Social Icons
Pages
Showing posts with label သိပ္ပံနှင့်နည်းပညာ. Show all posts
Showing posts with label သိပ္ပံနှင့်နည်းပညာ. Show all posts
Wednesday, October 31, 2018
စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်
စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)တွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ဖရင့်ပြုလုပ်
နေပြည်တော် အောက်တိုဘာ ၃ဝ
-
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာ  ဆိုင်ရာများ    အထောက်အကူပြုရန်နှင့်  လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုး  တိုးတက်ရေး ကွန်ဖရင့်(၂ဝ၁၈) "Conference on  Science  and  Technology  Development -2018  (CSTD  2018)" ဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းတွင်  ပြင်ဦးလွင် တပ်နယ်၊  စစ်တက္ကသိုလ်၊ စာပေဌာန (ဘွဲ့လွန်)ရှိ နဝဒေးခန်းမ၌ ပြုလုပ်သည်။
-
အဆိုပါကွန်ဖရင့်သို့  တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော် တက္က သိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ပါမောက္ခများ၊ ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်း တက်ရောက် နေသော သင်တန်းသား အရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တက် ရောက် လာကြသူများ နှင့်အတူ ပိုစတာပြခန်း များ၌ တပ်မတော် အရာရှိများနှင့် အရပ်ဘက် တက္ကသိုလ်များမှ  တင်သွင်းခင်းကျင်းပြသ ထားသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပိုစတာ၂၈ စောင်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဖိတ်ကြားထားသည့်   ပြည်ပ တက္ကသိုလ်များမှ ပါမောက္ခများက Keynote Speaker စာတမ်းသုံးစောင်ကို ဖတ်ကြားသည်။
-
နေ့လယ်ပိုင်းတွင်   သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနယ်ပယ်ခြောက်ခုဖြစ်သော Technological  Science၊ Environment-al Science၊ Information Technology၊ Manufacturing and  Automation၊ Energy  and Environment နှင့် Communication and Transportation ခေါင်းစဉ်များဖြင့် အခန်း ရှစ်ခန်းတွင် ဖိတ်ကြား ထားသော အထူး စာတမ်းရှစ်စောင်နှင့်  D.Sc ဘွဲ့၊ Ph.D ဘွဲ့၊ မဟာဘွဲ့ ရရှိပြီးသော အရာရှိများနှင့် ဆရာ၊ ဆရာမများ၊ တပ်မတော် တက္ကသိုလ်၊ အရပ်ဘက် တက္ကသိုလ်နှင့် ပြည်ပ တက္ကသိုလ်များ၌ D.Sc ဘွဲ့၊  Ph.D ဘွဲ့နှင့် မဟာ ဘွဲ့တက် ရောက်နေသူများ တင်သွင်းသော  စာတမ်း ၆၄ စောင်တို့ကို ဖတ်ကြားကြရာ ယနေ့တွင် စုစုပေါင်း စာတမ်း ၇၅ စောင် ဖတ်ကြားကြသည်။
-
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေး ကွန်ဖရင့်ကို အောက်တိုဘာ ၃၁ ရက်အထိ ဆက် လက်ပြုလုပ် သွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်းသုံးစောင် နှင့် အထူး စာတမ်းရှစ်စောင် အပါအဝင် စုစုပေါင်း စာတမ်း ၆၇ စောင်ကို ဆက်လက် ဖတ်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Monday, May 7, 2018
ကျေးလက်ဒေသ များအတွက် သောက်သုံးရေ PH တိုင်းတာရေး ကိရိယာကို ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသားငါးဦးက တီထွင်
pH Level တိုင်းတာသည့် ကိရိယာကို တွေ့ရစဉ်။
နေပြည်တော် ၇-၅-၂ဝ၁၈
မြန်မာနိုင်ငံမှ ကျေးလက်ဒေသများတွင် သောက်သုံးရေ၏ PH Level ကို တိုင်းတာပေးမည့် စံတိုင်းတာရေး ကိရိယာကို ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာ စီးတီးမှ ကျောင်းသား ငါးဦးက ယခုနှစ်အတွင်း တီထွင်နိုင်ခဲ့ကြောင်း အဆိုပါကျောင်းသား ငါးဦးထဲမှ Electronic Engineering နောက်ဆုံးနှစ် ကျောင်းသား မောင်ထက်ဝေလင်းက ပြောပြ၍ သိရသည်။
သောက်သုံးရေ PH တိုင်းတာရေး ကိရိယာကို မြန်မာနိုင်ငံ၏ အစွန်အဖျားရှိ ကျေးလက်ဒေသများမှ သန့်ရှင်းသည့် သောက်သုံးရေကို အလွယ်တကူတိုင်းတာ သိရှိကာ သောက်သုံးနိုင်ရန်အတွက် ကျောင်းတွင်းပြိုင်ပွဲတွင် တီထွင်ခဲ့ပြီး ပထမဆုရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါကျောင်းတွင်း ပြိုင်ပွဲတွင် ပြိုင်ပွဲ၏ခေါင်းစဉ် ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်မှ တက္ကဆက် ANM ဦးစီး၍ ပြုလုပ်ပေးခြင်းအပေါ် ၄၈ နာရီအတွင်း တီထွင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" ဒီနှစ်ဖေဖော်ဝါရီလ ပြိုင်ပွဲမှာ ဒီပစ္စည်းကို တီထွင်ခဲ့တာပါ။ ဒီပစ္စည်းကို လုပ်ဖို့စိတ်ကူး ရခဲ့တာက ကျွန်တော်တို့ဌာနမှူး ကလဲပြောထားတာ ရှိပါတယ်။ ကျေးလက်ဒေသမှာရှိတဲ့ သူတွေအတွက် ကျန်းမာရေး၊ လူနေထိုင်မှုတို့အတွက် ဘယ်လိုပစ္စည်းကို လုပ်မလဲဆိုပြီးပေါ့။ ဒါကြောင့် ကျန်းမာရေးအတွက် စဉ်းစားပြီး ဒီပစ္စည်းကို လုပ်ဖြစ်ခဲ့တာပါ။ ဒီပစ္စည်းက အသင့်သောက်နိုင်တဲ့ ရေအဆင့် ရှိ၊ မရှိကိုပဲ တိုင်းတာပေးမှာပါ။ ပိုးတွေဘာတွေတော့မတိုင်းတာပေးနိုင်ပါဘူး"ဟု မောင်ထက်ဝေလင်းက ဆက်လက်၍ ပြောပြသည်။
လက်ရှိတွင် သောက်သုံးရေ pH Level တိုင်းကိရိယာများကို ဆက်လက်ထုတ်နိုင်ရန် အတွက် အိန္ဒိယနိုင်ငံမှ အဖွဲ့အစည်းတစ်ခုကို အကူအညီတောင်းခံ ထားကြောင်း၊ ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နိုင်ငံတော်အစိုးရ၏ အကူအညီ လိုအပ်နေကြောင်း Electronic Engineer နောက်ဆုံးနှစ် ကျောင်းသား မောင်ထက်ဝေလင်းက ပြောပြ၍ သိရသည်။
ထို့ပြင် Team EDU-LIGHTER ဟုသိထားကြသည့် ရတနာပုံဆိုက်ဘာ စီးတီးမှကျောင်းသား ငါးဦးကထပ်မံ၍ လျှပ်စစ်မီး အကန့်အသတ်ဖြင့်ရရှိသော ဒေသများရှိ ကျောင်းသားများ ညအခါတွင် စာကြည့်ရန် အလင်းရောင် ရရှိစေမည့် ခြေဖြင့်နင်းရသော လျှပ်စစ်ဓာတ်အား ထုတ်စက်လည်း ဖန်တီးတီထွင်ထားကြပြီး ဖြစ်ကြောင်း၊ ၎င်းပစ္စည်းကို တီထွင်သည့်အနေဖြင့် တီထွင်သူကျောင်းသား ငါးဦးကို အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
Saturday, February 18, 2017
နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားသော Pal-V ကားပျံတစ်မျိုးကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖြန့်ချိမည်
အစ်စတာဒမ် (၁၈-၂-၂၀၁၇)
.
နယ်သာလန် နိုင်ငံကုမ္ပဏီတစ် ခု က ထုတ်လုပ် ထားသော Pal-V ဟု ခေါ်သော ကားပျံတစ်မျိုးကို ၂ဝ၁၈ ခုနှစ်  နှစ်ကုန်ပိုင်း တွင်စတင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ 
.
လက်ရှိ အချိန်တွင် Pal-V ကကြိုတင်မှာ ယူမှုများကို လက်ခံ ပြီး၂ဝ၁၈ခုနှစ် နှစ်ကုန်ပိုင်းတွင် မှာယူသူများထံသို့ ပို့ဆောင်သွားပြီး ဖြန့်ချိရောင်းချ မှုများစတင် သွားမည်ဖြစ်ကြောင်း သိရသည်။ 
.
