Social Icons

Pages

Wednesday, December 17, 2014

ပုဂံဒေသ၌ အပျော်စီးမီးပုံးပျံ ကုမ္ပဏီသုံးခုတို့မှ မီးပုံးပျံ ၂၁ လုံးဖြင့် ရှုခင်းကြည့် ခရီးစဉ်များ ပျံသန်းပေးလျက်ရှိ



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၄

နိုဝင်ဘာလမှ စတင်၍ ပုဂံဒေသ၌ ရှုခင်းကြည့် အပျော်စီး မီးပုံးပျံ ကုမ္ပဏီသုံးခုတို့မှ မီးပုံးပျံ ၂၁ လုံးဖြင့် ရှုခင်းကြည့် ခရီးစဉ်များ ပျံသန်းပေးလျက် ရှိရာ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အများဆုံး လိုက်ပါစီးနင်း ကြကြောင်း သိရသည်။

ယခုနှစ်၏ မီးပုံးပျံရာသီ ဖြစ်သော အောက်တိုဘာလ မှ မတ်လအထိ ပုဂံဒေသ၌ မီးပုံးပျံကုမ္ပဏီ သုံးခုဖြစ်သည့် Oriental Ballooning ကုမ္ပဏီမှ မီးပုံးပျံ ခြောက်လုံး၊ Balloon Over Bagan ကုမ္ပဏီမှ မီးပုံးပျံ ၁၂ လုံးနှင့် Golden Express (Golden Eagle) ကုမ္ပဏီမှ မီးပုံးပျံ သုံးလုံး စုစုပေါင်း မီးပုံးပျံ ၂၁ လုံးဖြင့် ရှုခင်းကြည့် မီးပုံးပျံခရီးစဉ်များ ပျံသန်းနေကြောင်း သိရသည်။

''မီးပုံးပျံတွေ ကတော့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အများဆုံး စီးနင်းကြပြီး ပြည်တွင်းက ခရီးသည်တွေ စီးတာ နည်းပါတယ်။ ဒီနှစ်မှာတော့ မြန်မာဗီဒီယို ဇာတ်ကားတစ်ခု က မီးပုံးပျံစီးတဲ့ ဇာတ်ဝင်ခန်း လာရိုက် သွားတာ ရှိပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှုခင်းကြည့် အပျော်စီး မီးပုံးပျံခရီးစဉ်ကို ပုဂံဒေသ၊ အင်းလေးဒေသ နှင့် မန္တလေးမြို့တို့၌ ပျံသန်းလျက် ရှိပြီး တစ်နာရီစာ ခရီးစဉ်အတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၂ဝ အနည်းဆုံး ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှုခင်းကြည့် အပျော်စီး မီးပုံးပျံ ခရီးစဉ်တွင် ခရီးသည် လေးဦးဆံ့၊ ခြောက်ဦးဆံ့၊ ရှစ်ဦးဆံ့ နှင့် ၁၆ ဦးဆံ့ မီးပုံးပျံများဖြင့် ပျံသန်းလျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...