Social Icons

Pages

Showing posts with label သားငါးကဏ္ဍ. Show all posts
Showing posts with label သားငါးကဏ္ဍ. Show all posts

Wednesday, September 5, 2018

မြန်မာ့ရေပိုင်နက်အတွင်း ငါးသယံဇာတတည်ရှိမှု သုတေသနကို နော်ဝေနိုင်ငံ၏ ငါးသယံဇာတသုတေသနရေယာဉ်ဖြင့် ပြုလုပ်နေ



နေပြည်တော် ၅-၉-၂ဝ၁၈

မြန်မာ့ရေပိုင်နက် အတွင်းငါးသယံဇာတ တည်ရှိနေမှု အခြေအနေ သုတေသန ပြုလုပ်ခြင်းကို နော်ဝေနိုင်ငံ၏ ငါးသယံဇာတ သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် ပြုလုပ်ဆောင်ရွက် နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ စက်တင်ဘာ ၃ ရက်သတင်းများအရ သိရသည်။

ငါးသယံဇာတများသည် ပြန်လည်ဖြည့်ဆည်း နိုင်စွမ်းရှိသော်လည်း မကုန်ခန်းနိုင်သည့် အရာများ မဟုတ်သောကြောင့် တိုးတက်လာနေသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် မြန်မာ့ငါးလုပ်ငန်း ကဏ္ဍရေရှည် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း ကဏ္ဍစီမံခန့်ခွဲမှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ပင်လယ်ပြင်ရှိ ငါးသယံဇာတများ၏ တည်ရှိနေမှု အခြေအနေများကို ၁၉၇၈-၁၉၇၉ဘဏ္ဍာနှစ်မှ စတင်၍နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့် ပူးပေါင်းကာ တိုင်းတာစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ပင်လယ်ပြင်တွင် မျိုးသုဉ်းပျက်စီးမှု မဖြစ်စေဘဲ နှစ်စဉ်နှစ်တိုင်း ငါးဖမ်းဆီးထုတ်လုပ် နိုင်သည့် ပမာဏ (Maximum Sustainable Yield-MSY) မှာ ရေပေါ်လွှာငါး မက်ထရစ်တန် သုညဒသမ ၅၅ သန်းကျော်နှင့် ရေအောက်လွှာ ငါးမက်ထရစ်တန် သုည ဒသမဝ၅ သန်းရှိနေကြောင်း ထုတ်ဖော်ရရှိခဲ့သည်။

ယခုနှစ်တွင်လည်း အဆိုပါ တိုင်းတာစစ်ဆေးမှုများကို နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ဧရာဝတီ ငါးဖမ်းကွက်၊ ရခိုင်ငါးဖမ်းကွက်နှင့် တနင်္သာရီငါးဖမ်းကွက် ပင်လယ်ပြင်များတွင် သုတေသန ဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Thursday, August 30, 2018

ငါး၊ ပုဇွန် ပြန်လည်တင်ပို့ခွင့်ရရှိရန် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သွားရောက်ဆွေးနွေးမည်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

ဒူဘိုင်းတွင် ကျင်းပပြုလုပ်မည့် ရေထွက်ကုန်စည် ပြပွဲသို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သွားရောက်လေ့လာ၍ ဆော်ဒီအာရေဗျ နိုင်ငံသို့ ငါး၊ပုစွန်ပြန်လည် တင်ပို့ခွင့်ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သွားရောက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် ၂၈ ရက်ကကျင်းပ ပြုလုပ်သည့် သား၊ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ပြီး ငါး၊ ပုစွန် ပြန်လည်တင်ပို့ ခွင့်ရရှိရန် ဆော်ဒီအာရေဗျနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခွင့်ရရှိရေး ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်နိုင်ရန် စာတင်သွားမည် ဖြစ်ကြောင်း သိရသည်။

"တကယ်လို့ ပြပွဲကိုသွားမယ့် အချိန်ထိ ဘာမှအကြောင်းမပြန် သေးဘူးဆိုရင် ဒူဘိုင်းသွားရင်းနဲ့ အဲဒီဘက်ကကိစ္စကို ဖြေရှင်းဖို့ လုပ်ခဲ့မယ်။ ဘာလို့ဆိုသွားရင်းနဲ့ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းသွားဖို့ အကုန်လုံးတော့ စီစဉ်နေတယ်။ ဒါက ကိုယ်တွေပဲ လုပ်လို့မရဘူး။ ကိုယ်ကသွားရင် လုပ်ငန်းရှင် အနေနဲ့ပဲရှိတော့ တကယ်တမ်း ပြောရမှာ g to g ပြောရမှာပါ။ ပြောမယ့်ဟာကို ဆရာမတို့အနေနဲ့ သူတို့မေးတဲ့မေးခွန်း တချို့ကို ပုဂ္ဂလိကဘက်က ဖြေရမယ့်ဟာဆိုရင် ပုဂ္ဂလိကဖြေနိုင် အောင်လို့ အစိုးရရော၊ ပုဂ္ဂလိကဘက်ကရော သွားဖို့စီစဉ် နေပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုး နန္ဒာတင်က ပြောပြသည်။