ရောင်းချသွားမည့် Pal-V မော်ဒယ်များမှာ ကားလမ်းနှင့် လေကြောင်းတွင် သွားလာရန် အတွက်မှတ်ပုံတင် ပြီးသားဖြစ်၍ မောင်းနှင်သူများက လေယာဉ် အသေးစားမောင်း နှင်ရန် ခွင့်ပြုချက် လက်မှတ်တစ် စောင်လိုအပ် ကြောင်း သိရသည်။ 
.
Pal-V ကားပျံများသည် လူနှစ်ဦး ထိုင်နိုင် ရန်အတွက် ထိုင်ခုံနှစ်လုံး ပါဝင်ပြီး ဟိုက်ဘရစ်ကားများ ဖြစ်ကြောင်း သိရသည်။ ကုန်းလမ်းပေါ် သွားနေ ချိန်တွင် Pal-V ကားများက ဘီးသုံးဘီး ပါသော ဆိုင်ကယ်တစ်စီး နှင့်တူပြီး လေပေါ်သို့ ပျံသန်းလိုပါက မိမိ၏ ထိန်းချုပ်မှုဖြင့် ဆယ်မိနစ်အတွင်း ရဟတ်ယာဉ် တစ်စင်းသို့ ပြောင်းလဲ နိုင်ကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်း (၁၈-၂-၂၀၁၇)
.
#Themyawadydaily
Android Wear 2.0 အသုံးပြုထားသော စမတ်နာရီများ မိတ်ဆက် ခဲ့သည့် LG
.
Google နှင့် ပူးပေါင်းဖန် တီးထားသည့် watch Style နှင့် Watch Sport စမတ်နာရီ တို့ကို LG က မိတ်ဆက်ပေးလိုက် ပြီဖြစ်သည်။ ယင်းထုတ်ကုန် နှစ်မျိုးစလုံးမှာ Andriod Wear 2.0 အသုံးပြုထားသည့် ပထမဆုံး စမတ်နာရီများ ဖြစ်သည်။
.
LG Watch Style က အရွယ် သေးငယ်ပြီး ဈေးနှုန်းသက်သာ သည့်ဗားရှင်းကို အသုံးပြုထားသည်။ အဝိုင်းပုံစံ ၁ ဒသမ၂ လက်မ 360x360 Resolution P-OLED display၊ ambient light sensor ၊ Bluetooth နှင့် Wi- Fi  တို့ အသုံးပြုနိုင်သည်။
.
Snapdragon Wear 2100 chipset ကို အသုံးပြုထား RAM 512 MB ၊ Storage 4 GB နှင့် Battery မှာ 240 mAh ဖြစ်ကာ ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်သည်။ Watch Style မှာ Stainless Steel ကိုယ်ထည် နှင့်သားရေ လက်ပတ်တို့ ပါဝင်ကာ IP67 အဆင့် ရေစိုဒဏ်ခံနိုင်ပြီး တန်ဖိုးအားဖြင့်Titanium နှင့် Silver  အတွက် အမေရိကန် ဒေါ်လာ ၂၄၉ ဒေါ်လာဖြစ်ကာ Rose Gold အတွက် အမေရိကန် ဒေါ်လာ ၂၇၉ ဒေါ်လာ သတ် မှတ်ထားသည်။
.
ွှWatch Sport သည် ၁ ဒသမ ၃ လက်မ 480x480ျ Resolution P-OLED display ၊ Snapdragon Wear 2100 chipset ၊ RAM 768 MB ၊ storage 4 GB နှင့် 430mAh ဘက်ထရီ တို့ပါဝင်ကာ၊ Bluetooth ၊ Wi-Fi၊ LTE ၊ GPS ၊ NFC ၊ heart rate monitor၊ barometer နှင့် ambient light sensorကိုထည့်ပေးထားသည်။Watch Sport ၏ရေစိုဒဏ်ခံနိုင်သည့်အဆင့်မှာ IP68 ဖြစ်ကာ အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာ ကျသင့် မည်ဖြစ်သည်။
.
Watch Style ကို Google Store အပြင် Best Busyှ ၌လည်း ဝယ်ယူနိုင်ကာ Watch Sport ကိုAT&T နှင့် Verizon ၌ ရောင်းချ မည်ဖြစ်သည်။ 
.
စမတ်နာရီ နှစ်မျိုးစလုံးကို အမေရိကန် နိုင်ငံ၌ စတင်ရောင်းချ မည်ဖြစ်ပြီး ကနေဒါ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ယူအေ အီးနှင့် ဗြိတိန်နိုင်ငံတို့၌ လာမည့်ရက် သတ္တပတ် အနည်းငယ်အတွင်း ရောင်းချ သွားမည်ဖြစ် ကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်း (၁၂)
.
#Themyawadydaily
Monday, February 13, 2017
ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်
NASA Has Finally Built a Computer Chip To Survive on Venus
ဝါရှင်တန် ၊ ၁၃-၂-၂၀၁၇
နေအဖွဲ့ အစည်း အတွင်း မျက်နှာပြင် အပူချိန်အပူဆုံး ဖြစ်သည့် ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 
ပြီးခဲ့သော ဆယ်စုနှစ်များ အတွင်းက အာကာသစူးစမ်း လေ့လာရေး သိပ္ပံပညာရှင်များသည် ကမ္ဘာနှင့်ပို၍ နီးသော ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အလှမ်းကွာဝေးသည့် အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာ နေခဲ့ကြသည်မှာ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန် မြင့်မားလွန်း၍ ဖြစ်ကြောင်း၊ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန်သည် နေအဖွဲ့ အစည်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ မညသည့်ကွန်ပျူတာ၊ မည်သည့်နည်းပညာ၊ မည်သည့်ကိရိယာ များကို ဗီးနပ်စ်ဂြိုဟ်ပေါ်၌ နာရီအနည်းငယ်ထက် ပို၍ အသုံးပြုနိုင်မည် မဟုတ်သည့် အတွက် ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အင်္ဂါဂြိုဟ်ကိုသာ စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ နာဆာသုတေသီ များက ကွန်ပျူတာချစ်ပြား အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ပြီး အအေးပေးစနစ် သို့မဟုတ် အပူဒဏ်ကို ကာကွယ်ပေးသည့် စနစ် လုံးဝမပါရှိဘဲ ဖိအားနှင့် အပူချိန် မြင့်မားသည့် ဗီးနပ်စ်ဂြိုဟ်ပေါ်ရှိ အခြေအနေနှင့် တူညီရန် ဖန်တီးကာ စမ်းသပ်ကြည့်ခဲ့ရာ ၎င်းကွန်ပျူတာ ချစ်ပြားမှာ ခံနိုင်ရည်ရှိခဲ့ကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ
Thursday, February 9, 2017
ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်
ရန်ကုန် ၊ ၉-၂-၂၀၁၇
အကြောင်း အမျိုးမျိုးကြောင့် ရင်သွေးမရ နိုင်သူများ ဖန်ပြွန်သန္ဓေသား နည်းဖြင့် ရင်သွေးယူနိုင်ရန် ရန်ကုန်မြို့၌ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု လာရောက် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
''သဘာဝနည်းနဲ့ ကလေးမရနိုင်တဲ့ မိခင်တွေအတွက် IVF (In-Vitro Fertilization) နည်းပညာနဲ့ ကလေးရအောင် ကျွန်တော်တို့ ကုသပေးမှာပါ။ မြန်မာနိုင်ငံမှာပဲ ဒီနည်းနဲ့ကုသ နိုင်မယ်ဆိုရင် အချိန်ရော၊ လူရော၊ေ ငွကြေးကုန်ကျမှု တွေပါ လျော့နည်း သက်သာပြီး အကျိုးဖြစ်ထွန်း စေပါတယ်။ နိုင်ငံခြားမှာ အကြာကြီး သွားနေစရာ မလိုဘဲနဲ့ မြန်မာနိုင်ငံမှာပဲ ဒီနည်းပညာကို မိတ်ဆက်ပေး ပါမယ်။ ပြီးရင် မြန်မာနိုင်ငံက ဆရာဝန်တွေကိုလည်း လေ့ကျင့် ပေးသွားမှာပါ'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Phloenchit Medical Center Co.,Ltd. ၏ Life Science Center တာဝန်ရှိပုဂ္ဂိုလ် Mr. Chad Teo က ပြောသည်။
