Social Icons

Pages

Monday, September 15, 2014

အမေစစ်တမ်း


အမေစစ်တမ်း 

မဒါလေး

တစ်နေ့ သူငယ်ချင်း တစ်ယောက် သမီးဦးလေး မျက်နှာမြင် သဖြင့် လမ်း(၃ဝ) ပေါ်ရှိ အထူးကု ဆေးရုံကြီး တစ်ခုကို ရောက်ခဲ့သည်။ သမီး မိန်းကလေး ဖွားမြင် သဖြင့် မိဘ နှစ်ပါးလုံး ပျော်ရွှင် နေကြသည်။ ကျွန်မတို့ သူငယ်ချင်း တွေလည်း ချစ်စရာ ကောင်းသော ကလေး မျက်နှာလေး ကို ကြည့်ရင်း အပျော်များ ကူးစက် ကုန်သည်။ ကလေးကို မချီခင် အရင်ဆုံး ကျွန်မတို့ လက်တွေကို ပိုးသတ် သန့်စင် ကြသည်။ နုနယ်သော ကလေးကို တစ်စုံတစ်ခု မထိခိုက် စေလိုသော ဆန္ဒဖြင့် ဖြစ်သည်။

ကလေး၏ ပုံသဏ္ဌာန်ကို ကြည့်ပြီး အမျိုးမျိုး မှတ်ချက် ပေးကြသည်။ တီတီတာတာ ချစ်စရာ စကားများဖြင့် ချော့မြှူ ကြသည်။ ကလေးမှာလည်း အလွန် ချစ်စရာ ကောင်းသည်။ အသားလေး ဖွေးပြီး ပါးနုနု လေးမှာ ပန်းရောင်သန်း နေသည်။ အို... ချစ်စရာ ကလေးငယ်လေး ပါလား။ ထို့ပြင် အပြစ် တစ်စုံတစ်ရာ မရှိပါဘဲ လောကကို ယခုမှ စတင်ဝင်ရောက် လာခဲ့သူ။ ဘဝသစ် တစ်ခုကို စတင်ရန် ယခုမှ ရောက်လာခြင်း ဖြစ်သည်။ ပျော်စရာ ဘဝလေးဖြင့် စတင်ခဲ့သော ချစ်စရာ ကလေး လေး ပါပဲ။

ဆေးရုံက အပြန် လိုအပ်သော ပစ္စည်းများ ဝယ်ရန် ရတနာပုံ အိုးရှင်းစင်တာ ကို ဝင်ခဲ့သည်။ အဝင်ဝ ကတည်းက အေးစက်တဲ့ အထိတွေ့က လာသူ အပေါင်းကို ဆွဲဆောင် လိုက်သည်။ အပြင်မှာ ကျစ်ကျစ်တောက် ပူနေသော မန္တလေးေ နကို သူက လှောင်ပြောင် နေသလိုပင်။ ဈေးဝယ်သည့် နေရာတွင် ကလေးပါသော မိဘများ ကိုလည်း တွေ့ရသည်။ တချို့ မိဘများမှာ မိမိကလေးများ လိုချင်သည့် ပစ္စည်းများကို ဂရုတစိုက် ဝယ်ပေး ကြသည်။ တချို့မိဘ များကတော့ ကလေး မလိုချင်သည့် ပစ္စည်းများ ကို ဒါပဲယူ ဒါပဲ ကောင်းသည် ဆိုကာ အတင်း ယူခိုင်း ကြသည်။ အခြေအနေ ချင်းကတော့ လူတိုင်း ထပ်တူကျ မတူညီ နိုင်ဘူး ဆိုသည်ကို သိသော်လည်း ကလေးများကို သူတို့ မနှစ်သက်သည့် ပစ္စည်းကို ကောင်းသည်ဟု ပြောတာကိုတော့ သိပ်ပြီး လက်မခံ ချင်ပေ။ အိုးရှင်းစင်တာ မှ ပြန်အထွက်တွင် အပူဒဏ်ကို အံတုရန် ဆိုင်ကယ် အပ်ထားသည့် နေရာသို့ ခပ်မြန်မြန် လျှောက်သွား မိသည်။ ထိုစဉ် ကိုယ့်နောက်မှ ''အစ်မ ကလေးနို့ ဖိုးလေး ပေးခဲ့ပါ'' ခြေလှမ်းတွေ တုံ့ဆိုင်း သွားရသည်။ တစ်လှမ်း .. နှစ်လှမ်း… သုံးလှမ်း ဆက်လျှောက် မိသည်။ ထိုစဉ်မှာပင် ကျွန်မ အတွေးတို့မှာ မိုင်ထောင်ချီ ပြေးလေပြီ။