ငါး၊ပုစွန် ရေထွက်ပစ္စည်း တင်ပို့မှု ယာယီရပ်ဆိုင်း ခံထားရသည့် နိုင်ငံများတွင် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့ ပါဝင်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှ FDA အဖွဲ့အစည်းက သတ်မှတ်ထားသော ငါးနှင့်အခြား ရေထွက်ကုန် ပစ္စည်းများဆိုင်ရာ တင်ပို့ခြင်းနှင့် ပတ်သက်သော စည်းမျဉ်း စည်းကမ်း၊ ကျင့်ထုံးများအရ မတ်လမှစ၍ လက်ရှိအချိန်ထိ ယာယီ ရပ်ဆိုင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံက ရေထွက်ပစ္စည်း တင်သွင်းခြင်း ယာယီဆိုင်းငံ့မှုကို ၎င်းတို့သတ်မှတ် ထားသော စည်းမျဉ်းကျင့်ထုံးများကို လိုက်နာဆောင်ရွက် ပေးသည်ထိ ထားရှိသွားမည်ဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံအတွင်းသို့ ငါး၊ပုစွန်များတွင်ဖြစ်ပွား တတ်သော White Spot ရောဂါနှင့် Acute He Patopancreatic Mecrosis ရောဂါများ ဝင်ရောက်မလာ နိုင်စေရန် တားဆီးနိုင်မည့် အရေးပေါ် အစီအမံတစ်ခုကို စတင်ဆောင်ရွက်နေပြီဟု ထုတ်ပြန်ထားကြောင်း
သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Tuesday, July 17, 2018

ငါးသယံဇာတများ လျော့နည်းလာသဖြင့် မွေးမြူရေးငါးများ ပိုမိုထုတ်လုပ်ရန်လို



သထုံ ၁၇-၇-၂ဝ၁၈

မြန်မာနိုင်ငံ သဘာဝရေပြင်များတွင် ငါးသယံဇာတများ လျော့နည်းလာသဖြင့် မွေးမြူရေးငါးများ ပိုမိုထုတ်လုပ်ရန် လိုလာကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည်နယ် သထုံမြို့ရှိ ငါးလုပ်ငန်း သင်တန်းကျောင်းတွင် ယနေ့ပြုလုပ်သော အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသား ပေါက်သင်တန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အနေဖြင့် ရေချိုရေငန်နေ ငါးများမွေးမြူ လုပ်ကိုင်နိုင်သည့် ရေမြေအနေအထားရှိပြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရတွင်တာဝန် ရှိသကဲ့သို့ ရေလုပ်သားအစုအဖွဲ့များ၊ ပညာရှင်များအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးရန် လိုအပ်ကြောင်း ဝန်ကြီး ဦးထွန်းဌေးက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသော ဧရိယာဧက ၂ဝဝဝကျော်ရှိပြီး နှစ်စဉ် ငါးပိဿာချိန် ၁၅သိန်းကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"စနစ်တကျနဲ့ ထိန်းသိမ်းနိုင်မှု မရှိရင် သဘာဝငါး သယံဇာတ တွေဆိုတာ လျော့နည်းကျဆင်း လာမှာပါ။ အခုဆိုရင်လဲ အရင်၁ဝနှစ်ကနဲ့ စာရင် ဒီနှစ်တွေမှာ ငါးဖမ်းဆီးရမိမှု တွေနည်းလာတာလဲ အားလုံးအသိပဲ။ ဒီအန္တရာယ်ဟာ လူသားတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်။ ဒါကြောင့် ငါးမွေးမြူ ထုတ်လုပ်မှုတွေကို ဦးစားပေးလုပ်ကိုင် ကြဖို့လိုလာတယ်။ မွန်ပြည်နယ်ဟာ ဆိုရင်လဲ ရေချိုရေငန် စပ်တဲ့ဒေသ ဖြစ်တဲ့အတွက် ငါးမွေးမြူထုတ်လုပ်မယ်ဆိုရင် အင်မတန်အကျိုး ဖြစ်ထွန်း စေတဲ့နေရာပါ။ ပြည်ပဝင်ငွေကိုလဲ ပိုမိုရရှိစေမှာပါ။ ခုက မွန်ပြည်နယ်မှာ ငါးမွေးမြူရေး လုပ်ငန်းလုပ်သူတွေဟာ စီးပွားဖြစ်လုပ်ကိုင် သူတွေထက် တစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်သူ တွေပဲများနေပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် ရေလုပ်ငန်းကရတဲ့ ပြည်ပဝင်ငွေမှာ တိုးလာတယ်ဆိုပေမယ့် အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင် အင်မတန်နည်း နေပါသေးတယ်"ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောပြသည်။