''ဒီက သားဖွားမီးယပ် ဆရာဝန်တွေကို ထိုင်းနိုင်ငံမှာ Training နှစ်နှစ်လောက်တော့ အနည်းဆုံး ပေးရပါမယ်။ ဒီ IVF Center ဖွင့်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို ယူပြီး နိုင်ငံခြားက Training ပြီးတော့မှ ဒီမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် Treatment ပေးဖို့ကတော့ Medical Council ကနေ ခွင့်ပြုချက် ရပြီးရင် လုပ်ပေးလို့ရ ပါတယ်။ တကယ်လို့ လူနာတွေက Contact လုပ်ချင်တယ်ဆိုရင် ရုံးဖွင့်ချိန်ကျရင် ဖုန်းနံပါတ်တွေကို မီဒီယာမှာ ကြော်ငြာပေး ပါမယ်'' ဟု Mr. Chad Teo က ဆက်လက် ပြောသည်။
လက်ရှိတွင် ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရွက်လိုသူ များနှင့် ဆွေးနွေးတိုင်ပင် လိုသူများကို ရှင်းလင်းဆွေးနွေး ပေးမည်ဖြစ်ပြီး ၄င်းလူနာများ အနက် IVF မလုပ်မီဆောင်ရွက် သင့်သည်များ ကိုလည်း ကြိုတင် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
လူနာများ အနေဖြင့် နိုင်ငံခြားသွား လိုပါက ပို့ဆောင်ပေး မည်ဖြစ်ပြီး ၄င်းတို့၏ Science Center တွင် သန္ဓေသား ထည့်ကာ သားလောင်းသည် မိခင်ကိုယ်တွင်း၌ ကျန်းကျန်းမာမာ ရှိချိန်တွင် မိခင်အား ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်းနှင့် မိခင်အနေ ဖြင့်လည်း ရန်ကုန်၌ ကျန်းကျန်းမာမာ မွေးဖွားနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)
Monday, January 2, 2017
ဧရာမလေဆာကိရိယာသဖွယ် ပြုမူနေသော လှပသည့် Galaxy တစ်ခုကို တွေ့ရှိ
လန်ဒန် ၊ ၂-၁-၂၀၁၇
နာဆာပိုင် Hubble အာကာသ တယ်လီစကုပ်ကြီး က မှင်သက် အံ့သြဖွယ် ကောင်းလောက်အောင် လှပပြီး ဧရာမလေဆာ ကိရိယာသဖွယ် ပြုမူလျက်ရှိသော ဂလက်ဆီ အမှတ် IRAS 16399-0937 ကို ၂ဝ၁၆ ခုနှစ်၏ နောက်ဆုံး ဓာတ်ပုံအဖြစ် ရိုက်ကူး မှတ်တမ်းတင် ခဲ့ကြောင်း သိရသည်။
IRAS သည် မျက်စိဖြင့် မြင်နိုင်သော လေဆာရောင်ခြည် ကို လွှတ်ထုတ်နေခြင်း မဟုတ်ဘဲ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည်ကို အဆက်မပြတ် လွှတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ၄င်းဂလက်ဆီ သည် စကြဝဋ္ဌာ အတွင်းရှိ ဂလက်ဆီများ အနက် ထူးခြားမှု အလွန်များနေပြီး Megamaser Galaxy အမျိုးအစား ဖြစ်ကြောင်း နာဆာ သုတေသီတစ်ဦး က ရှင်းပြသည်။
IRAS သည် အခြားသော Megamaser Galaxy များထက် အဆပေါင်းသန်း ၁ဝဝ ထက်မနည်း ပို၍ တောက်ပကြောင်း၊ အခြားဂလက်ဆီ များတွင် မော်လီကျူး တိမ်တိုက် အချို့သာ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည် ကို လွှတ်ထုတ် နေသော်လည်း IRAS မှ ဂလက်ဆီ တစ်ခုလုံးက ၄င်း ဓာတ်ရောင်ခြည်ကို လွှတ်ထုတ်နေခြင်း ဖြစ်သည့်အတွက် အလွန် တောက်ပနေခြင်း ဖြစ်သည်။
IRAS သည် ကမ္ဘာနှင့် အလင်းနှစ် သန်းပေါင်း ၃၇ဝ ထက်မနည်း ကွာဝေးကြောင်း၊ ယခင် ကတည်းက စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ် ရိုက်ကူးရရှိသော ဓာတ်ပုံမှာ အကောင်းဆုံး ဓာတ်ပုံဖြစ်ကြောင်း၊ Hubble အာကာသ တယ်လီစကုပ် ပေါ်ပါရှိသော ကိရိယာနှစ်မျိုးကို တွဲဖက် အသုံးပြုကာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ပုံရိပ်များအရ ၄င်းဂလက်ဆီတွင် နျူကလိယ နှစ်လုံး ပါရှိသည်ကို တွေ့ရှိခဲ့ကြောင်း ၊ ဆိုလိုရင်းမှာ ၄င်းသည် ဂလက်ဆီနှစ်ခု တိုက်မိပြီး ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသော ဂလက်ဆီ ဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါ နျူကလိယ နှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး အလင်းနှစ်ပေါင်း ၁၁ဝဝဝ ထက်မနည်း ကွာဝေးကြောင်း၊ ရိုက်ကူးထားသော ပုံရိပ်ထဲတွင်မူ တစ်နေရာတည်း နီးပါးတွင် တည်ရှိနေသည့် အလား ပေါ်လွင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 
မြ၀တီနေ့စဉ်သတင်းစာ
Monday, December 19, 2016
Microsoft က ကွန်ပျူတာများကို စကားပြောတတ်အောင် လေ့ကျင့်ပေးမည်
ဝါရှင်တန် ၊ ၁၉-၁၂-၂၀၁၆
Microsoft ကုမ္ပဏီက ကွန်ပျူတာများ စကားပြော နိုင်အောင် လေ့ကျင့်ပေးမည့် MS Marco Data Set ကိုအခမဲ့ ထုတ်လုပ်ဖြန့် ချိပြီးစက်ပစ္စည်းနှင့်လူသားတို့ အကြား အပြန်အလှန် ဆက်ဆံမှုကို ပို၍တိုးတက်ေ ကာင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ data set ကို MS Marco ဟု အတိုကောက် ခေါ်ပြီး အပြည့်အစုံမှာ Microsoft Machine Reading Comprehension Data Set ဖြစ်ကြောင်း၊ မေးခွန်းပေါင်း ၁၀၀၀၀၀ ကိုအဖြေနှင့် တကွ ထည့်ထားကြောင်း၊၄င်းဒေတာကို ကွန်ပျူတာ များတွင် ထည့်သွင်းပေးမည် ဖြစ်ကြောင်း၊ ထိုအခါ လူသားတို့ က ကွန်ပျူတာကို နူတ်ဖြင့်ဖြစ်စေ၊ စာရိုက်၍ ဖြစ်စေ ဆက်သွယ်မေးမြန်း ပြောဆိုသောအခါ ယခင်ကထက် ပို၍ အဆင်ပြေ လွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။ 
" Microsoft အနေနဲ့  အခြား အဖွဲ့ အစည်း တွေနဲ့ အလုပ်လုပ်ရာမှာ သော်လည်းကောင်း၊ စက်ပစ္စည်း တွေရဲ့  ဉာဏ်ရည် အတုကို ပိုကောင်းအောင် ဖန်တီးရာမှာ လည်းကောင်း၊ တိုးတက် ကောင်းမွန်စေတဲ့ ရည်ရွယ်ချက်နဲ့  MS Marco ကိုထုတ်လုပ် ဖြန့် ချိရခြင်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အထိ လူတွေ အမေးအများဆုံး မေးခွန်းတွေကို Microsoft ရဲ့  Bing Search Engine နဲ့  Cortana Virtual Assistant တွေကနေ စုစည်းရယူခဲ့တာ ဖြစ်ပါတယ် " ဟု Microsoft မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 
