ ရရှိခဲ့ပါကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် တောက်ရွှေ ကျေးရွာ ပြည်သူ့စစ် တို့ထံမှ လက်နက် ရှစ်လက် သိမ်းယူ သွားခဲ့ရာ တပ်မတော်မှ လိုက်လံ ရှင်းလင်းစဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ တပ်မတော်မှ လေကြောင်း ပစ်ကူများ ဆောင်ရွက်ခဲ့ ရပြီး ထိခိုက် ကျဆုံးမှု များလည်း ရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် တွင် ထိခိုက်မှု အသေးစိတ် အခြေအနေ ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထား ပါကြောင်း၊  လောက်ကိုင် ဖြစ်စဉ်သည် အချုပ်အခြာ အာဏာနှင့် သက်ဆိုင်သည့် ကိစ္စ ဖြစ်ပါကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင် အဖွဲ့သည် လောက်ကိုင် ဒေသအား တိုက်ခိုက် သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်း တစ်ခုအား တိုက်ခိုက် လာခြင်းဖြစ်၍ တပ်မတော် အနေဖြင့် လုံးဝ လက်မခံ နိုင်ကြောင်း၊ လုံးဝလျှော့၍ မရကြောင်း၊ မိမိတို့ ရရှိထားသော အထောက် အထားများ အရ လောက်ကိုင် ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ပါဝင်မှု များရှိနေ၍ ယင်း အတွက်လည်း သက်ဆိုင်ရာ အဖွဲ့များ အနေဖြင့် တာဝန်ယူ ရမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအား ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးရန် ကြိုးစားခဲ့ကြောင်း၊ မိမိ ကိုယ်တိုင်လည်း အဆိုပြု တင်ပြ ခဲ့ကြောင်း၊ ယင်းမှာ လက်နက်ချဖို့ ပြောခြင်း မဟုတ်ကြောင်း၊ အပစ်အခတ် ရပ်စဲပြီး ဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်း ရာတွင် DDR လုပ်ငန်းစဉ် အတိုင်း သွားရမည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA လက်မှတ်  မထိုးနိုင်ဘဲ ဆက်လက် လုပ်ဆောင်မည့် ကတိ ကဝတ်သာ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် ရပ်နေ၍ မရကြောင်း၊ မိမိတို့က နောက်ကျ နေသဖြင့် သူများထက် သာအောင် လှမ်းနိုင်မှ အမီ လိုက်နိုင်မှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကိစ္စ လက်မှတ် ရေးထိုးရန် အများက ဆန္ဒ ရှိပါကြောင်း၊ မိမိတို့ မှလည်း ငြိမ်းချမ်းရေး ကိစ္စတွင် နည်းလမ်း မျိုးစုံမှ စဉ်းစားပြီး ဖြစ်နိုင်ဖွယ်ရာ အားလုံးကို လိုက်လျော ဆောင်ရွက် နေပါကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ မလေးရှား နိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (ACDFIM) အား တက်ရောက် ခဲ့ပါကြောင်း၊ အစည်းအဝေး တွင် အာဆီယံ တပ်မတော်များအကြား ပူးပေါင်း ဆောင်ရွက် မှုများ ပိုမိုမြှင့်တင် နိုင်ရေး ညှိနှိုင်းေ ဆွးနွေးကြ ပါကြောင်း၊ ယင်း အစည်းအဝေး ကိုလည်း အလွတ်သဘော အစည်းအဝေးမှ တရားဝင် အစည်းအဝေးဟု ပြောင်းလဲရန် အဆိုပြု ကြပါကြောင်း၊ ၂ဝ၁၆ ခုနှစ် ACDFIM အစည်းအဝေးအား လာအိုနိုင်ငံတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြား ခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး တို့သည် အဖွဲ့ဝင်များနှင့် အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...