အဆိုပါသင်တန်းတွင် ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးကန်မြေ နေရာရွေးချယ်နည်း၊ ငါးကန်တူးဖော်ခြင်း နည်းစနစ်များ၊ မျိုးငါးရွေးချယ် နည်းအပါအဝင် ဘာသာရပ် ၁ဝ မျိုးခန့်ကို စာတွေ့၊လက်တွေ့သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, June 25, 2018

သား၊ ငါးကဏ္ဍ တိုးတက်စေရေး ခေတ်စနစ်နှင့် ကိုက်ညီမည့် လုပ်ငန်းများ ဆောင်ရွက်မည်



နေပြည်တော် ၂၅-၆-၂ဝ၁၈

သား၊ ငါးကဏ္ဍကို စိုက်ပျိုးရေး ကဏ္ဍနှင့်အတူ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီမှုဖြစ်စေမည့် လုပ်ငန်းများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်းရှိ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နေသကဲ့သို့ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာအနေဖြင့် မြန်မာ့ငါး လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ငါးလုပ်ငန်းစခန်း ၂၇ခု ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးလုပ်ငန်း စခန်းများမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ ၆၃၁၁ ဒသမ ၆၈၅သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ ငါးသားပေါက်များမှ ငါးသားပေါက်ကောင်ရေ ၅၂၉ဝ ဒသမ ၉၄၁ သိန်းကို ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများသို့ ရောင်းချပေးနိုင်ခဲ့ပြီး ငါးသားပေါက်ကောင်ရေ ၁ဝ၂ဝ ဒသမ ၇၄၄သိန်းကို ငါးသယံဇာတ မျိုးဆက်တည်တံ့ ထိန်းသိမ်းနိုင်ရေး အတွက် မျိုးစိုက်ထည့်ပေး နိုင်ခဲ့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး အတွက် အရေးကြီးဆုံးကဏ္ဍမှာ ဆန်စပါးကဏ္ဍဖြစ်ပြီး ဒုတိယအရေး ကြီးဆုံးကဏ္ဍသည် သားငါးကဏ္ဍ ဖြစ်သည်။

#Themyawadydaily

Tuesday, May 29, 2018

မွန်ပြည်နယ်တွင် ငါးမွေးမြူထုတ်လုပ်နိုင်မှု အားနည်း နေသေးဟုဆို



သထုံ ၂၉-၅-၂ဝ၁၈

မွန်ပြည်နယ်တွင် ငါးမွေးမြူ ထုတ်လုပ်နိုင်မှု အားနည်း နေသေးကြောင်း သထုံမြို့ရှိ မွန်ပြည်နယ် ငါးလုပ်ငန်းစခန်း၌ ယနေ့ကျင်းပ ပြုလုပ်သော ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသား ဖောက်သင်တန်း ဖွင့်ပွဲတွင် မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောပြ၍ သိရသည်။

မွန်ပြည်နယ်တွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်စာရင်းအရ ငါးမွေးမြူသူ ၁၅၇ ဦးရှိပြီး ငါးကန်စုစုပေါင်း ၁ဝဝဝ ဒသမ ၉၂ဧကရှိကြောင်း သိရသည်။

"မွန်ပြည်နယ်မှာက ငါးမွေးမြူ ထုတ်လုပ်နိုင်မှု ပမာဏထက် ထုတ်လုပ်နေတဲ့ ပမာဏက နည်းနေသေးတယ်။ ဒါကလဲ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဓိက မွေးမြူရေးထက် ကမ်းနီးကမ်းဝေး ဖမ်းဆီးမှုကရတဲ့ငါးက များပါတယ်။ လက်ရှိအချိန်မှာ အရင်ကထက် သဘာဝသယံဇာတ လျော့နည်းလာတဲ့အတွက် ရေရှည်စားသုံးမှု ဖူလုံဖို့ မွေးမြူထုတ်လုပ်ဖို့က လိုအပ်လာတယ်။ များများမွေးမြူ ထုတ်လုပ်နိုင်ဖို့ဆိုရင် မွေးမြူရေးလုပ်ကိုင်လို သူတွေကို လိုအပ်တဲ့ နည်းပညာတွေ၊ ပံ့ပိုးမှုတွေပေးဖို့ လိုအပ်ပါတယ်။ ဒါကိုလဲ အစိုးရအနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက် ပေးနေပါတယ်"ဟု ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပြသည်။