" အခုအချိန်မှာ အဲဒီဒေတာကို အခမဲ့ download လုပ်ခွင့် ပေးထားပါတယ်။ စီးပွားရေးနဲ့ လုပ်ငန်းအတွက် မဟုတ်ဘဲ တစ်ကိုယ်ရည်သုံး လိုသူတွေ အတွက်ပါ။ အခြားခြားသော လေ့ကျင့်ရေး ဆိုင်ရာ အချက်အလက် တွေကိုလည်း အခုလိုပဲအခမဲ့ ဖြန့် ဝေ သွားပါမယ်။ ဒါပေမယ့် လုပ်ငန်း၊ ကုမ္ပဏီ၊ ရုံး၊ အဖွဲ့ အစည်း တွေကတော့ ကျသင့်တဲ့ အခကြေးငွေ ပေးပြီး ၀ယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 
လတ်တလောတွင် Ms Marco ကို Image Net က စတင်အသုံးပြု နေပြီဖြစ်ကြောင်း၊ ကွန်ပျူတာက ဓာတ်ပုံများကို မှတ်မိအောင် လေ့ကျင့်သင်ကြား ပေးနေပြီ ဖြစ်ကြောင်း၊ Microsoft က ဓာတ်ပုံကို မှတ်သားသည့် နည်းပညာအား Microsoft Computer Vision API ဆော့ဖ်ဝဲဖြင့် ဆောင်ရွက်ပေး နေကြောင်း သိရသည်။
Microsoft's new MS MARCO dataset may help AI systems talk like humans
မြ၀တီနေ့စဉ်သတင်းစာ 
Wednesday, November 30, 2016
ဒရုန်းကာကွယ်ရေး အတွက် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထား
THIS DRONE GUN KNOCKS DRONES OUT OF THE SKY GENTLY, WITH RADIO WAVES
ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆
ဒရုန်း ခေတ်စားလာသည် နှင့်အမျှ ဝယ်ယူ အသုံးပြုမှု များလာပြီး လေဆိပ်နှင့် အခြား အရေးကြီးသော နေရာများတွင် ပျံသန်းခြင်း၊ လူနေအိမ်ခြေ များတွင် ကျူးကျော် ဝင်ရောက်ခြင်း၊ မသမာသူ များက ဗုံးလက်နက် အစရှိသည် တို့ကိုလည်း ဒရုန်း တပ်ဆင် ထားခြင်းတို့ ပြုလုပ် လာကြသည့် အတွက် ယခုအခါ အမေရိကန် နည်းပညာရှင် များက ဒရုန်းများကို ၁ ဒသမ ၃ မိုင် အကွာအဝေး ထိ ပစ်ချနိုင်မည့် တာဝေးပစ် Drone Gun ကို ထုတ်လုပ်ထားပြီ ဖြစ်ကြောင်း သိရသည်။
'' Drone Gun ဟာ တခြားသော ဒရုန်းဖျက်ကိရိယာ တွေလိုပဲ ရေဒီယိုလှိုင်း တွေကို ဒရုန်းဆီ ပစ်လွှတ်ပါတယ်။ ဒရုန်းအတွက် မြေပြင်ထိန်းချုပ်ရေး စက်ကလာတဲ့ ထိန်းချုပ်မှုပိုင်းက လှိုင်းတွေနဲ့ ရောထွေး ရှုပ်ယှက်ခတ် ကုန်ပါတယ်။ အဲဒီအခါ ပိုင်ရှင်ဖြစ်သူက သူ့ဒရုန်းကို ဆက်ပြီး ထိန်းမထား နိုင်တော့ဘဲ ဒရုန်းပျက်ကျလေ့ ရှိပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြသည်။
လက်ရှိအချိန်တွင် ဈေးကွက်၌ Battelle Drone Defender ဟူသည့် ပခုံးထမ်း ဒရုန်းပစ် လက်နက်ရှိကြောင်း၊ ထို့ပြင် Anti UAV ကာကွယ်ရေးစနစ် ထည့်သွင်း ထားသော ဒရုန်း ကာကွယ်ရေး စက်များလည်း ပါရှိကြောင်း၊ Drone Gun သည် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဝင်လာသည် နှင့် တစ်ပြိုင်နက် ၄င်းအရာကို ချက်ချင်း ပစ်ချနိုင်မည့် စွမ်းပကား ရှိကြောင်း သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Rain Cube ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်မည့် ရေဒါစလောင်းကို ဘူးငယ်တစ်ခုတွင် ဆံ့အောင်သွင်းပြနိုင်မည့် အင်ဂျင်နီယာဖိတ်ခေါ်
ဝါရှင်တန် ၊ ၃၀-၁၁-၂၀၁၆
၂ဝ၁၇ခုနှစ်တွင် လွှတ်တင်ပြီး ကမ္ဘာပေါ်တွင် မိုးရွာသွန်းမှုနှင့် နှင်းကျမှုပမာဏ ကို အာကာသမှ တိုင်းတာပေးမည့် Rain Cube  ကုဗပုံဂြိုဟ်တုငယ်တွင် တင်ဆောင်သွားမည့် ရေဒါစလောင်းကို အိုရီဂါမီ စက္ကူခေါက်နည်း အတိုင်းခေါက်ကာ ဘူးငယ် တစ်ခုတွင် ဆံ့အောင် သွင်းပြနိုင်မည့် အင်ဂျင်နီယာ ထွက်ပေါ်လာရန် နာဆာက ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပလျက် ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂြိုဟ်တုစလောင်း များသည် အရွယ်အစား ကြီးလျှင်ကြီးသည့် အလျောက် ရေဒီယိုလှိုင်း များကို ပို၍ ဖမ်းယူခြင်း၊ ထုတ်လွှင့်ခြင်း တို့ကို ပြုလုပ်ပေး နိုင်ကြောင်း၊ ၄င်းရေဒီယိုလှိုင်း များကို ဆက်သွယ်ရေးအတွက် အသုံးပြုကြောင်း၊ သို့သော် ၄င်းရေဒီယိုလှိုင်း များ၏ လုပ်ဆောင်ချက်သည် ရှုပ်ထွေးသည့် အတွက် အင်ဂျင်နီယာ များက ၄င်း ဆက်သွယ်ရေး ရေဒီယိုလှိုင်းများ လှုပ်ရှား သွားလာပုံကို မှော်အတတ် Black Magic ဟု အမည်ပြောင် ပေးထားကြောင်း၊ ယခု ရှုပ်ထွေးသည့် ရေဒီယိုလှိုင်းများ ထုတ်လွှင့်ပေးသည့် ဂြိုဟ်တုစလောင်း ကို ကွေကာအုပ် ဘူးငယ် အရွယ်အစား ရသည်ထိ ခေါက်သိမ်းနိုင်မည့် နည်းပညာကို လိုအပ်နေခြင်း ဖြစ်ကြောင်း၊ ထိုမျှ အရွယ်အစား သေးငယ် ပေါ့ပါးမှသာ ဖော်ပြပါ Rain Cube တွင် တင်ဆောင်သွား နိုင်ရန် အဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Rain Cube သည် Cube Sat အမျိုးအစား ဂြိုဟ်တုငယ် ဖြစ်ကြောင်း၊ အာကာသယာဉ် နှင့် ဂြိုဟ်တုများ လွှတ်တင်ရာတွင် အရွယ်အစားနှင့် အလေးချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် ရှေ့ပြေး ဆောင်ရွက်မှု အနေဖြင့် ကွေကာအုပ်ဘူး သာသာရှိသော Rain Cube ဂြိုဟ်တုတွင် တပ်ဆင် ထားမည့်စလောင်းကို ၄င်းဂြိုဟ်တုထဲတွင် ပြန်ခေါက်ပြီး သိမ်းနိုင်စေရန် ဒီဇိုင်းရေးဆွဲ စေခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Monday, November 21, 2016
တရုတ်နိုင်ငံက X-Ray ရောင်ခြည်ဖြင့် ထိန်းချုပ်ပေးမည့် နက်ရှိုင်းအာကာသဂြိုဟ်တု XPNAV 1 ကို လွှတ်တင်နိုင်ခဲ့
ပေကျင်း ၊ ၂၁-၁၁-၂၀၁၆
ကမ္ဘာတွင် ပထမဆုံးအကြိမ် အဖြစ် မြေပြင်မှ ထိန်းချုပ်မည် မဟုတ်ဘဲ အလှမ်းဝေးကြယ် များက X-Ray ရောင်ခြည်များဖြင့် လမ်းကြောင်း ထိန်းချုပ်ပေးမည့် နက်ရှိုင်း အာကာသ ဂြိုဟ်တု XPNAV 1 ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
