Social Icons

Pages

Monday, September 15, 2014

ခါကာဘိုရာဇီ တောင်တက်အဖွဲ့မှ ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်


ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မည့် 
တပ်မတော် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်အား တွေ့ရစဉ်

ပူတာအို - ခါကာဘိုရာဇီတောင် လမ်းကြောင်းပြပုံ

ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးအား ရှာဖွေကယ်ဆယ်ရေး အတွက် 
တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ်တွင် လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်ကြစဉ်

နေပြည်တော် ၊ ၁၅-၉-၂၀၁၄

ကချင်ပြည်နယ် မြောက်ဖျားပိုင်း ဒေသရှိ အမြင့် ၅၈၈၁ မီတာ မြင့်သော ခါကာဘိုရာဇီ တောင်သို့ တက်ရောက်ရန် တက္ကသိုလ် ခြေလျင် နှင့် တောင်တက် အသင်း သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း အဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဦးအောင်မြင့်မြတ် အပါအဝင် တောင်တက် အဖွဲ့ဝင် ရှစ်ဦးသည် သြဂုတ် ၁ ရက်တွင် ပူတာအိုမှ ထွက်ခွာခဲ့သည်။ တောင်တက် အဖွဲ့သည် စခန်း အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အခြေပြုစခန်း ( Base Camp ) သို့ရောက်ရှိရာ အဖွဲ့ဝင် ခြောက်ဦးသည် အခြေပြု စခန်းတွင် အခြေပြု ခဲ့ပြီး ဦးအောင်မြင့်မြတ် နှင့် ဦးဝေယံမင်းသူ တို့နှစ်ဦးမှ တောင်ထိပ်သို့ ဆက်လက် တက်ရောက် ခဲ့သည်။

ဦးအောင်မြင့်မြတ် တို့နှစ်ဦး သည် သြဂုတ် ၃၁ ရက် ညနေ ၄ နာရီတွင် ခါကာဘိုရာဇီ တောင်ထိပ်သို့ ရောက်ရှိ၍ နိုင်ငံတော် အလံအား အောင်မြင်စွာ စိုက်ထူ နိုင်ခဲ့ပြီး ၄င်းမှ အခြေပြု စခန်းသို့ ပြန်လည် ထွက်ခွာရာ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မှု စတင် ပြတ်တောက် ခဲ့သည်။

အခြေပြု စခန်းတွင် ကျန်ရှိခဲ့သော တောင်တက် အဖွဲ့ဝင် ခြောက်ဦးသည် တောင်ထိပ်သို့ တက်ရောက် ခဲ့သော တောင်တက် အဖွဲ့ဝင်နှစ်ဦး နှင့် ဆက်သွယ်မှု မရရှိ တော့ဘဲ စက်တင်ဘာ ၃ ရက်အထိ စောင့်ဆိုင်း ပြီးနောက် ပြန်လည် ထွက်ခွာခဲ့ရာ တဟုန်ဒမ်း ကျေးရွာသို့ စက်တင်ဘာ ၉ ရက်တွင် ပြန်လည် ရောက်ရှိ ခဲ့သည်။

တောင်တက် အဖွဲ့ဝင် နှစ်ဦး ပျောက်ဆုံးမှု အား သိလျှင်သိချင်း စက်တင်ဘာ ၄ ရက် နံနက် ၇ နာရီတွင် ရှာဖွေ ကယ်ဆယ်ရေး နှင့် ဆက်သွယ်ရေး အထောက်အကူ ပေးနိုင်ရေး အတွက် နောင်မွန်းတွင် ရောက်ရှိ နေသော နယ်မြေခံ တပ်မှ တပ်ဖွဲ့တစ်ဖွဲ့ အား ပန်နန်းဒင် သို့ စေလွှတ် ခဲ့သည်။ စက်တင်ဘာ ၆ ရက်တွင် တပ်မတော် ရဟတ်ယာဉ် တစ်စင်းအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် အတွက် ပူတာအိုသို့ စေလွှတ် ခဲ့သည်။

ရာသီဥတု ကောင်းမွန်ချိန် စက်တင်ဘာ ၁၁ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် နယ်မြေခံ တပ်မှ ဆက်သွယ်ရေး စစ်သည်များ၊ လေယာဉ်ဆီ၊ စားနပ်ရိက္ခာ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်၍ ပူတာအို မှ ပန်နန်းဒင် သို့ ပို့ဆောင် ပေးနိုင် ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်တွင် တပ်မတော် Y-8 သယ်ယူ ပို့ဆောင်ရေး လေယာဉ်ဖြင့် လည်း လေယာဉ်ဆီများ၊ ကယ်ဆယ်ရေး အထောက်အကူ ပစ္စည်းများ နှင့် စားနပ်ရိက္ခာ များအား ရန်ကုန်မှ ပူတာအို သို့ ပို့ဆောင်ပေး ခဲ့သည်။ စက်တင်ဘာ ၁၃ ရက်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားနပ် ရိက္ခာများ တင်ဆောင်၍ ပူတာအိုမှ ပန်နန်းဒင် သို့ ထပ်မံ ပို့ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် ဆင်းသက်၍ မရသဖြင့် ပူတာအိုသို့ ပြန်လည် ဆင်းသက်ခဲ့ ရသည်။

ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရှာဖွေ ကယ်ဆယ်ရေး နှင့် ဆက်သွယ်ရေး အထောက်အကူ ဆောင်ရွက်လျက် ရှိသော နယ်မြေခံတပ် နှင့် အခြေပြု စခန်း ( Base Camp ) မှ ပြန်လည် ထွက်ခွာလာသည့် တောင်တက် အဖွဲ့ဝင် ခြောက်ဦး တို့သည် ဂဝိုင်ရွာ မြောက်ဘက် ၄ မိုင်ခန့်အကွာ တွင် ပူးပေါင်း နိုင်ခဲ့ပြီး အဆိုပ တောင်တက် အဖွဲ့အား လုံခြုံ စိတ်ချရသော ပန်နန်းဒင် သို့ ပြန်လည် ပို့ဆောင် ပေးလျက် ရှိသည်။

ပျောက်ဆုံး နေသည့် တောင်တက် သမား နှစ်ဦးအား အမြန်ဆုံး ရှာဖွေနိုင်ရန် အတွက် တပ်မတော် အနေဖြင့် ဒေသ အာဏာပိုင် အဖွဲ့ အစည်းများ၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ၊ တောင်တက် အဖွဲ့ဝင်များ၊ ထူးဖောင်ဒေးရှင်း နှင့် ထူးကုမ္ပဏီများ အုပ်စုမှ တာဝန်ရှိ သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ နယ်မြေခံ ကျွမ်းကျင်သူများ နှင့် ပူးပေါင်း၍ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် နှင့် နယ်မြေခံ တပ်များအား အသုံးပြုကာ ရှာဖွေ ကယ်ဆယ်ရေး၊ ဆက်သွယ်ရေး နှင့် အထောက်အကူ ပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ရေး တို့တွင် ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
(၁ဝဝ)

#Themyawadydaily




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...