ငါးမွေးမြူ ထုတ်လုပ်နိုင်သူ ပိုမိုများလာစေရန် စနစ်ကျသော ငါးမွေးခြင်း နည်းပညာများ၊ ကိုယ်တိုင်သားဖောက် ထုတ်လုပ်နိုင်စေရန် ငါးဆေးထိုးသား ဖောက်သင်တန်းများ ဖွင့်လှစ်ပေးပြီး လိုအပ်သော အကူအညီများ ကိုလည်း ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက် ပေးနေကြောင်း ပြည်နယ်ဝန်ကြီးက ဆက်လက် ပြောပြသည်။

မွန်ပြည်နယ်အတွင်း ငါးစားနပ်ရိက္ခာ ဖူလုံစေရေးကို အထောက်အကူပြုနိုင်မည့် ငါးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ ငါးမွေးမြူခြင်း ပညာရပ်နှင့် ငါးဆေးထိုးသား ဖောက်ပညာရပ်များကို အခမဲ့သင်ကြားမှုများ ပြုလုပ်ပေး နေကြောင်း သိရသည်။ အဆိုပါ သင်တန်းများကို ၂ဝ၁၈ခုနှစ်တွင် လေးကြိမ်ခန့် ဖွင့်လှစ်ရန် လျာထားပြီး စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

#Themyawadydaily

Monday, May 21, 2018

ယခုနှစ်ငါး မဖမ်းရရာသီတွင် မွေးမြူရေး ငါးဈေးနှုန်းများ မြင့်တက်လာနိုင်



ရန်ကုန် ၂၁-၅-၂ဝ၁၈

ယခုနှစ် ငါးမဖမ်းရရာသီတွင် မွေးမြူရေး ငါးဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြငါးမွေးမြူရေး လုပ်ငန်းရှင်များ၏ သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ပင်လယ်ပြင်မှ ငါးပုစွန်များ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်စေရေးနှင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် လွန်ခဲ့သည့်ငါးနှစ်မှ စတင်ကာ နှစ်စဉ်ငါးမဖမ်းရရာသီ သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ငါး၊ပုစွန်များ သားပေါက်ရာသီဖြစ်သည့် မေ ၁၆ ရက်မှ သြဂုတ် ၁၅ရက်ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ဆောင်ရွက် ခဲ့သည်။

သို့သော် အဆိုပါကာလတွင် ပင်လယ်ရေလုပ်သားများ အလုပ်လက်မဲ့ မဖြစ်စေရန်နှင့် ပြည်ပရေထွက်ပို့ကုန် အအေးခန်းစက်ရုံ လုပ်ငန်းများ လုပ်ငန်းလည်ပတ်မှု အခက်အခဲမဖြစ်စေရေးနှင့် အဆိုပါစက်ရုံတွင် အလုပ်အကိုင်များ မပျက်စေရေးအတွက် လက်ရှိကမ်းဝေး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်း စက်လှေများမှ နှစ်ဆယ်ရာခိုင်နှုန်းကို အလှည့်ကျစနစ်ဖြင့် ငါးဖမ်းခွင့် ပြုပေးခဲ့သည်။

ထိုသို့ခွင့်ပြု ပေးသော်လည်း ကျန်သည့်ငါးဖမ်းစက်လှေ ရှစ်ဆယ်ရာခိုင်နှုန်းမှာ လုပ်ငန်းများရပ်နား နေသဖြင့် ဈေးကွက်သို့ ပင်လယ်ငါး ဝင်ရောက်မှုများမှာလည်း ရှစ်ဆယ်ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငါးမဖမ်းရရာသီတွင် ငါးဈေးကွက်အနေဖြင့် မွေးမြူရေးငါးများကိုသာ အားထားဆောင်ရွက် နေရသဖြင့် မွေးမြူရေးငါးများ ဈေးနှုန်းမြင့်တက် လာလေ့ရှိကြောင်း၊ ယခုနှစ်တွင် မွေးမြူရေး လုပ်ငန်းများလည်း ငါးထွက်ရှိမှုနည်း ပါးနေသဖြင့် ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ငါးဈေးကွက်နှင့် ငါးမွေးမြူရေးလုပ်ငန်း ရှင်များထံမှ သိရသည်။

#Themyawadydaily

Thursday, May 3, 2018

မြိတ်မြို့၌ ကင်းမွန်ငါးဖမ်း စက်လှေများ ယခင်နှစ်ထက် လဝက်စော၍ ငါးဖမ်းလုပ်ငန်းရပ်နား



မြိတ် ၃-၅-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၌ ကင်းမွန် (ပြည်ကြီးငါး) ငါးဖမ်းစက်လှေများ ငါးမဖမ်းရကာလ သတ်မှတ်ချက်ကြောင့် သာမန်ကင်းမွန် ငါးဖမ်းရာသီထက် လဝက်ခန့်စော၍ လုပ်ငန်းရပ်နား လိုက်ကြကြောင်း သိရသည်။

