Social Icons

Pages

Wednesday, December 17, 2014

ရေနွေးငွေ့စက်ခေါင်း အထူးရထား ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ်ကို ခရစ္စမတ် နှင့် နှစ်သစ်ကူးနေ့များတွင် အထူးအစီအစဉ်ဖြင့် ပြေးဆွဲသွားမည်



ညောင်ဦး ၊ ၁၇-၁၂-၂၀၁၄

ရေနွေးငွေ့ စက်ခေါင်း အထူးရထား ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့ တစ်ရက်သာ ပြေးဆွဲမည်ဟု သတ်မှတ် ထားသော်လည်း ခရစ္စမတ် နှင့် နှစ်သစ်ကူးနေ့ များတွင် အထူး အစီအစဉ် များဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း မြန်မာ့မီးရထား နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် မင်္ဂလာရှုခင်း (ခရီးသွား ဝန်ဆောင်မှု) ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်ဝိတ် ထံမှ သိရသည်။

အဆိုပါ ရေနွေးငွေ့ စက်ခေါင်း မီးရထား ခရီးစဉ်ကို ညောင်ဦး (ပုဂံ) ဒေသအတွင်း ခရီးသွား ဧည့်သည်များ၊ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ရထားစီးနင်းမှု အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြေးဆွဲခြင်း ဖြစ်ပြီး ခရီးစဉ် တစ်ခုအတွက် စီးနင်းခမှာ မြန်မာကျပ်ငွေ နှစ်သိန်းခန့် (၁၉၉ ဒေါ်လာ) ကျသင့်ကြောင်း သိရသည်။

ရေနွေးငွေ့ စက်ခေါင်း မီးရထား ခရီးစဉ်အတွင်း နံနက်ခင်း ပုဂံ - ကျောက်ပန်းတောင်း ဘူတာများသို့ နံနက် - ညနေ အကြိုအပို့ အစီအစဉ်၊ ခရီးစဉ်အတွင်း ကျေးရွာ တစ်ရွာတွင် စိုက်ခင်းများ ပြသခြင်းနှင့် နေ့လယ်စာ ကျွေးမွေးခြင်း အစီအစဉ်၊ ကျောက်ပန်းတောင်း ဘူတာမှ ပုပ္ပါးသို့ Resort ကားဖြင့် ပို့ပေးခြင်း၊ ပုဂံ အပြန်တွင် ကျောက်ပန်းတောင်းဈေး သို့ပို့ပေးခြင်းနှင့် ဘူတာသို့ ပြန်ကြို ပေးခြင်းများကို ဝန်ဆောင်မှု အဖြစ် ဆောင်ရွက် ပေးမည် ဖြစ်သည်။

ပုဂံဘူတာမှ ကျောက်ပန်းတောင်း သို့ (အစုန်) ၁၃ မိုင်၊ ကျောက်ပန်းတောင်း မှ ပုဂံ ( အဆန် ) ၁၅ မိုင် စုစုပေါင်း အသွားအပြန် ခရီးကို ရေနွေးငွေ့ စက်ခေါင်း အထူးရထားဖြင့် ခရီးစဉ် ပြေးဆွဲသည့် နေ့တွင် ပုဂံ ဘူတာမှ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ကျောက်ပန်းတောင်း သို့ ဆိုက်ရောက်ချိန် နံနက် ၁၁ နာရီ ၁ဝ မိနစ်ဖြစ်ကာ ကျောက်ပန်းတောင်း မှ မွန်းလွဲ ၂ နာရီတွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး ပုဂံသို့ ညနေ၄ နာရီ ၃၆ မိနစ် ခန့်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဦးချမ်းသာ (မိတ္ထီလာ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...