Social Icons

Pages

Monday, February 2, 2015

မင်းကွန်းဒေသရှိ သမိုင်းဝင် ကြက်ထောင့် ကန်တော်ကြီး အချိန်မီ ပြုပြင် ထိန်းသိမ်းခြင်း မရှိပါက ပျက်စီးပျောက်ကွယ်နိုင်



စစ်ကိုင်း ၊ ၂-၂-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းရွာ တောင်ဘက် ခြောက်မိုင်ခန့် အကွာရှိ သမိုင်းဝင် ကြက်ထောင့် ကန်တော်ကြီး ကို အချိန်မီ ပြုပြင် ထိန်းသိမ်းခြင်း မရှိပါက ဒေသ၏ အမွေအနှစ် တစ်ခု ပျက်စီးဆုံးရှုံး ပျောက်ကွယ် သွားနိုင်ကြောင်း မင်းကွန်းဒေသ သို့ လာရောက် လေ့လာသူ များထံမှ သိရသည်။

ကြက်ထောင့် ကန်တော်ကြီးကို ခရစ်သက္ကရာဇ် ၁၈၁၇ ခုနှစ်တွင် ဘိုးတော်ဘုရား ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး သက်တမ်း ၂ဝဝ ခန့် ရှိပြီဖြစ်ကြောင်း၊ တည်ဆောက် စဉ်ကပင် ကန်ပေါင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေကားများ ထည့်သွင်း တည်ဆောက်ပြီး အကျယ်ပေ ၄၂ဝ ပတ်လည်၊ အနက် ၃၁ ပေကျော် ရှိကြောင်းနှင့် ယခုအခါ အဆိုပါ ကြက်ထောင့် ကန်တော်ကြီး ၏ အုတ်တံတိုင်း၊ မုခ်ပေါက်နှင့် လှေကားထစ် များမှာ ကွဲအက် ပျက်စီးလျက် ရှိသည်။

ထို့ပြင် ကန်တော်ကြီး အတွင်း ရေများမှာလည်း ညစ်နွမ်းနေပြီး ရေညှိ၊ ရေမှော်များ ပြည့်နှက်လျက် ရှိကြောင်း၊ ကန်ပေါင်ရိုး ပတ်လည် တွင်လည်း ချုံနွယ်များ ပေါက်ရောက်နေပြီး ကန်ကြီးကို ဖုံးလွှမ်းလျက် ရှိသဖြင့် အများပြည်သူ လေ့လာသူများ အနေဖြင့် ကန်ကြီးတည် ရှိကြောင်းကို မသိရှိ နိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။

အဆိုပါ ကြက်ထောင့် ကန်တော်ကြီး မှာ စစ်ကိုင်းမှ မင်းကွန်း ပုထိုးတော်ကြီး သွားရာ လမ်းဘေးတွင် နီးကပ်စွာ တည်ရှိ သော်လည်း လူအများက မသိရှိဘဲ ဒေသခံအများစု သာ သိရှိသော နေရာတစ်ခု ဖြစ်နေသည် ထို့ပြင် အဆိုပါ ကန်တော်ကြီး သည် မင်းကွန်းဒေသ၏ ကြီးငါးကြီးတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

မင်းကွန်းဒေသ ရှိ ကြီးငါးကြီး ဖြစ်သော မင်းကွန်း ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီး၊ ကန်တော်ကြီး နှင့် မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး ဟူ၍ ထင်ရှားသော အထိမ်းအမှတ်များ ရှိရာ သမိုင်းဝင် ဒေသတွင် အဆိုပါ ကြက်ထောင့်ကန် တော်ကြီး ပျက်စီးမှု မရှိစေရေး အချိန်မီ ထိန်းသိမ်း ပြုပြင်ရန် ဒေသခံများနှင့် လေ့လာသူ များက လိုလားလျက် ရှိကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...