သာမန်အားဖြင့် ကင်းမွန်ငါးဖမ်း လုပ်ငန်းကို သြဂုတ်လမှ ဇွန်လအထိ ဆောင်ရွက်လေ့ ရှိသော်လည်း ယခုနှစ်တွင် ငါးသားပေါက်သေဆုံးမှု လျော့ကျရေးနှင့် ပင်လယ်ပြင်အတွင်း ငါးသယံဇာတ ရှားပါးမှု မရှိစေရေးအတွက် ငါးမဖမ်းရ ကာလသတ်မှတ်ချက်ကြောင့် မေလအလယ်တွင် လုပ်ငန်းရပ်နားရမည် ဖြစ်ကြောင်း ကင်းမွန် လုပ်ငန်းရှင်များထံမှ သိရသည်။

ကင်းမွန်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ရာတွင် သာမန်စက်လှေငယ် တစ်စင်းတွင် ရေလုပ်သား ရှစ်ဦးခန့်ရှိပြီး စက်လှေကြီးတစ်စင်းတွင် ရေလုပ်သား ၁၈ ဦးအထိ လုပ်ကိုင်လျက်ရှိရာ ကင်းမွန်ငါးဖမ်းလှေငယ် တစ်စင်းလျှင် ငွေကျပ် သိန်းနှစ်ရာနီးပါးခန့် ရင်းနှီးထားရပြီး လှေအကြီး တစ်စင်းလျှင် ငွေကျပ်သိန်းနှစ်ထောင်ခန့် အထိ ရင်းနှီးမြှုပ်နှံ၍ ကင်းမွန်ငါးဖမ်း လုပ်ငန်းကို လုပ်ကိုင်ကြရကာ မြိတ်ဒေသတွင် ကင်းမွန်ငါးဖမ်းစက်လှေ အစင်းရေ တစ်ထောင်ဝန်းကျင်ခန့် ရှိသည်။

ကင်းမွန်ငါးများကို အကောင်အရွယ် အစားအလိုက် အတန်းအစား ငါးမျိုးခွဲခြားကာ အရွယ်အစားအကြီး (၁၊၂ ၊ ၃) အတန်းအစားကို ၁၁ ပိဿာပါ ဗန်းတစ်ဗန်းလျှင် ငွေကျပ် ကိုးသောင်းအထိ ရရှိပြီး အရွယ်အစားငယ် (၄၊၅) အတန်းအစားကို ငွေကျပ်သုံးသောင်းခွဲမှ လေးသောင်းအထိ ရရှိကြောင်း သိရသည်။

#Themyawadydaily

Friday, September 29, 2017

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေအမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေးနမူနာယူ၍ ဆန်းစစ်မှုများ ပြုလုပ်နေ



မန္တလေး ၂၉-၉-၂၀၁၇

မန္တလေးမြို့ရှိ သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးအကောင်ရေ အမြောက်အမြား သေဆုံးခဲ့ခြင်းကြောင့် ရေအရည်အသွေး နမူနာယူကာ ဆန်းစစ်မှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြသည်။

မန္တလေးမြို့၌ ယခုလစတုတ္ထပတ် အတွင်းမိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး သင်္ဂဇာချောင်းအတွင်း တီလားဗီးယား ငါးကောင်ရေ အမြောက်အမြား စက်တင်ဘာ၂၇ရက် ည ၁ဝ နာရီတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ နေရာသို့ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနိုင်နှင့် သက်ဆိုင်ရာမှ သွားရောက်ကာ ၎င်းငါးများကို ဆယ်ယူရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

မန္တလေးမြို့ သင်္ဂဇာချောင်းအတွင်းရှိ ငါးများမှာ အောက်ဆီဂျင်ပြတ်လပ်မှု ကြောင့်သေဆုံးခဲ့သည်ဟု ယူဆထားသော်လည်း ၎င်းငါးများ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ တိကျသေချာစွာသိရှိနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေသန့်ဌာနမှ ပညာရှင်များက သင်္ဂဇာချောင်းရေကို ရေနမူနာရယူကာ စစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။

သင်္ဂဇာချောင်းအတွင်း၌ နှစ်စဉ်ငါးများ သေဆုံးနေသည့်အတွက် ချောင်းအတွင်းရှိ ငါးမျိုးစိတ်များအတွက် အန္တရာယ်အရှိဆုံးဖြစ်သည့် အမှိုက်သရိုက်များ အပါအဝင် နုန်းများကိုပါ ယခုနှစ်အတွင်း စက်ယန္တရားများဖြင့် ဆယ်ယူ ရှင်းလင်းပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် သင်္ဂဇာချောင်းအတွင်း ငါးများစွာသေဆုံးခဲ့သည့် အတွက်တခြားချောင်းများကိုလည်း ၎င်းဖြစ်စဉ်မျိုး ဖြစ်ပွားမှုမရှိစေရေး ချောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းများကို ဆယ်ယူပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုလက်ရှိ သင်္ဂဇာချောင်းအတွင်း ငါးများစွာ သေဆုံးခဲ့မှုကို သက်ဆိုင်ရာက ရေအရည်အသွေး စစ်ဆေးနေပြီး စစ်ဆေးချက်ထွက်ရှိလာပါက ရေအရည်အသွေး ကျဆင်းမှုကြောင့် သေဆုံးခဲ့ခြင်းမျိုးဟုတ်၊မဟုတ်ပြန်လည်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ၂ဝ၁၆ခုနှစ်က အလားတူဖြစ်စဉ်မျိုး တောင်သမန်အင်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, August 2, 2017

