Social Icons

Pages

Thursday, August 8, 2013

ဗြိတိန်နိုင်ငံ က မြန်မာနိုင်ငံကို ခရီးသွား သတိပေးချက် ထုတ်ပြန်သော်လည်း ခရီးသွား လုပ်ငန်းမြင့်တက်မှု ကို မထိခိုက်ဟုဆို

ရန်ကုန် ၊ ၈-၈-၂၀၁၃

မြန်မာနိုင်ငံ သို့ သွားရောက် ကြမည့် ဗြိတိန်နိုင်ငံသား များအနေဖြင့် ရခိုင်ဒေသ ကဲ့သို့သော နေရာများကို သွားရောက်ခြင်း မပြုရန် ဗြိတိသျှ နိုင်ငံခြားရေး ရုံးက သတိပေးချက် ထုတ်ပြန် လိုက်သော်လည်း မြန်မာ့ ခရီးသွား လုပ်ငန်း မြင့်တက်မှု ကို မထိခိုက် စေနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး က ပြောကြား ခဲ့သည်။ " နိုင်ငံတကာ ခရီးသွား ၀င်ရောက်မှုကို ဒီ ထုတ်ပြန်ချက် က လျော့မသွား စေပါဘူး ၊ မြန်မာနိုင်ငံ ကို လာရောက်တဲ့ ခရီးသွား တွေကလည်း ရခိုင်ဒေသ ကို တိုးချဲ့ ခရီးစဉ်အဖြစ် သာ သွားတာပါ ၊ ဒါကြောင့် မထိခိုက် နိုင်ပါဘူး .... " ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်း အတွင်းရေးမှူး က သုံးသပ် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ သို့ လာရောက် ကြသော နိုင်ငံတကာ ခရီးသွားများ အဓိက သွားရောက်ရာ နေရာများမှာ ရန်ကုန် ၊ ပုဂံ ၊ အင်းလေး နှင့် မန္တလေး ဒေသများ ဖြစ်ပြီး ရခိုင် ခရီးစဉ် သီးသန့် သွားသူ နည်းပါးကြောင်း သိရသည်။ အဆိုပါ ဗြိတိသျှ နိုင်ငံခြားရေး ရုံးက သတင်း ထုတ်ပြန်ချက် တွင် ချင်းပြည်နယ် မပါဝင်သော ကြောင့် ခရီးသွား လုပ်ငန်းမှာ ချင်းပြည်နယ် သို့ပါ သွားရောက်မည့် ခရီးသွားများ တိုးတက် လာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ သည် ခရီးသွား လုပ်ငန်း မြင့်တက် လာမှုကြောင့် အဓိက ခရီးသွားများ သွားရောက်ရာ မြို့ကြီးများ နှင့် ဒေသများ ဖြစ်သော ရန်ကုန် ၊ မန္တလေး ၊ ပုဂံ ၊ အင်းလေး ဒေသများတွင် ဟိုတယ် လုပ်ငန်းများ တိုးချဲ့နေပြီး ခရီးသွားများ အဆင်ပြေစွာ တည်းခိုနိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် သွားရောက် လည်ပတ်နိုင်သော ခရီးသွား နေရာနှင့် ခရီးသွား လုပ်ငန်း အမျိုးအစား အများအပြား ရှိပြီး ယဉ်ကျေးမှု ခရီးသွား လုပ်ငန်း ၊ ဂေဟ ခရီးသွား လုပ်ငန်းနှင့် အပန်းဖြေ ခရီးသွား လုပ်ငန်း စသော ခရီးသွား လုပ်ငန်း ပေါင်းစုံပြီး နှစ်စဉ် ခရီးသွား လာမှု များမှာလည်း မြင့်တက်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတကာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး လာသည်နှင့် အမျှ သွားရောက် လည်ပတ်နိုင်သော ခရီးများတွင် တိုင်းရင်းသား များ၏ နေထိုင် စာသောက်မှု ကို သွားရောက် ကြည့်ရှုသော ခရီးစဉ်များ မှာလည်း ပိုမို တိုးပွားလာကြောင်း သိရသည်။ ထိုသို့ ခရီးသွား လုပ်ငန်း နှစ်စဉ် တိုးတက် လာမှုကို နိုင်ငံတကာ ခရီးသွား လုပ်ငန်း စောင့်ကြည့်ရေး အဖွဲ့များက လည်း အသိအမှတ်ပြု ထားပြီး အမေရိကန် ကပါ မြန်မာနိုင်ငံ သည် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး လာမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံသို့ နှစ်စဉ် ခရီးသွား လာရောက်မှုမှာ ၄၀ ရာခိုင်နှုန်း မြင့်တက် လာနိုင်ပြီး ၂၀၁၂ ခုနှစ်တွင် နယ်စပ်ဂိတ် များမှ ခရီးသွား ၄ သိန်းကျောင် နှင့် လေကြောင်းလိုင်း များမှ ခရီးသွား ၆ သိန်းကျော် ၀င်ရောက် ခဲ့ပြီး ခရီးသွား ဧည့်သည့် တစ်သန်း လေးထောင် ကျော် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...