Social Icons

Pages

Wednesday, December 17, 2014

အစားမတော် တစ်လုတ်


အစားမတော် တစ်လုတ်

မြန်မာနိုင်ငံရှိ ပြည်သူတို့၏ သဘော သဘာဝနှင့် အနေအထားများ အရ ပြည်သူတို့၏ နေ့စဉ် စားသုံးနေသော အစားအစာများကို ပြည်သူတို့ ကိုယ်တိုင် သတိတရား လက်ကိုင်ထား၍ ဆင်ခြင် စားသုံးကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်၍ ပြည်သူတို့၏ နေ့စဉ် စားသုံးမှု ဘဝ လူမှုဆောင်တာ များတွင် ခေတ်မီ စနစ်ကျနမှုများ လိုအပ်နေဆဲ ဖြစ်သည်။

ရှေးလူကြီးများ၏ ဆုံးမစကား ဖြစ်သည့် ''အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း'' ဆိုစကား ရှိခဲ့ဖူးသည်။ ထိုစကားမှာ မျက်မှောက်ကာလ လူမှုဘဝ နယ်ပယ်အတွက် အလေးထား နာခံသင့်သည့် မြော်မြင်တွက်ဆ ညွှန်းဆိုပြချက် ဖြစ်သည်။

ယနေ့ ကာလတွင် စားရေး ဟူသည့် အရေး တစ်ပါးသည် သတိထားဖွယ်ရာ ဖြစ်လာခဲ့သည်။ စားသုံးသူတို့ အတွက် ''အစားမတော် တစ်လုတ်'' ဟူသည့် သတိပေးချက် ဖြစ်လာ သကဲ့သို့ ရောင်းချ သူတို့ အနေဖြင့်လည်း ပြည်သူတို့ အကျိုးငှာ ''မလှူတတ်လျှင် ဈေးရောင်း'' ဆိုသကဲ့သို့ မွန်မြတ်သော စိတ်ထားဖြင့် သမ္မာအာဇီဝ သက်မွေးမှု ပြုကြရမည် ဖြစ်သည်။

မျက်မှောက် ကာလတွင် သတိပြုရမည့် အချက်မှာ ''ဇီဝအန္တရာယ်'' ဟုဆိုသည့် အစားအသောက် များတွင် ပါဝင်သော ပိုးမွှားနှင့် အဆိပ်အန္တရာယ် ပင်ဖြစ်သည်။ ၄င်းတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနက စနစ်တကျ သုတေသနပြု ရှာဖွေစမ်းသပ် ဖော်ထုတ်ပြ နိုင်သဖြင့် ပြည်သူတို့ အတွက် နေ့စဉ် လိုက်နာသင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ရရှိခဲ့သည်။

အန္တရာယ်ရှိ အစားအစာ ဆိုသည်မှာ အစားအသောက် တိုင်းကို မဆိုလိုဘဲ သန့်ရှင်းမှုနှင့် စနစ်တကျ မရှိမှု တို့ကြောင့် ဖြစ်ပေါ်လာသော အစားအသောက် များကို ဆိုလိုသည်။ လက်တွေ့ ဘဝတွင်လည်း လူတို့ အနေဖြင့် အလွယ်တကူနှင့် သက်သာမှုကို ရှာဖွေရယူ စားသောက် တတ်မှုတို့ ကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ဘေးထွက် ဆိုးကျိုးများ ရရှိခံစား ကြရသည်။

အစားအစာ ဟူသည် သက်ရှိ သတ္တဝါများ မှရသည့် အသားငါးနှင့် အသီးအနှံပင်များ ဖြစ်သည်။ မည်သည့် အရာဝတ္ထု ပစ္စည်းမဆို ချုပ်ငြိမ်း ပျက်စီးခြင်း သဘောရှိရာ သက်မဲ့ ဖြစ်ချိန်တွင် အချိန်ကာလ ကုန်ဆုံး သွားသည့် အတိုင်းအတာ အလျောက် ပျက်စီးယိုယွင်း တတ်သည်။ ထို့အတူ မြင်နိုင်သည့် ပိုးမွှား၊ မမြင်နိုင်သည့် ပိုးမွှားများလည်း တစ်စတစ်စ ဝင်ရောက်လာ တတ်သည်။

ထို့ကြောင့် သတိပြု စားသုံးသင့်သော အစားအသောက် များမှာ အရောင် အဆင်း အနံ့ အရသာ မပျက်သော်လည်း စနစ်တကျ ထုတ်ပိုးမှု မရှိသော စားသောက်ကုန်များ၊ လက်လုပ်ချဉ်များ၊ အသားကင်များ၊ လမ်းဘေးတွင် ရောင်းချသော အစားအသောက်များ၊ အသင့်စား အစားအသောက်၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဖြစ်သည်။

သို့ဖြစ်ရာ စားသုံးသူ အကာအကွယ် ပေးရေးကို တစ်ဖက်မှ အလေးထား ဆောင်ရွက်ပေး နေသကဲ့သို့ ရောင်းချသူနှင့် စားသုံးသူတို့ ကလည်း ''အစားမတော် တစ်လုတ်'' မဖြစ်စေရန် သတိထား ကြရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...