ရခိုင်ပြည်နယ်တွင် ၁ဝဝ ဂရမ်အထက် ကဏန်းများ ဖမ်းမိမှုနည်းလာ



စစ်တွေ ၂-၈-၂၀၁၇

ရခိုင်ပြည်နယ်တွင် ကဏန်း အလွန်အကျွံ ဖမ်းဆီးခြင်းများကြောင့် ၁ဝဝ ဂရမ်အထက် ကဏန်းများ ဖမ်းဆီးရမိမှု လျော့နည်းသွားကြောင်း ပြည်နယ်အတွင်း ရှိကဏန်း အဝယ်ဒိုင်များမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းများကို မြစ်၊ချောင်းများတွင် ဒေသခံများက ရှာဖွေဖမ်းဆီးလေ့ရှိပြီး ကဏန်းများနေထိုင်ရာ ဒီရေရောက်ဓနိတောများ ပြုန်းတီးလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် နှစ်ရှည်လများ ကဏန်းအလွန် အကျွံဖမ်းဆီးခြင်းတို့ကြောင့် ၁ဝဝ ဂရမ်အထက်ကဏန်း အကောင်ကြီးများ ဖမ်းဆီးရမိမှုလျော့နည်း ကျဆင်းနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ပင်လယ်ဆားငန်ရေ ဝင်ရောက်လာသော မြို့နယ်များရှိ ရွှံ့နွံထူထပ်သောမြစ်၊ ချောင်းများတွင် ကဏန်းများကိုရှာဖွေ ဖမ်းဆီးလေ့ရှိပြီး ဈေးကွက်မဝင်သည့် ကဏန်းငယ်များကို ရေလုပ်ငန်းရှင် များက တစ်ကောင်လျှင် ငွေကျပ် ၅ဝ၊ ငွေကျပ်၁ဝဝ ပေးကာ ဝယ်ယူနေကြပြီး ၎င်းတို့ကို ပုစွန်ကန်များတွင် ထည့်သွင်းမွေးမြူ ကြကြောင်း သိရသည်။

''၁ဝဝ ဂရမ်အောက်ကို မဖမ်းပါနဲ့လို့ ကျွန်တော်တို့ တားမြစ်ထားပေမယ့် ဖမ်းနေကြတုန်းပါပဲ။ ကဏန်းဖမ်းသမားတွေက ကဏန်းပေါက်လေးတွေနဲ့ ဥပြည့်ကဏန်းတွေကို အလွန်အကျွံ ဖမ်းဆီးကြတယ်။ ဥပြည့်ကဏန်းတွေကို ပြန်လွှတ်ပေးဖို့ ၁ဝဝ ဂရမ်အောက် ကိုမဖမ်းကြပါနဲ့ ဖမ်းမိရင်လဲ ပြန်လွှတ်ပေးကြဖို့၊ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ ကဏန်းဖမ်းသမားတွေက ၃ဝ၊ ၄ဝ ဂရမ်တွေလဲ ဖမ်းကြတာပါပဲ'' ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ညွှန့်ဝေက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းများမှာ အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ ၁ဝဝဂရမ် အထက် ကဏန်းတစ်ကောင်လျှင် ငွေကျပ်၅ဝဝ မှ ၁၅ဝဝထိ ဈေးပေါက်နေပြီး ၎င်းကဏန်းများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ရောင်း ချကြကြောင်း သိရသည်။

#Yadanarpondaily

Tuesday, August 1, 2017

ထိုင်းနိုင်ငံမှ ရောဂါပိုးပါသည့် တီလားဗီးယားများ ပြည်တွင်းသို့ ဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်သင့်



ရန်ကုန် ၁-၈-၂၀၁၇

ထိုင်းနိုင်ငံမှ တီလားဗီးယားငါး မွေးမြူရေးတွင် ရောဂါပိုးကျရောက် နေသည့်အတွက် ပြည်တွင်းသို့ဝင်ရောက်မှု မရှိစေရန် နယ်စပ်ဝင်ပေါက်များ မှတစ်ဆင့် တရားမဝင် ငါးတင်သွင်းမှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။

