ရန်ကုန် ၊ ၂၄-၇-၂၀၁၃
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် တွင် ရန်ကုန်
တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ် တို့သို့ စတင် တက်ရောက် ခွင့်ပြုမည့် ၀ိဇ္ဇာနှင့် သိပ္ပံ
ထူးချွန်ကျောင်းသား များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည့် အစီအစဉ်များ ရှိကြောင်း
ပညာရေး ၀န်ကြီးဌာန မှ သိရသည်။
အဆိုပါ ၀ိဇ္ဇာနှင့် သိပ္ပံထူးချွန် ကျောင်းသားများ
အတွက် ကျောင်းသား တစ်ဦးလျှင် ပညာသင် ထောက်ပံ့ကြေး အဖြစ် တစ်လ ငွေကျပ်တစ်သိန်းစီ ပေးအပ်
သွားရန်ရှိပြီး ဒုတိယနှစ်မှ စတင်၍ မေဂျာတစ်ခုလျှင် ထူးချွန် ကျောင်းသား ၃ ဦးစီ ရွေးချယ်ကာ
နိုင်ငံခြား ပညာတော်သင် စေလွှတ် သွားမည့် အစီအစဉ် များရှိကြောင်း သိရသည်။
ရန်ကုန် တက္ကသိုလ် နှင့် မန္တလေး တက္ကသိုလ်
တို့တွင် ယခုပညာသင်နှစ် မှစတင်၍ ၀ိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ် ၂၀ အတွက် ဘာသာရပ် တစ်ခုလျှင်
ကျောင်းသား ၁၅ ဦးစီ ၊ တက္ကသိုလ် တစ်ခုလျှင် ထူးချွန် ကျောင်းသား ၃၀၀ ဦးစီဖြင့် လက်ခံ
သင်ကြား သွားမည် ဖြစ်သည်။ ယင်းတက္ကသိုလ် များသို့ တက်ရောက်နိုင်မည့် ၀ိဇ္ဇာနှင့် သိပ္ပံ
သက်ဆိုင်ရာ ဘာသာရပ် အလိုက် အနိမ့်ဆုံး ၀င်ခွင့် သတ်မှတ်ချက် များမှာ ရူပဗေဒ ဘာသာ ၊
ဓာတုဗေဒ ဘာသာ ၊ သင်္ချာ ဘာသာ ၊ သတ္တဗေဒ ဘာသာ ၊ ရုက္ခဗေဒ ဘာသာ ၊ ဘူမိဗေဒ ဘာသာ နှင့် ကုန်ထုတ်
ဓာတုဗေဒ ဘာသာ များအတွက် ရမှတ် ၄၉၀ ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဘာသာ ၊ မြန်မာစာ ဘာသာ နှင့်
ဥပဒေ ဘာသာရပ် များအတွက် ရမှတ် ၄၇၀ ၊ ပထ၀ီ ဘာသာ ၊ သမိုင်း ဘာသာ ၊ စိတ်ပညာ ဘာသာ ၊ ဒဿနိက
ဘာသာ ၊ အရှေ့တိုင်း ပညာ ၊ မနုဿဗေဒ နှင့် ရှေးဟောင်း သုတေသန ဘာသာရပ်များ အတွက် ရမှတ်
၄၃၀ ၊ အင်္ဂလိပ် ဘာသာရပ် အတွက် ရမှတ် ၅၀၀ ၊ ကွန်ပျူတာ သိပ္ပံ ဘာသာရပ် အတွက် ရမှတ် ၄၈၀
နှင့် နိုင်ငံရေး သိပ္ပံဘာသာ အမှတ် ၄၇၀ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။
အဆိုပါ ထူးချွန် ဘာသာရပ်များ အတွက်
သတ်မှတ် ထားသည့် အနိမ့်ဆုံး ၀င်ခွင့် အမှတ်များမှာ အသက်မွေး ၀မ်းကျောင်း တက္ကသိုလ်များ
၏ ၀င်ခွင့် အမှတ်များထက် များစွာ မြင့်မား နေသော်လည်း ကျောင်းသား အများစုမှာ အဆိုပါ
တက္ကသိုလ် များတွင် တက်ရောက်ရန် အတွက် စိတ်အား ထက်သန်မှုများ များပြားလျက် ရှိကြောင်း
သိရှိရသည်။


No comments:
Post a Comment