Social Icons

Pages

Monday, July 11, 2016

အာကာသယာဉ်မှူး များ၏ အမြင်အာရုံကို အားနည်းစေသော အမည်မသိရောဂါ လက္ခဏာ ဖြစ်ပွား



ဝါရှင်တန် ၊ ၁၁-၇-၂၀၁၆

ကမ္ဘာမြေကြီး၏ ဆွဲငင်အားရပ်ဝန်းမှ ဆွဲငင်အားကင်းမဲ့ဇုန် ဖြစ်သော အာကာသထဲသို့ သွားရောက် အမှုထမ်းသည့် အာကာသယာဉ်မှူး များတွင် အမြင်အာရုံကို အားနည်းစေသော အမည်မသိ ရောဂါလက္ခဏာ ဖြစ်ပွားနေသည့် အတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

" ၂၀၀၅ ခုနှစ်မှာ အာကာသယာဉ်မှူး ဂျွန်ဖိလစ် ဟာ နိုင်ငံတကာ အာကာသ စခန်းကနေ ကမ္ဘာကြီးကို ကြည့်လိုက်တဲ့ အခါ သဲသဲကွဲကွဲ မမြင်ရဘဲေ၀၀ါး နေခဲ့တယ်။ ကမ္ဘာမြေကို ပြန်ရောက်ရင် ပြန်ကောင်း သွားမယ်လို့  ယူဆခဲ့ ပါတယ်။ ဒါပေမယ့် ကမ္ဘာမြေကို ပြန်ရောက်တဲ့ အခါ ဂျွန်ဖိလစ် ရဲ့ အမြင်အာရုံဟာ မူလ ၂၀/၂၀ အဆင့်ကနေ ၂၀/၁၀၀ အဆင့် ရောက်တဲ့အထိ ပျက်စီး နေတာကို တွေ့ ရပါတယ်။ အဲဒါ ၆ လအတွင်းမှာ ပျက်စီးသွား တာပါ။ စမ်းသပ်မှု အမျိုးမျိုး ပြုလုပ်ကြည့်တဲ့ အခါ ဂျွန်ဖိလစ် ရဲ့ အမြင်အာရုံပဲ ပြောင်းသွားတာ မဟုတ်ဘဲ မျက်လုံး ဖွဲ့ စည်းပုံပါ ပြောင်းသွားပြီ ဆိုတာကို အံ့သြဖွယ် တွေ့ လိုက်ရ ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" အာကာသ ယာဉ်မှူး ဂျွန်ဖိလစ် ရဲ့ မျက်လုံးနောက်ခြမ်း က ပိုပြီးပြားသွားတယ်။ စက္ခု အာရုံကြော က ရှေ့ ကို ပိုထွက်လာတယ်။ အခြား မျက်လုံး အာရုံကြော တွေလည်း ရောင်ရမ်း နေခဲ့တယ်။ အဲဒီကစပြီး အာကာယာဉ်မှူး တွေရဲ့ အမြင်အာရုံ ပြောင်းလဲ မှုကို စောင့်ကြည့် လေ့လာခဲ့တယ်။ အာကာသထဲမှာ ကြာကြာနေတဲ့ အာကာသယာဉ်မှူး တွေအားလုံးမှာ ဒီပြဿနာ ဖြစ်တာကို တွေ့ ရတယ်။ ဒီပြဿနာဟာ အနာဂတ်မှာ အာကာသထဲမှာ လူတွေကို နှစ်ချီပြီး ထားမယ့် အစီ အစဉ်နဲ့  အင်္ဂါဂြိုဟ် ခရီးစဉ်တွေ အပေါ် အကြီးအကျယ် ဂယက်ရိုက် ခဲ့တယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

" ဒီကိစ္စဟာ ဆွဲအားဖိအား ပြောင်းလဲမှုကြောင့် အမြင်အာရုံကို ထိခိုက်စေတဲ့ လက္ခဏာ VIIP ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဆွဲအားရှိတဲ့ အတွက် ခန္ဓာကိုယ် အရည်တွေက ခြေထောက်ပိုင်း ကို စီးကျပါတယ်။ အာကာသ ထဲမှာကျတော့ ဒီလို မဖြစ်တော့ပါဘူး။ ဒါကြောင့် ကိုယ်တွင်း အရည်တွေဟာ ဦးခေါင်းခွံ၊ ဦးနှောက်၊ မျက်လုံးနောက် တို့ကို ရောက်သွားတာ ဖြစ်ပြီး အခုလိုပဲ မျက်လုံးကို ထိခိုက်မိစေတာ ဖြစ်နိုင်ပါတယ် " ဟု သုတေသီ တစ်ဦးက သုံးသပ်ပြသည်။ 

သို့ ဖြစ်၍ အာကာသထဲ အနေကြာသော အာကာသယာဉ်မှူး များကို ယခုအခါ ကျန်းမာရေး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ပေးနေပြီး ၄င်းတို့ ၏ အမြင်အာရုံ ချို့ ယွင်း အားနည်းသော ပြဿနာကိုလည်း အတတ်တိုင်ဆုံး ဖြေရှင်း ပေးရန် တာဝန်ရှိ သူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...