''တီလားဗီးယားက မြန်မာနိုင်ငံမှာ အောင်အောင်မြင်မြင် သားမဖောက်နိုင် သေးတဲ့အတွက် တီလားဗီးယားမွေးမြူဖို့ လိုအပ်တဲ့ငါးတွေကို ထိုင်းနိုင်ငံက အများဆုံး တင်သွင်းနေရတာဖြစ်ပါတယ်။ အခုထိုင်းနိုင်ငံမှာတီလားဗီးယားတွေ ရောဂါ ကျရောက်မှုကြောင့် ၃ဝ ရာခိုင်နှုန်းအထိ သေကျေပျက်စီး နေတယ်''ဟု ဦးဝင်းကြိုင်က ပြောသည်။

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် တီလားဗီးယားများမှ တစ်ဆင့် ပြည်တွင်းမှ ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းများနှင့် သဘာဝရေပြင်တွင် ရှိနေသည့် ငါး၊ ပုစွန်များကို ယင်းရောဂါများ ကူးစက်မှုရှိ၊ မရှိစစ်ဆေးပြီးမှသာ ရောင်းချ ခွင့်ပြုရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ တီလားဗီးယားငါး မွေးမြူရေးလုပ်ငန်းမှာ ရောဂါပိုးကူးနေကြောင်း ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန်ထားပြီး ပြည်တွင်းသို့ ထိုင်းနိုင်ငံမှ ငါးများတင်သွင်းရာတွင် ရောဂါကင်းရှင်းကြောင်း လက်မှတ်တောင်းဆိုရန်လိုအပ်သကဲ့သို့ ပြည်တွင်း၌လည်း သေချာထပ်မံစစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

ပြည်တွင်းသို့ လေကြောင်းလိုင်းမှ တရားဝင် တင်သွင်းသည့် ငါးများသည် ရောဂါပိုး ပါမလာစေရန် စနစ်တကျထိန်းချုပ် နိုင်သော်လည်း ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်း လာသည့်ငါးများကို ရောဂါးပိုးရှိ၊ မရှိစစ်ဆေးရန် မရနိုင် သဖြင့် တရားမဝင် ဝင်ရောက်မှုကို ထိန်းချုပ်ရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 18, 2017

ပင်လယ်ငါးဖမ်း စက်လှေများ ငါးဖမ်းဆီးခွင့် ရက်ထက်ကျော်လွန်ပါက ပုံမှန်သတ်မှတ်ထားသည့် ဒဏ်ကြေးများအတိုင်း ပေးဆောင်ရမည်



နေပြည်တော် ၁၈-၇-၂၀၁၇

ပင်လယ်ငါးဖမ်း စက်လှေများ ငါးဖမ်းဆီးခွင့်ရက်ထက် ကျော်လွန်ပါက ပုံမှန်သတ်မှတ်ထားသည့် ဒဏ်ကြေးများအတိုင်း ပေးဆောင်ကြရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းများအရ သိရသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ယခုနှစ်မေ၊ ဇွန်နှင့် ဇူလိုင်လတို့ကို ငါးဖမ်းမရကာလအဖြစ် သတ်မှတ်ကာ ကမ်းဝေးငါးဖမ်း ရေယာဉ်များကို လုပ်ငန်းအမျိုးအစား အလိုက်ရေယာဉ်စင်းရေ၏ ၃ဝ ရာခိုင်နှုန်း ကိုသာ ငါးဖမ်းဆီးခွင့် ပေးခဲ့သည်။

ထို့ပြင် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် ငါးဖမ်းရာသီက ပင်လယ်ပြင်၌ ငါးဖမ်း ဆောင်ရွက်နေသည့် အချိန်ကာလကို ရက်ပေါင်း ၉ဝထိ ဖမ်းဆီးခွင့် ပြုခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းရာသီ၌ ရက်ပေါင်း ၆ဝသို့ လျှော့ချရန်သဘောတူညီမှု များရှိထားပြီး ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်သည် ယခုနှစ် စက်တင်ဘာ ၁ရက်တွင် စတင်အကျုံးဝင်မည် ဖြစ်သည်။

ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေသည့် ငါးဖမ်းစက်လှေများ အနေဖြင့် ပင်လယ်ပြင်တွင် သတ်မှတ်ထားသည့် ငါးဖမ်းရက် ထက်ကျော်လွန်ကာ ဖမ်းယူပါက တစ်ရက်မှငါးရက်ထိ ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ငွေကျပ် ၅ဝဝဝဝ၊ ၁ဝရက်ထိကျော်လွန်ပါ ကတစ်ရက်လျှင် ငွေကျပ် ၁ဝဝဝဝဝ၊ ၁၁ ရက်မှ ၁၄ရက်ထိကျော်လွန်ပါ က တစ်ရက်လျှင်ငွေကျပ်၂ဝဝဝဝဝ သတ်မှတ်မည်ဖြစ်ပြီး ၁၅ရက် အထက်ကျော်လွန်ပါက စည်းကမ်းပျက်ရေယာဉ်အဖြစ် သတ်မှတ်အရေးယူမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, July 13, 2017