လွန်ခဲ့သော နှစ် အနည်းငယ် က မိဘမဲ့ကျောင်း တစ်ခုသို့ သွားရောက် လှူဒါန်း ခဲ့စဉ်က ဖြစ်သည်။ လသားအရွယ် ကလေးငယ် များကို ရက်ရက် စက်စက် စွန့်ပစ်သော မိဘများကို မုန်းတီး မိသည်အထိ ကလေးများကို ကြည့်ရင်း ရင်မှာ နာကြည်း ရသည်။ ကလေးများမှာ လသားမှ သုံးလေးနှစ် အထိ ရှိသည်။ ကလေးများ ရဲ့မျက်လုံးမှာ အရောင် တောက်ပမှု အားနည်း လွန်းသည်ဟု ခံစားမိသည်။ သူတို့အတွက် သည်နေရာ သည်မိဘ အိမ် ဖြစ်သော်လည်း မိခင်၏ ရင်ငွေ့လှုံရာ နေရာတော့ မဟုတ်ခဲ့။ သူတို့ လိုသလောက် နွေးထွေးမှု ကတော့ မရနိုင်ဟု ခံစား မိသည်။ သူတို့၏ မျက်ဝန်း များတွင် မျှော်လင့်ချက် များဖြင့် ပြည့်နေသည်။ ထို မျှော်လင့်ချက် မှာ လည်း ကျွန်မတို့ ခံစား သိရှိနိုင်သော မျှော်လင့်ချက် ဟုတ်မည် မထင်။

သူတို့ တစ်ယောက်ချင်း မှာ ကဗျာ တစ်ပုဒ်စီ ရှိနေသည်။ ထို ကဗျာသည် ကာရံ ညီချင်မှ ညီမည်။ နားဝင် ခါးသော ကဗျာ တစ်ပုဒ် ဖြစ်ချင် ဖြစ်မည်။ ကြေကွဲသံများ အက်ကြောင်း ထပ်နေသော ကဗျာ ဖြစ်ချင် ဖြစ်မည်။ ဘာပဲ ဖြစ်ဖြစ် သူတို့ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကိုယ်တိုင် ရွတ်ဖတ်ကြ ရမည်။ ကလေးများ၏ ဘဝသည် မိဘများ အပေါ် တည်မှီ နေသည် ဆိုသည်ကို သည်နေရာ ရောက်တော့ ပိုမို သိရှိနားလည် လာရသည်။ တစ်ခါကလည်း ၃၅ လမ်း ခုံးကျော် ပေါ်တွင် ကလေးငယ် ချီကာ တောင်းစား နေသော အမျိုးသမီး တစ်ဦးကို တွေ့ဖူးသည်။ ထိုစဉ် အခါက သနားသဖြင့် ပေးမည် လုပ်သော်လည်း မပေးဖြစ်ခဲ့။ အတူ ပါလာသော သူငယ်ချင်းက ထို အမျိုးသမီး များမှာ မိခင်ရင်းများ မဟုတ် ကြကြောင်း ကလေးများကို ငှားထား သည်ဟု ပြောသဖြင့် ပိုမို အံ့သြ ခဲ့ရသည်။ အဘယ် သို့သော မိဘမျိုးက ကိုယ့် သားသမီး နုနုငယ်ငယ် လေးကို ယခုကဲ့သို့ ငှားစားရက် တာလဲ။ ဒါဟာ အမှန်တရား ဆိုလျှင်ဖြင့် ထိုမိဘ များသည် အဘယ်သို့ သော မိဘစာရင်း တွင် ထည့်သွင်း ရမည်နည်း။ တစ်ဖက်က မဖြစ်နိုင်ဟု တွေးမိ သကဲ့သို့ တစ်ဖက် ကလည်း ဖြစ်နိုင်စရာ အကြောင်း များစွာ ရှိနိုင်သည်ဟု စဉ်းစားမိ သည်။ အဝေးရောက် သွားမှ မပေးဖြစ် ခဲ့သည့် ပိုက်ဆံ အတွက် သနားစဖွယ် ကလေးငယ် ကိုတွေးကာ စိတ်မကောင်း ဖြစ်ခဲ့ ရဖူးသည်။

