ရန်ကုန် ၊ ၁၆-၁-၂၀၁၅
ရန်ကုန် ရွှေအရောင်းအဝယ် ဈေးကွက် အတွင်း ရွှေဈေးနှုန်း အတက်အကျ ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း မရှိဘဲ ဈေးနှုန်းများ တည်ငြိမ်လာပြီး နောက်ပိုင်းတွင် ၁၆ ပဲရည် အခေါက်ရွှေ ဈေးကွက်မှာ အရောင်းအဝယ် ရပ်တန့် သွားကာ ၁၅ ပဲရည် လက်ဝတ် ရတနာ အရောင်းအဝယ် ဈေးကွက်မှာ ပြန်လည်၍ အသက်ဝင် လှုပ်ရှား လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းမှ သိရသည်။
ရွှေဈေးကွက် အတွင်း နိုဝင်ဘာလ တွင် ရွှေဈေးနှုန်း အတက်အကျ မှာ တစ်နေ့လျှင် ငွေကျပ် တစ်သောင်းမှ နှစ်သောင်း အထိ ဈေးနှုန်း အတက်အကျ ရှိခဲ့ပြီး ရွှေဈေးကွက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ သဖြင့် ၁၆ ပဲရည် အခေါက်ရွှေ ဝယ်ယူ စုဆောင်းသူများ ရှိခဲ့သည်။ ဒီဇင်ဘာလ အတွင်း၌ ၂ဝ၁၄ ခုနှစ်၏ အမြင့်ဆုံး ရွှေဈေး ဖြစ်သည့် ၁၆ ပဲရည် ရွှေ တစ်ကျပ်သား လျှင် ငွေကျပ် ၆၇၄ဝဝဝ အထိ ပြန်လည် မြင့်တက် ခဲ့ခြင်းကြောင့် စုဆောင်း ထားသူများက ပြန်လည် ရောင်းချလာပြီး ရွှေ အရောင်းအဝယ် ဈေးကွက် အတွင်း ၁၆ ပဲရည်မှာ အကောင်းဆုံး အနေအထား သို့ ရောက်ရှိ ခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာ နောက်ဆုံးပတ် မှစ၍ ဇန်နဝါရီလ အတွင်း ရွှေဈေးနှုန်း များမှာ နေ့စဉ် အတက်အကျ မရှိသည့် အပြင် ၁၆ ပဲရည် ရွှေ တစ်ကျပ်သား လျှင် ငွေကျပ် ၆၆၇ဝဝဝ မှ ၆၆၅ဝဝဝ သို့ အပြောင်းအလဲ ရှိခဲ့ပြီး ဈေးနှုန်းများ ပြန်လည် တည်ငြိမ် လာကာ ၁၆ ပဲရည် အခေါက်ရွှေ ဈေးကွက် အရောင်းအဝယ် ရပ်တန့်သွား၍ ၁၅ ပဲရည် လက်ဝတ် ရတနာများ ရောင်းအား ပြန်လည် ကောင်းမွန် လာကြောင်း ရတနာရွှေဆိုင် များထံမှ သိရသည်။
''၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်း မှာကတော့ ရွှေဈေးကွက် က တည်တည် ငြိမ်ငြိမ်ပါပဲ။ အပြောင်းအလဲ သိပ်မရှိဘူး ၊ ကမ္ဘာ့ရွှေဈေး ကလည်း ငြိမ်နေတာ ပါတာပေါ့။ အဲဒီတော့ ၁၆ ပဲရည် ရွှေဈေးကွက် ဝယ်ရောင်း တွေကလည်း လက်ရှောင် သွားတယ်။ ပုံမှန် လက်ဝတ် ရတနာ ဈေးကွက်က အရောင်းအဝယ် ပြန်ကောင်း လာတာ ဖြစ်ပါတယ် ၊ ရွှေဈေးနှုန်းက ဒီလထဲမှာ အများဆုံး ပြန်တက် ရင်လည်း ၆၇ဝဝဝဝ ဝန်းကျင် အထိပဲ တက်မှာ။ ကျဖို့တော့ မရှိဘူး ... '' ဟု ရွှေ လုပ်ငန်းရှင်များ အသင်းမှ ဦးမြင့်အောင် က သုံးသပ် ပြောသည်။
ထက်နေ
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment