ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ ( စံပြအလှမယ်)
မော်ဒယ်လ် - စုမြတ်နိုးကျော်
ပထမ - ဇော်ဇော်ထွန်း
ယခုလ စံပြအလှမယ် ( Model ) ပြိုင်ပွဲသို့
ပြိုင်ပွဲဝင် ဓာတ်ပုံပေါင်း ၁၁၅ ပုံ အထိ စံချိန်တင် ပေးပို့ ယှဉ်ပြိုင် ကြသည်။ ပထမဆုရှင်
ဇော်ဇော်ထွန်း မှာ မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းကြီး ၏ နှစ်လည် တံခွန်စိုက် ဒိုင်းဆုကြီးကို
ဆက်တိုက် ဆိုသလို ရယူပိုင်ဆိုင် ထားပြီး ယခုထက်ထိ အသင်း၏ လစဉ် ၊ လပတ် ပြိုင်ပွဲများကို
စဉ်ဆက်မပြတ် ရိုက်ကူးပြိုင်ယှဉ် နေသူ ဖြစ်သည်။ ဆုရပုံမှာ စံပြမယ် အား ကန့်လန့်ဖြတ်
အနေဖြင့် ဖြတ်တောက် ရိုက်ကူး တင်ပြထားသည်။
ဆုရမှု အနေအထား အား အကဲခတ် ရပါက စံပြမယ်
၏ မခို့တရို့ အနေ သက်ဝင်လှုပ်ရှားမှု Mood ကို သတိပြု တွေ့မြင် နေရသည်။ မိုးတွင်း ကာလ
Outdoor ရိုက်ကူးရသည် ဖြစ်၍ အလင်းအမှောင် ထူးခြားမှုကို မတွေ့ရပါ။ နောက်ခံ အမည်းတွင်
အဝေးရိုက် မှန်ဘီလူး အသုံးပြု သော်လည်း အံ့သြဖွယ် ကောင်းစွာ ပြတ်သားမှု နှင့် အဖြူအမည်း
အနုစိတ် လက္ခဏာ လေးများကို လှပစွာ ပြသနိုင် သည်။ စံပြမယ်၏ မျက်လုံး အကြည့်နှင့် ဟန်ပန်မူရာ
တို့မှာ လိုက်ဖက် သက်ဝင်လျက် ရှိသည်။ ဓာတ်ပုံ ဆေးသားမှာလည်း စိုပြည် ကြည်လင် တောက်ပလျက်
ရှိသည်။
ဒုတိယ - နေလင်းအောင်
ဒုတိယဆုရှင် နေလင်းအောင် (ခ) ဘကြီးအောင်
မှာလည်း ဓာတ်ပုံ အသင်း၏ အနာဂတ် ဂုဏ်ထူးဆောင်မည့် အသင်းသား ဖြစ်သည်။ ဓာတ်ပုံ အသင်း၏
ပြိုင်ပွဲတိုင်းတွင် မယှဉ်ပြိုင် ဖြစ်သော်လည်း ပြိုင်ပွဲဝင် သည့် အခါတိုင်း ဆုများ
ရယူနေသည်ကို အမှတ်ထား မိပါသည်။ နေလင်းအောင် ၏ ဆုရပုံမှာ စံပြမယ် ၏ တစ်ကိုယ်လုံး ပေါ်
မတ်တတ်ရပ် အနေအထား ပုံဖြစ်သည်။ ယခုဆုရပုံ ကဲ့သို့ စံပြမယ် ၏ မတ်တတ်ရပ် ပုံပေါင်းများစွာ
ယခုပြိုင်ပွဲ သို့ ပေးပို့ တင်သွင်း ခဲ့ကြသည်။ ထိုထိုသော သံတူ ကြောင်းကွဲပုံ များစွာအနက်မှ
စံပြမယ် ၏ ဟန်ပြ လှုပ်ရှားမှု အကောင်းဆုံး အနေအထား ၊ အလင်းအမှောင် ပြတ်သား ကြည်လင်မှု
အကောင်းဆုံး နှင့် ဓာတ်ပုံ ဆေးသား အကောင်းဆုံး တို့ကြောင့် ထိုက်တန်စွာ ဆုကို ရယူခြင်း
ဖြစ်သည်။ အဝေးရိုက် မှန်ဘီလူး နှင့် ကိုယ်လုံးပေါ် မတ်တတ်ရပ်ပုံ ကို အဝေးမှ ရိုက်ကူး
ထားသော်လည်း ဆိုဖွယ် မရှိ ပြေပြစ် လှပသော ပုံကောင်း တစ်ပုံအဖြစ် တင်ပြ ရိုက်ကူး နိုင်သည်။
တတိယ - အောင်မြင့်ထွေး
တတိယဆုရှင် အောင်မြင့်ထွေး ၏ ဆုရပုံမှာ
အဖြတ် အတောက် ရဲဝံ့စွာ မကြောက်မရွံ့ တင်ပြ ထားသည်ဟု ဆိုချင်သည်။ အဝေးရိုက် မှန်ဘီလူး
တပ်ဆင် အသုံးပြု ရိုက်ကူး ထားပါ၍ မျက်နှာ အလှနှင့် လက်အနေ တို့ကို အချိုးမျှစွာ ပြသနိုင်သည်။
မျက်နှာသို့ မျှတ ပြေပြစ်စွာ အလင်းပေး ထားသည်။ မျက်လုံး အကြည့်လည်း သင့်သည်ဟု ဆိုရပါမည်။
ဘယ်ဘက် နောက်ခံ အမည်းအား ယခု အနေထက် ဖျော့၍ ပြုပြင် ကူးချဲ့ ပါက ပိုမို ကောင်းမွန်မည်ဟု
ဆိုချင် ပါသည်။
ညောင်ဦးဖိုးချို ( Hon: MPS,
FMPS, PMPS) မြန်မာနိုင်ငံ ဓာတ်ပုံအသင်း




No comments:
Post a Comment