XPNAV 1 ကို တရုတ်နိုင်ငံ က လူလိုက်ပါမည့် လ စူးစမ်းလေ့လာရေး လုပ်ငန်းနှင့် အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်မည့် စူးစမ်း လေ့လာရေးယာဉ် စီမံချက်တို့ အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဂြိုဟ်တုကို LONG MARCH 11 ရော့ကက် ဖြင့် ဂိုဘီ သဲကန္တာရ အတွင်းရှိ JIUQUAN ဒုံးလွှတ်စင်မှ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထူးခြားမှုသည် ကမ္ဘာမြေပြင်မှ ထိန်းချုပ်မည် မဟုတ်ဘဲ နက်ရှိုင်း အာကာသထဲမှ ကြယ်များက ထုတ်လွှင့်သော X-Ray ရောင်ခြည်လှိုင်း ကြိမ်နှုန်းများကို အသုံးပြုကာ ကိုယ်တိုင် လမ်းကြောင်း ရှာသွားမည် ဖြစ်ကြောင်း၊ ၄င်းစနစ်သည် နာဆာ၏ SEXTANT ဂြိုဟ်တုထက်ပင် သာလွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
XPNAV 1 သည် X-Ray လှိုင်းတိုများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း၊ ၄င်းလှိုင်းတို များက ကြယ်များက ထုတ်လွှင့်သော လှိုင်းတိုများနှင့် အချိန် ခြားနားခြင်းကို ဖော်ပြပေး နိုင်မည်ဖြစ်ကြောင်း၊ အာကာသယာဉ် က ၃ ဒသမ ၁ မိုင်အတွင်း ၄င်းလှိုင်းကြိမ်နှုန်း ၏ တည်နေရာကို သိရှိနိုင် ကြောင်း၊ တည်ငြိမ်စွာ ခုန်နေသော လှိုင်းကြိမ်နှုန်း များကို ရှာဖွေတွေ့ရှိ ခြင်းသည် နက်ရှိုင်း အာကာသ အတွင်း လမ်းကြောင်းရှာရန် အလွန် အဆင်ပြေသော နည်းစနစ်တစ်ခု ဖြစ်ကြောင်း သိရသည်။
စီစဉ်ထားသည့် အတိုင်း အောင်မြင်လျှင် XPNAV 1 သည် အာကာသထဲရှိ X-RAY DATABASE ကိုလည်း တည်ဆောက် သွားမည်ဖြစ်သည့် အပြင် ၄င်းဒေတာကို အသုံးပြုကာ ၄င်းရောက်ရှိ  နေသောတည်နေရာ၊ လားရာအရပ် အစရှိသည် တို့ကို ဖော်ပြ ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Thursday, November 17, 2016
Google က အထူးစီစဉ်ထုတ်လုပ် ထားသော WiFi လွှင့်စက် ကြိုတင်မှာယူမှုကို စတင်လက်ခံနေ
ဝါရှင်တန် ၊ ၁၇-၁၁-၂၀၁၆
အီလက်ထရွန်နစ် ပစ္စည်းများကို သာမက လူသုံးကုန် ပစ္စည်းများ ကိုပါ အင်တာနက်နှင့် ချိတ်ဆက် အသုံးပြု လာသော သိပ္ပံနှင့် နည်းပညာ ခေတ်ကြီးတွင် ဝိုင်ဖိုင် ကွန်ရက် လစ်ဟာနေသော နေရာ များကို အတတ်နိုင်ဆုံး ဖြည့်တင်း နိုင်ရေးအတွက် Google က  အထူးစီစဉ် ထုတ်လုပ်ထားသော Google WiFi လွှင့်စက် ကြိုတင် မှာယူမှုကို စတင်လက်ခံ နေပြီ ဖြစ်ကြောင်း သိရသည်။
အိမ်တွင်း ဝိုင်ဖိုင်စနစ်တွင် ဝိုင်ဖိုင် မမိသော ကွက်လပ်များ ရှိနေနိုင်ကြောင်း၊ ၄င်းကွက်လပ် များကို Repeater များ၊ Mesh Network များဖြင့် ဖြည့်ပေးရန် စဉ်ဆက်မပြတ် ကြိုးပမ်းလာခဲ့ ကြောင်း၊ ဝိုင်ဖိုင်ကွက်လပ် များကို ဖြည့်ပေးရန် မိမိ နည်းပညာကို အသုံးပြုကာ ဆောင်ရွက် သွားမည် ဟု Google က ယခုနှစ် အောက်တိုဘာလက ထုတ်ပြန်ကြေညာ ခဲ့ပြီး နောက် ယခုအခါ Google WiFi လွှင့်စက် ကြိုတင် မှာယူမှုကို စတင်လက်ခံပြီး ဒီဇင်ဘာ လဆန်း ပိုင်းတွင် စတင်ဖြန့်ချိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
'' Eero နဲ့ Luma တို့လိုပဲ Google WiFi က Mesh Network အမျိုးအစား ဖြစ်ပါတယ်။ ကျယ်ဝန်းလှတဲ့ အိမ်တစ်လုံးထဲမှာ ဖြန့်ကြက်ထားတဲ့ ကွန်ရက်ထဲကို WiFi Point အပိုတွေ ထပ်ဖြည့်ပေးပြီး ဝိုင်ဖိုင်ကွန်ရက် ကျယ်ပြန့်အောင်၊ လွတ်နေတဲ့ ကွက်လပ်တွေ မရှိအောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ WiFi Point အပိုတွေက တစ်ခုနဲ့ တစ်ခုကို IEEE 802.11s Mesh နဲ့ ချိတ်ဆက်မှာ ဖြစ်ပြီး ပါဝါရမယ့် လျှပ်စစ် ပလတ်ပေါက် ရှိတဲ့ နေရာတိုင်းမှာ တပ်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။
You can now preorder Google Wifi, will ship December 5
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Monday, November 7, 2016
နာဆာပိုင် Curiosity စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်တွင် ထူးဆန်းသော ကျောက်တုံးကို တွေ့ရှိ
ဝါရှင်တန် ၊ ၇-၁၁-၂၀၁၆
အင်္ဂါဂြိုဟ် မျက်နှာပြင် စူးစမ်း လေ့လာမှုကို ပြုလုပ်နေသော နာဆာပိုင် Curiosity စူးစမ်း လေ့လာရေး ယာဉ်သည် ပြီးခဲ့သော ရက်သတ္တပတ်က ထူးဆန်းသော ကျောက်တစ်တုံးကို တွေ့ရှိခဲ့ရာ ၄င်း ကျောက်တုံးသည်
အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်တုံး မဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်သို့ ဥက္ကာပျံ ကြွေကျလာရာမှ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်းနှင့် ပုံစံမှာလည်း ကြက်ဥနှင့် အလားတူ နေကြောင်း နာဆာက နိုဝင်ဘာ ၅ ရက်က ထုတ်ပြန် ကြေညာသည်။
အဆိုပါ ကျောက်တုံးကို တွေ့ရှိပြီးနောက် ၄င်း၏ ဇာတ်မြစ်ကို စုံစမ်း ဖော်ထုတ်ရန် Curiosity က ယာဉ်ပေါ်ပါ လေဆာ ကျောက်တုံး ဖြတ်စက်ဖြင့် ၄င်း ကျောက်တုံး အပိုင်းအစကို ရယူကာ ပေါင်းစပ် ပါရှိသော ဓာတုပစ္စည်း များကို စူးစမ်းလေ့လာ ခဲ့ရာ အိုင်းရွန်းနှင့် နီကယ် ပေါင်းစပ်နေသော ဥက္ကာခဲ ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ အခြား တစ်နေရာမှ ပြုတ်ကျလာခြင်း ဖြစ်သည်ကို အတည်ပြုနိုင် ခဲ့ကြောင်း၊ Curiosity ကို ကိုင်တွယ်ရန် တာဝန်ရှိသော သုတေသီများ အဖွဲ့က ပြောကြားခဲ့ပြီး ၄င်းကျောက်တုံး ကိုလည်း ကြက်ဥ ကျောက်တုံး Egg Rock ဟု အမည်ပေး ခဲ့ကြောင်း သိရသည်။
Chem-Cam သည် စူးစမ်း လေ့လာမည့် အရာဝတ္ထုကို လေဆာဖြင့် ပစ်ကြောင်း၊ လေဆာနှင့် ထိတွေ့သောအခါ ၄င်းအရာဝတ္ထု၏ အက်တမ်များ ပတ်လည်ရှိ အီလက်ထရွန်များ လှုပ်ရှားလာပြီး လှိုင်းအတို၊ အရှည် မတူသော အလင်းကို ထုတ်လွှတ်ကြောင်း၊ အရောင်များ ထုတ်လွှင့်သည့် အချိန်လည်း ရှိကြောင်း၊ အရာဝတ္ထု၏ မူလဖွဲစည်းပုံပေါ် မူတည်ကြောင်း၊ ၄င်း ထွက်ပေါ်လာသည့် အလင်း သို့မဟုတ် အရောင် ကို ခွဲခြမ်း စိတ်ဖြာကာ Curiosity က ၄င်းအရာဝတ္ထု တွင် မည်သည့် ဓာတ်သတ္တုများ ပေါင်းစပ် ပါဝင်နေသည် ဟူသည်ကို ဖော်ပြပေးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)