မန္တလေး နေပူရှိန်သည် ရာဇဝင် တွင်အောင်ပင် ပူလွန်း လှသည်။ အရွယ်မမယ် ကလေးငယ်မှာ ဘာမှ မသိရှာပါဘဲ သည်လို ဒုက္ခကို မိခင်ဟု ဆိုသည့် သူ့ကိုပွေ့ချီ ထားသူနှင့် အတူ ခံစားေ နရသည်မှာ အဘယ်သို့ သော ဝဋ်ကြွေးများ ပါလိမ့်။ ဘာအပြစ် တွေကိုများ ကျူးလွန် ခဲ့ပါလိမ့်။ ယခု မြင်တွေ့ ရသည့် ပုဆိုးစ အဟောင်းလေး နှင့် မိခင်ဆိုသူ လက်ထဲတွင် နေရောင်ကြောင့် မည်းနေသည့် ပါးလေး နှစ်ဖက်နှင့် နဖူးပြင်လေး၊ မဖွင့်နိုင် ဘဲ ပုတ်ခတ် ပုတ်ခတ် ဖြစ်နေသော မျက်လုံးလေး တစ်စုံ၊ နွမ်းခြောက် နေသည့် နှုတ်ခမ်းလေး။ မိခင် ဖြစ်သူကို ကြည့်မိပါက ထွက်လာသော စေတနာများမှာ ပြန်ဝင်လု ဆဲဆဲ၊ နေပူဒဏ် အောက်မှာ တစ်ချက် လွန့်လူး သွားသည့် ကလေးငယ်ကို ကြည့်ရင်း အစောက ပွေ့ချီ ခဲ့သော အနှီးဖြူဖြူ နှင့် အထူးကု ဆေးရုံမှ ကလေးငယ် လေးကို မြင်ယောင်လျက် ကလေးမိခင် နို့မထွက် သဖြင့် မိခင်နို့ ထွက်ရေး ကလေးကို နို့မှုန့်တိုက်ရန် အတွက် အဖေ အမေ အပါအဝင် ဆရာဝန်နှင့် ဆရာမများ ပါမကျန် ဂရုတစိုက် နှင့် ပြုလုပ် နေကြသည်။ ယခုတော့ သနားစရာ ကလေးငယ် အတွက် နို့ဖိုးတဲ့။ ကျွန်မ ပိုက်ဆံအိတ်ထဲ လက်နှိုက် လိုက်သည်။ ပေါ့ပါးသော လက်တစ်ဖက် ဖြင့်ပင် ကလေးမိခင် ဆိုသူကို ပေးလိုက်သည်။ ဝင်းပ သွားသော သူ့မျက်နှာ ကိုကြည့်ရင်း ကျွန်မ ပြုံးလိုက်သည်။ မချိပြုံးတော့ ကျွန်မ ပြုံးနိုင် ပါသေးသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...