Social Icons

Pages

Thursday, April 6, 2017

မန္တလေးစက်မှုဇုန်မှ စက်ရုံအချို့သည် နေ့ပိုင်းအချိန်များ၌ ရေဆိုး ခိုးထုတ်မှု အများအပြားရှိနေ



မန္တလေး ၊ ၆-၄-၂၀၁၇

မန္တလေးစက်မှုဇုန်မှ စက်ရုံ အချို့သည် နေ့ပိုင်း အချိန်များ၌ ရေဆိုး ခိုးထုတ်မှုများ အများအပြား ရှိနေသေးကြောင်း အဆိုပါရေဆိုးဒဏ် ခံစားနေကြရသည့် ဒေသခံများထံမှ သိရသည်။

မန္တလေး ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်ရှိ စက်ရုံအချို့သည် ည ၆ နာရီမှ နံနက် ၅ နာရီထိသာ ရေဆိုးထုတ်လွှတ်ရန် သတ်မှတ် ထားသော်လည်း လိုက်နာမှုမရှိဘဲ ရေဆိုးများကို နေ့လယ်ပိုင်းအချိန် များတွင် ခိုးထုတ်မှု ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦး ထံမှ သိရသည်။

''ခိုးထုတ်တာ၊ မထုတ်တာ ဆိုတာကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ဆိုင်သွားပြီ။ အစိုးရက ဒေသဆိုင်ရာ ညွှန်ကြားချက်တွေ ရှိတယ်။ အဲဒီလို ထုတ်ပြန်ထား တာတွေကို မလိုက်နာရင်တော့ ဥပဒေကြောင်း အရ အရေးယူ ရပါမယ်။ စွန့်ပစ်ရမယ့် ပိုက်လိုင်းထိပ်မှာ ထိုင်စောင့်ရဖို့ပဲ ရှိတယ်။ ကျွန်တော်တို့ အဲဒီလိုမျိုး သွားကြည့်ရင်လဲ ညမသွားပါဘူး နေ့ပိုင်းပဲ သွားတာပါ။ အဲဒီလို နေ့ပိုင်းသွားရင်လဲ သုံးခါသွားရင် နှစ်ခါတော့ ရေဆိုးထုတ် နေကြတာ မိတာပါပဲ။ ခိုးလွှတ် နေကြတာပါပဲ'' ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာ စောင့်ကြည့်မှုပြု လုပ်နေသည့် စိမ်းရောင်စို (မန္တလေး)မှ အတွင်းရေးမှူး ကိုမောင်မောင်ဦး က ပြောပြသည်။

မန္တလေးမြို့ရှိ စက်မှုဇုန်မှစက်ရုံ များသည် ရေဆိုး ထုတ်လွှတ်မှုကို ည ၆ နာရီမှ နံနက် ၅ နာရီထိ ၁ဝ လက်မ ပိုက်လိုင်းအတွင်းသို့ စွန့်ထုတ်ရပြီး အဆိုပါ ပိုက်လိုင်းသည် ဒုဋ္ဌဝတီမြစ် အတွင်းတွင် စွန့်ပစ်လျက် ရှိကြောင်း သိရသည်။

''ရေဆိုးခိုးထုတ်မှု တွေကတော့ ရှိနေတယ်။ ဒါကို ထိထိရောက်ရောက် အရေးယူဖို့ပဲ လိုတယ်။ စည်ပင်မှ တာဝန်ရှိသူ တွေကလဲ တောက်လျှောက် စစ်ဆေးတာတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ ကျတော့လဲ ဒီလိုဖြစ်နေတာ တွေကို ကွင်းဆင်း စစ်ဆေးတယ်။ သဘာဝ ပတ်ဝန်းကျင် ဥပဒေမှာကိုက အရေးယူရမယ်ဆိုရင် တိုင်းဒေသကြီး ဝန်ကြီးဌာနကို တင်ပြပြီးမှ လုပ်ရတာပါ။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့က စစ်ဆေးချက် ရရှိတာတွေကို ဝန်ကြီးဌာန ကို တင်ပြပါတယ်''ဟု မန္တလေး တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်း က ပြောပြသည်။

အဆိုပါစက်မှုဇုန် အတွင်းတွင် စက်ရုံပေါင်းရာချီ ဖွင့်လှစ်လုပ်ကိုင် လျက်ရှိပြီး အရက်ချက် စက်ရုံ၊ နှမ်းသန့်စင်စက်ရုံ နှင့် သားရေနယ် စက်ရုံတို့သည် ရေဆိုး ထုတ်လွှတ်မှု အများဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့ စက်မှုဇုန်(၁)နှင့် ဇုန်(၂)တို့တွင် လုပ်ငန်းအမျိုးအစား အများအပြား လုပ်ကိုင်လျက် ရှိနေပြီး BOD အများဆုံးသည် အရက်စက်ရုံ များဖြစ်ပြီး BOD နှုန်းထား ၂ဝဝဝဝ ခန့်ထိ ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...