Monday, July 11, 2016
အာကာသယာဉ်မှူး များ၏ အမြင်အာရုံကို အားနည်းစေသော အမည်မသိရောဂါ လက္ခဏာ ဖြစ်ပွား
ဝါရှင်တန် ၊ ၁၁-၇-၂၀၁၆
ကမ္ဘာမြေကြီး၏ ဆွဲငင်အားရပ်ဝန်းမှ ဆွဲငင်အားကင်းမဲ့ဇုန် ဖြစ်သော အာကာသထဲသို့ သွားရောက် အမှုထမ်းသည့် အာကာသယာဉ်မှူး များတွင် အမြင်အာရုံကို အားနည်းစေသော အမည်မသိ ရောဂါလက္ခဏာ ဖြစ်ပွားနေသည့် အတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 
" ၂၀၀၅ ခုနှစ်မှာ အာကာသယာဉ်မှူး ဂျွန်ဖိလစ် ဟာ နိုင်ငံတကာ အာကာသ စခန်းကနေ ကမ္ဘာကြီးကို ကြည့်လိုက်တဲ့ အခါ သဲသဲကွဲကွဲ မမြင်ရဘဲေ၀၀ါး နေခဲ့တယ်။ ကမ္ဘာမြေကို ပြန်ရောက်ရင် ပြန်ကောင်း သွားမယ်လို့  ယူဆခဲ့ ပါတယ်။ ဒါပေမယ့် ကမ္ဘာမြေကို ပြန်ရောက်တဲ့ အခါ ဂျွန်ဖိလစ် ရဲ့ အမြင်အာရုံဟာ မူလ ၂၀/၂၀ အဆင့်ကနေ ၂၀/၁၀၀ အဆင့် ရောက်တဲ့အထိ ပျက်စီး နေတာကို တွေ့ ရပါတယ်။ အဲဒါ ၆ လအတွင်းမှာ ပျက်စီးသွား တာပါ။ စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ကြည့်တဲ့ အခါ ဂျွန်ဖိလစ် ရဲ့ အမြင်အာရုံပဲ ပြောင်းသွားတာ မဟုတ်ဘဲ မျက်လုံး ဖွဲ့ စည်းပုံပါ ပြောင်းသွားပြီ ဆိုတာကို အံ့သြဖွယ် တွေ့ လိုက်ရ ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 
" အာကာသ ယာဉ်မှူး ဂျွန်ဖိလစ် ရဲ့ မျက်လုံးနောက်ခြမ်း က ပိုပြီးပြားသွားတယ်။ စက္ခု အာရုံကြော က ရှေ့ ကို ပိုထွက်လာတယ်။ အခြား မျက်လုံး အာရုံကြော တွေလည်း ရောင်ရမ်း နေခဲ့တယ်။ အဲဒီကစပြီး အာကာယာဉ်မှူး တွေရဲ့ အမြင်အာရုံ ပြောင်းလဲ မှုကို စောင့်ကြည့် လေ့လာခဲ့တယ်။ အာကာသထဲမှာ ကြာကြာနေတဲ့ အာကာသယာဉ်မှူး တွေအားလုံးမှာ ဒီပြဿနာ ဖြစ်တာကို တွေ့ ရတယ်။ ဒီပြဿနာဟာ အနာဂတ်မှာ အာကာသထဲမှာ လူတွေကို နှစ်ချီပြီး ထားမယ့် အစီ အစဉ်နဲ့  အင်္ဂါဂြိုဟ် ခရီးစဉ်တွေ အပေါ် အကြီးအကျယ် ဂယက်ရိုက် ခဲ့တယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 
" ဒီကိစ္စဟာ ဆွဲအားဖိအား ပြောင်းလဲမှုကြောင့် အမြင်အာရုံကို ထိခိုက်စေတဲ့ လက္ခဏာ VIIP ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဆွဲအားရှိတဲ့ အတွက် ခန္ဓာကိုယ် အရည်တွေက ခြေထောက်ပိုင်း ကို စီးကျပါတယ်။ အာကာသ ထဲမှာကျတော့ ဒီလို မဖြစ်တော့ပါဘူး။ ဒါကြောင့် ကိုယ်တွင်း အရည်တွေဟာ ဦးခေါင်းခွံ၊ ဦးနှောက်၊ မျက်လုံးနောက် တို့ကို ရောက်သွားတာ ဖြစ်ပြီး အခုလိုပဲ မျက်လုံးကို ထိခိုက်မိစေတာ ဖြစ်နိုင်ပါတယ် " ဟု သုတေသီ တစ်ဦးက သုံးသပ်ပြသည်။ 
သို့ ဖြစ်၍ အာကာသထဲ အနေကြာသော အာကာသယာဉ်မှူး များကို ယခုအခါ ကျန်းမာရေး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပေးနေပြီး ၄င်းတို့ ၏ အမြင်အာရုံ ချို့ ယွင်း အားနည်းသော ပြဿနာကိုလည်း အတတ်တိုင်ဆုံး ဖြေရှင်း ပေးရန် တာဝန်ရှိ သူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြ၀တီနေ့စဉ် 
Wednesday, June 22, 2016
Tesla နှင့် Apple ပူးပေါင်းကာ ကားများ၏ နည်းပညာကိုအဆင့်မြင့်တင်ပေးမည်
ဝါရှင်တန် ၊ ၂၂-၆-၂၀၁၆
ကမ္ဘာတစ်ဝန်းမှ ထုတ်လုပ်လျက် ရှိသော မော်တော်ယာဉ် များတွင် နည်းပညာ နောက်ကျနေပြီး ခေတ်မီခြင်း မရှိတော့လျင် နည်းပညာကို အဆင့်မြင့် ပေးနိုင်မည့် Pearl Automation စနစ်ကို ကမ္ဘာကျော် Tesla ကားကုမ္ပဏီ နှင့် Apple တို့  ပေါင်းစပ်ကာ ထုတ်လုပ် ထားကြောင်းနှင့် ယခုအခါ ကားလိုင်စင် ဘုတ်ပြားတွင် ကားနောက် မြင်ကွင်းကို ဖမ်းယူကာ iPhone တွင်ဖော်ပြသော backup camera စနစ်ကို စမ်းသပ်လျက် ရှိကြောင်း သိရသည်။ 
" Tesla ကားတွေရဲ့ နည်းပညာကို အဆင့်မြင့်တင်ဖို့ တစ်ခုတည်းနဲ့  ကားသစ်ဝယ်ဖို့ မလိုအောင် ဆောင်ရွက်တာပါ။ Tesla ကားမှန်ရင် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေနဲ့ မခြား နည်းပညာ အဆင့်မြင့်မား နေဖို့  Apple နဲ့ပူးပေါင်းပြီး iPhone တစ်လုံး အရင်းပြုလို့  နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုနိုင်မယ့် စနစ်တွေကို စမ်းသပ် နေပါပြီ " ဟု Tesla မှ တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။ 
" ကားတစ်စီးကို ၀ယ်စီးလိုက်ရင် ပြန်မရောင်း မချင်း အနည်းဆုံး ၁၀ နှစ်ကနေ အနှစ် ၂၀ ထိန်းသိမ်း ရပါတယ်။ ဒီနှစ် တွေမှာ တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာတွေကို ကိုယ့်ကားထဲ သုံးမရတော့ စိတ်ပျက်ဖို့ေ ကာင်းပါတယ်။ Pearl Automation ကိုအသုံးပြုပြီး iPhone တစ်လုံးနဲ့  ကိုယ်လည်း နည်းပညာအသစ် ကိုခံစားနိုင်မယ် ဆိုရင် ကောင်းပါ တယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 
အဆိုပါ Rear View ကင်မရာသည် နံပါတ်ပြားမှ တစ်ဆင့် စီယာတိုင် အောက်အထိ ဒေတာကို ၀ါယာကြိုးဖြင့်ပို့ ပေး ပြီး ထိုမှတစ်ဆင့် စမတ်ဖုန်းထဲသို့  Wifi စနစ်ဖြင့် ဆက်လက် ထုတ်လွှတ် ပေးကြောင်း၊ ၁၈၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်ပြီး အနီးအဝေးပြ မျဉ်းကြောင်းများ မပါရှိသော်လည်း အရာဝတ္ထုများနှင့် အလွန် နီးသွားလျင် အသံဖြင့် သတိပေးသည့် စနစ် ပါဝင်ကြောင်း သိရသည်။
Pearl Automation’s license plate cover puts a car backup camera on your phone
Tuesday, June 14, 2016
အမေရိကန် သူလျှိုဂြိုဟ်တုကို အားအကောင်းဆုံး ဒုံးကျည်ဖြင့် လွှတ်တင်
ဝါရှင်တန် ၊ ၁၄-၆-၂၀၁၆
ဇွန် ၁၁ ရက်က အမေရိကန် ပြည်ထောင်စု သည် ၄င်း၏ NRO သူလျှိုဂြိုဟ်တုကို ကမ္ဘာပေါ်တွင် အားအကောင်းဆုံး ဒုံးကျည်ဖြစ်သော ULA Delta IV Heavy Rocket ဖြင့် ဖလော်ရီဒါ ပြည်နယ်၊ ကိပ်ကာနာဗာရယ် လေတပ်စခန်းမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။
NRO ကို အမေရိကန် ပြည်ထောင်စု၏ သူလျှိုဂြိုဟ်တုများ အားလုံးကို ဒီဇိုင်းပုံစံ ရေးဆွဲရန်၊ တည်ဆောက် တပ်ဆင်ရန် နှင့် လုပ်ငန်း လည်ပတ် ဆောင်ရွက်ရန် တို့ အတွက် အသုံးပြု သွားမည် ဖြစ်ကြောင်း၊ သို့ သော် NRO ဆောင်ရွက်ရမည် လုပ်ငန်းကိစ္စ အ၀၀တို့ ၏ အသေးစိတ် အချက်အလက် များကို လျှို့ ဝှက် ထားကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ အမျိုးသား ကာကွယ်ရေး လုပ်ငန်းစဉ် အဖြစ် လွှတ်တင်ထားသော ဂြိုလ်တု ဖြစ်ကြောင်း သိရသည်။ 
ယင်းဂြိုလ်တုကို သယ်ဆောင် ပေးသည့် Delta IV Heavy Rocket မှာအမြင့် ၂၃၂ ပေရှိပြီး booster များကိုတွဲဖက် တပ်ဆင် ထားကြောင်း၊ အလယ် booster ကိုနောက်ထပ် booster တစ်လုံးဖြင့် အားဖြည့် ထားခြင်း ဖြစ်ကြောင်း၊ ထို့ ကြောင့် ပေါင် ၂ ဒသမ ၁ သန်းနှင့် ညီမျှသော တွန်းကန်အားကို ထုတ်လုပ်နိုင်ပြီး ကမ္ဘာပေါ်တွင် အားအကောင်းဆုံး ဒုံးကျည် အဖြစ် မှတ်တမ်းဝင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 
" Delta IV က အခုအသုံးပြု နေတဲ့ ရော့ကက်တွေ ထဲမှာတော့ အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒုံးကျည်လောက မှာတော့ ၁၉၆၀ နဲ့  ၁၉၇၀ ၀န်းကျင်တွေမှာ လခရီးသွား အာကာသယာဉ် တွေကို လွှတ်တင်ပေး ခဲ့တဲ့ Saturn V ရော့ကက်နဲ့ နှိုင်းမယ် ဆိုရင်တော့ ငယ်သေးတယ် လို့ ဆိုရမှာပါ။ Saturn V ဟာ တွန်းကန်အား ပေါင် ၇ ဒသမ ၅ သန်း ထွက်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 
သို့ သော် အမေရိကန် ပြည်ထောင်စုသည်  အာကာသ ခရီးသွားလုပ်ငန်း များအတွက် အားအလွန် ကောင်းသော ဒုံးကျည် နှစ်ခုထက် မနည်းကို ဆက်လက် တည်ဆောက် နေကြောင်း၊ လာမည့်နှစ် အနည်းငယ် အတွင်း ထုတ်လုပ်ပြသ နိုင်တော့မည် ဖြစ်ကြောင်း၊ Space X က တည်ဆောက် နေသော Falcon Heavy ဒုံးကျည်ဖြစ်ပြီး တွန်းကန်အား ပေါင် ငါးသန်း ဖြစ်ကြောင်း၊ နာဆာကိုယ်၌ ကလည်း SLS Mega Rocket ကို ထုတ်လုပ်လျက် ရှိပြီး Saturn V ထက် ၂၀ ရာခိုင်နှုန်း အထိပိုသော တွန်းကန်အားကို အသုံးပြုမည် ဖြစ်ကြောင်းနှင့် ၂၀၁၈ တွင် စတင် အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။
Tuesday, May 24, 2016
ဖုန်း အက်ပလီကေးရှင်းမှ တစ်ဆင့် သွေးတွင်းအယ်လ်ကိုဟော ပါဝင်မှုကို ဖော်ပြပေးမည့် လက်ကောက်ဖန်တီး
ဝါရှင်တန် ၊ ၂၄-၅-၂၀၁၆
အမေရိကန်နိုင်ငံ အမျိုးသား ကျန်းမာရေး အသင်းက ကြီးမှူးကာ သွေးတွင်း အယ်လ်ကိုဟော ပါဝင်သည့် ပမာဏကို တိုင်းတာနိုင်မည့် ဝတ်ဆင် နိုင်သော နည်းပညာကို ယှဉ်ပြိုင် ထုတ်လုပ် စေခဲ့ရာ လက်ကောက် ကဲ့သို့ ဝင်ဆင်ရပြီး ဖုန်း အက်ပလီကေးရှင်း မှ တစ်ဆင့် သွေးတွင်း အယ်လ်ကိုဟော ပါဝင်မှု ပမာဏကို ဖော်ပြ သတိပေး နိုင်မည့် BACtrack Skyn လက်ကောက် ဖန်တီး ထုတ်လုပ်သူကို ရွေးချယ် အနိုင်ပေး လိုက်ကြောင်း သိရသည်။
'' BACtrack Skyn ဟာ သွေးတွင်း အယ်လ်ကိုဟော ပမာဏကို စဉ်ဆက်မပြတ် စောင့်ကြည့် ဖော်ပြပေး နိုင်သလို အရက်သောက်တာ သိပ်လွန်သွား ရင်လဲ ဖုန်းကနေ တစ်ဆင့် သတိပေးသံတွေ ထုတ်ပြန်တာ ပြုလုပ်နိုင် ပါတယ်။ ဝတ်ဆင်နိုင်တဲ့ နည်းပညာသုံး အရက် ပမာဏ တိုင်းတာစက်ကို ၂ဝ၁၆ ခုနှစ် မတ်လကစပြီး ဝါသနာရှင် တွေ အားလုံးကို ယှဉ်ပြိုင် ထုတ်လုပ် စေခဲ့တာ ဖြစ်ပါတယ်။ ဒီကိရိယာတွေ အားလုံးဟာ BAC ကို တိုင်းတာ ဆောင်ရွက်ရတဲ့ ကိရိယာတွေ ဖြစ်ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။
BAC ဆိုသည်မှာ Blood Alcohol Content အသွေးတွင်း အယ်လ်ကိုဟော ပါဝင်သည့် ပမာဏ ဖြစ်သည်။ BACtrack Skyn သည် ရရှိသော သတင်း အချက်အလက် ကို Bluetooth ဖြင့်လည်း တစ်နေရာ မှ တစ်နေရာသို့ ပို့ဆောင် ပေးနိုင်ပြီး အနိုင်ရရှိ သွားသော Bactrack သည် အပျော်တမ်း အဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ အရက်သောက် ထားခြင်း ရှိ၊ မရှိ တိုင်းတာ စစ်ဆေးသည့် စက်များကို ထုတ်လုပ်ခဲ့သည့် အတွေ့အကြုံ ရှိသည်။ 
ယခင်ကလည်း စမတ်ဖုန်းကို အခြေပြုကာ ရှူသွင်း ရှူထုတ်သော လေကို တိုင်းတာပြီး အရက် သောက်ထားမှု လွန်ကဲခြင်း ရှိ၊ မရှိ တိုင်းသည့်စက်ကို ထုတ်လုပ်ခဲ့ ဖူးကြောင်းနှင့် ၄င်းစက်ကို နိုင်ငံပေါင်း ၂ဝ ကျော်တွင် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Tuesday, May 17, 2016
အိမ်အလုပ်များကို ပို၍ ထိရောက်စွာလုပ်ကိုင်နိုင်ရန် အလိုအလျှောက် အလုပ်လုပ်သော စက်ရုပ်များဖြင့် စေခိုင်းနိုင်မည်
ဝါရှင်တန် ၊ ၁၇-၅-၂၀၁၆
မိမိတို့ နေ့စဉ် လုပ်ဆောင်ရသည့် အိမ်အလုပ် များကို အချိန်တိုတိုနှင့် ပို၍ ထိရောက်စွာ လုပ်ကိုင်နိုင်ရန် စက်ပစ္စည်း များကို အသုံးပြုနိုင်ပြီ ဖြစ်၍ ယခုအခါ စက်ရုပ် နည်းပညာများ စတင်ထွန်းကား လာပြီဖြစ်ရာ အနာဂတ်တွင် အလိုအလျှောက် အလုပ်လုပ်သော စက်ရုပ်များဖြင့် နေအိမ် သန့်ရှင်းရေးကို စေခိုင်းလုပ်ကိုင် စေနိုင်မည် ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးပေါ် သန့်ရှင်းရေး လုပ်ငန်းသုံး စက်ရုပ်များသည် စိတ်ဝင်စားဖွယ် ကောင်း၍ ထိရောက်မှု လည်းရှိကာ အမေရိကန် ဒေါ်လာ ၂ဝဝ ခန့်ဈေး နှုန်းရှိသည့် iRobot Braava Jet သည် ရေရှိသည့် နေရာများ၊ အနည်းငယ် စိုစွတ်နေသော ကော်ဇောများ၊ ခြောက်သွေ့သည့် နေရာများကို ခွဲခြားသိရှိ နိုင်သည့် နည်းပညာ ပါဝင်၍ ကော်ဇော ရှင်းလင်းမှုများ ပြုလုပ်ရာတွင် အသုံးဝင်သည်။
အလွယ်တကူ သယ်ဆောင် သွားနိုင်သော Clean Wave ဖုန်စုပ်စက်သည် ဖုန်စုပ်သည့် စနစ်အပြင် ပိုးမွှားများ သတ်သည့် စနစ်လည်း ပါဝင်သည်။ Clean Wave တွင် ပါဝင်သည့် ထူးခြားသော နည်းပညာမှာ ပိုးမွှားများ၊ ဗက်တီးရီးယား များနှင့် ကူးစက်ရောဂါများ ဖြစ်ပေါ်စေသည့် အင်းဆက်ပိုးမွှား များကို နှိမ်နှင်းနိုင်သည့် နည်းပညာ ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Wednesday, May 11, 2016
ကမ္ဘာမှမိုင် ၂၅၀ အမြင့်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်းကို အာကာသအတွင်း အဖိုးအတန်းဆုံး နေရာအဖြစ် သတ်မှတ် ကာကွယ်မည်
ဝါရှင်တန် ၊ ၁၁-၅-၂၀၁၆
ကမ္ဘာမှ မိုင်ပေါင်း ၂၅ဝ အနည်းဆုံး မြင့်သည့် ကမ္ဘာပတ် လမ်းကြောင်းသည် အမေရိကန် နိုင်ငံ အပါအဝင် နိုင်ငံတကာ အာကာသ စူးစမ်း လေ့လာရေး အဖွဲ့များ၏ ဂြိုဟ်တုများ၊ အာကာသ ယာဉ်များ၊ စူးစမ်း လေ့လာရေး ယာဉ်များကို ထားရှိလှည့်လည် ပျံသန်း စူးစမ်းသော နေရာဖြစ်သည့် အတွက် ကမ္ဘာပတ် လမ်းကြောင်းကို အာကာသ အတွင်း အဖိုးအတန်ဆုံး နေရာအဖြစ် သတ်မှတ် ကာကွယ် သွားမည် ဖြစ်ကြောင်း နာဆာမှ ထုတ်ပြန် ကြေညာသည်။
ကမ္ဘာပတ် လမ်းကြောင်း၌ အာကာသယာဉ် တို့ကို ဖျက်ဆီးရာမှ ထွက်ပေါ် လာသော အမှိုက် အကြွင်းအကျန် အမြောက်အမြား ရှိနေသည်။ ၄င်း အမှိုက် အကြွင်းအကျန် တို့သည် နိုင်ငံ တစ်နိုင်ငံက လွှတ်တင် လိုက်သော ဂြိုဟ်တု ၊ အာကာသယာဉ် အစရှိသည် တို့နှင့် တိုက်မိကာ ကြီးမားသော ပေါက်ကွဲ ပျက်စီးမှုကြီးကို ဖြစ်စေနိုင်သည်။ ၄င်း ပျက်စီးမှု အတွက် နိုင်ငံများက တစ်နိုင်ငံနှင့် တစ်နိုင်ငံ အထင်အမြင် လွဲမှားကာ မိမိ အာကာသယာဉ် ကို တမင်တကာ ပစ်ခတ် ဖောက်ခွဲဖျက်ဆီး သည်ဟု ယူဆပြီး တစ်ဖက်နှင့် တစ်ဖက် စစ်မက်ဖြစ်ပွား လာသည်ထိ ပြဿနာ ကြီးထွားလာနိုင် သည့်အတွက် ကမ္ဘာပတ် လမ်းကြောင်းကို အထူး ကာကွယ် စောင့်ရှောက်ရန် မှာ အရေးကြီးကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
''၂ဝဝ၇ ခုနှစ်က တရုတ်နိုင်ငံ ဟာ သက်တမ်းကုန်ဆုံး သွားပြီဖြစ်တဲ့ ဂြိုဟ်တု တစ်လုံးကို မြေပြင်ကနေ ဒုံးကျည်နဲ့ ပစ်ပြီး ဖျက်ဆီးခဲ့ ပါတယ်။ ဂြိုဟ်တု ပျက်စီးသွား ပေမယ့် အပျက်အစီး အစအန ထောင်ပေါင်း များစွာဟာ ကမ္ဘာပတ် လမ်းကြောင်း ထဲကို ရောက်ရှိ သွားပါတယ်။ နောက်ထပ် သုံးနှစ်အကြာ၊ ၂ဝ၁ဝ ပြည့်နှစ်မှာ တရုတ်နိုင်ငံရဲ့လုပ်ရပ်ကြောင့် အမေရိကန် နိုင်ငံ ပင်တဂွန်နဲ့  စစ်မက်ဖြစ်ပွား လုဆဲဆဲထိ အခြေအနေတွေ တင်းမာခဲ့ ပါတယ်။ တရုတ်နိုင်ငံ က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည်ဟာ အာကာသထဲ ကို မိုင်ပေါင်း ၂၂ဝဝဝ အထိ ရောက်ရှိသွား လို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ အမေရိကန် နိုင်ငံရဲ့ အရေးအကြီးဆုံး နိုင်ငံတော် ကာကွယ်ရေး ဂြိုဟ်တုတွေ ရှိနေ လို့ပါပဲ။ သူတို့ ရဲ့ အထိမခံ နိုင်တဲ့ ဧရိယာထဲကို ဒုံးကျည် ၀င်ရောက် ဖောက်ခွဲခဲ့တဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကို အမေရိကန် နိုင်ငံဟာ အထိတ်တလန့် နဲ့ ကဲ့ရဲ့ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်''ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Friday, April 29, 2016
အာကာသသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Space-X က အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်မည်ဟုကြေညာ
ဝါရှင်တန် ၊ ၂၉-၄-၂၀၁၆
နာဆာ၏ အာကာသ ခရီးစဉ် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိထားသော အမေရိကန် အခြေစိုက် အာကာသ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Space-X သည် ၄င်း၏ အင်္ဂါဂြိုဟ် ခရီးစဉ်များကို ၂ဝ၁၈ ခုနှစ်တွင် စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။
အင်္ဂါဂြိုဟ် ခရီးစဉ်များတွင် အသုံးပြု သွားမည့် အကျယ် ၁၂ ပေ၊ အမြင့်ပေ၂ဝရှိ Red Dragon အာကာသယာဉ် ကို စမ်းသပ်လျက်ရှိပြီး Red Dragon ဖြင့် အာကာသယာဉ်မှူး များကို သယ်ယူ ပို့ဆောင်ရန် မဟုတ်သေးဘဲ အင်္ဂါဂြိုဟ် ပေါ်သို့  စမ်းသပ် ဆင်းသက်မည် ဖြစ်သည်။ Red Dragon ကို အင်္ဂါဂြိုဟ် ခရီးစဉ်ကဲ့သို့ ဝေးလံ ရှည်လျားသော အာကာသ ခရီးစဉ်များတွင် အသုံးပြုရန် သင့်၊ မသင့် စမ်းသပ်ခြင်း ဖြစ်ကြောင်း သိရသည်။
''၂ဝ၁၈ ခုနှစ်မှာ မက္ကဆီကိုနိုင်ငံ ၊ ဂွာဒါလာဂျာရာမြို့ မှာကျင်းပမယ့် (၆၇) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ အာကာသယာဉ်မှူး တွေ ကွန်ဂရက်နဲ့ ချိန်ကိုက်ပြီး Space-X ရဲ့ အင်္ဂါဂြိုဟ် ခရီးစဉ်တွေကို စတင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ မတိုင်မီ Red Dragon ကို အင်္ဂါဂြိုဟ်သို့ စေလွှတ်ဆင်းသက် စေမှာ ဖြစ်ပါတယ် '' ဟု Space-X တည်ထောင်သူ အယ်လွန်မာ့စ် က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်္ဂါဂြိုဟ် ခရီးစဉ်သည် ခက်ခဲသော ခရီးစဉ်ဖြစ်ပြီး ကြိုးပမ်းမှု ထက်ဝက်ကျော် သည်လည်း မအောင်မမြင် ဖြစ်ခဲ့ရသည်။ ထို့ပြင် အင်္ဂါဂြိုဟ်ပေါ်တွင် အာကာသယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ သည်မှာ နာဆာ တစ်ဖွဲ့တည်းသာ ရှိသည်။ Space-X ၏ Red Dragon ခရီးစဉ်ကိုလည်း နာဆာက ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း၊ နည်းပညာ၊ ဆက်သွယ်ရေးနှင့် လမ်းကြောင်း ရှာဖွေရေးတို့ကို ကူညီသွားမည် ဖြစ်သည်။ ထို့ပြင် ၄င်းယာဉ်ပေါ်တွင် တပ်ဆင်သွားရန် လိုအပ်သည့် နောက်ဆုံးပေါ် ကိရိယာများ ကိုလည်း အားဖြည့် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နာဆာကိုယ်တိုင် သည်လည်း ၂ဝ၁၈ ခုနှစ်တွင် ၄င်းပိုင် အာကာသယာဉ် Insight ကိုအင်္ဂါဂြိုဟ်သို့ လွှတ်တင်မည် ဖြစ်ပြီး အင်္ဂါဂြိုဟ်၏ မြေနက်ပိုင်း လှုပ်ရှားမှုများကို စူးစမ်းလေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Related Posts Plugin for WordPress, Blogger...