နှစ်စဉ်ငါးသယံဇာတ ရရှိမှုပေါ်မူတည်၍ ငါးဖမ်းဆီးခြင်းကို သုညရာခိုင်နှုန်း သို့မဟုတ် တိုးမြှင့်ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးမည်




ရန်ကုန် ၁၃-၇-၂၀၁၇

မြန်မာနိုင်ငံအတွင်း သဘာဝငါး သယံဇာတများ အလွန်အကျွံ ဖမ်းဆီးမှု များကြောင့် ယခုနောက်ပိုင်းတွင် ကန့်သတ်ထားပြီး နှစ်စဉ် ငါးသယံဇာတရရှိမှု ပေါ်မူတည်၍ ငါးဖမ်းဆီးခြင်းများကို သုညရာခိုင်နှုန်း သို့မဟုတ်တိုးမြှင့် ခွင့်ပြုခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ သဘာဝငါး သယံဇာတများ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ငါးမဖမ်းဆီးရ ကာလအဖြစ် မေလမှ ဇူလိုင်လအထိ သုံးလသတ်မှတ်ထားပြီး မိုးရာသီအတွင်း ရပ်နားထားသော ဝိုင်းချူပိုက်၊ အင်္ဂလန် ကျားပိုက်၊ ကင်းမွန်နှင့် မြှုံး (ကဏန်း) ငါးဖမ်းယာဉ်များမပါ ကျန်ကမ်းဝေးငါး ဖမ်းယာဉ်များကို လုပ်ငန်းအမျိုးအစား အလိုက်ရေယာဉ် အစင်းရေ၏ ၃ဝ ရာခိုင်နှုန်းသာ ဖမ်းဆီးခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် သတ်မှတ်ကာလ များအတွင်း ခွင့်မပြုဘဲ စည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးနေသော ကမ်းဝေးငါးဖမ်းယာဉ်များကို ငါးဖမ်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းနေမှုကို သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ စစ်ဆေးအရေးယူ နေပြီးနောက်ပိုင်းတွင် သဘာဝငါးသယံဇာတများ ဖမ်းဆီးခြင်းထက် မွေးမြူခြင်းလုပ်ငန်းများ မှတစ်ဆင့် ထုတ်လုပ်နိုင်ရန် မွေးမြူရေး လုပ်ငန်းရှင်များနှင့် ညှိနှိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်၌ လိုင်စင်မဲ့ငါးဖမ်း ဆီးနေမှုများကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ငါးဖမ်းယာဉ် အစင်းရေ ၇၄ စင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, July 10, 2017

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငါးဖမ်းကွက်အင်း ၂၃ဝကျော်ကို လေလံစနစ်ဖြင့် ရောင်းချပေးပြီးဖြစ်



မုံရွာ ၁၀-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းအင်း ၃၅၁ အင်းရှိရာ ၎င်းအင်းများထဲမှ အင်း၂၃ဝကို ယခုဘဏ္ဍာနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံခန့်ခွဲကြီးကြပ် စစ်ဆေးခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိ စေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို ညွှန်ကြားချက်များ နှင့်အညီ အကောင်အထည် ဖော်ဆောင်ရန်အတွက် တိုင်းဒေသကြီး အတွင်းရှိအင်းများကို လေလံစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

''တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အင်းတွေကို နိုင်ငံတော်အတွက် ဝင်ငွေရရှိစေဖို့၊ ဒေသခံရေလုပ်သား တွေနဲ့ရေလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့အတွက် လေလံစနစ်နဲ့ ရောင်းချပေးတာပါ။ အခုဘဏ္ဍာနှစ် မှာ အင်း၂၃ဝကို ရောင်းချပြီးပါပြီ။ ကျန်တဲ့အင်းတွေကိုလဲ ဆက်လက်ရောင်းချ ပေးသွားမှာပါ''ဟုစစ်ကိုင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စစ်ကိုင်းခရိုင်တွင် ၉၆ အင်း၊ ရွှေဘိုခရိုင်တွင် ၁၇ အင်း၊ မုံရွာခရိုင်တွင် ၂၂အင်း၊ ယင်းမာပင်ခရိုင်တွင် ၁၇အင်း၊ ကသာခရိုင်တွင် ၁၅၁အင်း၊ ကလေးခရိုင်တွင် ၁၂အင်း၊ မော်လိုက်ခရိုင်တွင် ၁၁အင်း၊ ခန္တီးခရိုင်တွင် ၁၃အင်းနှင့်တမူးခရိုင် တွင် ၁၂အင်း စုစုပေါင်း ၃၅၁ အင်းရှိရာ ယခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းခရိုင်တွင် ၆၂အင်း၊ ရွှေဘိုခရိုင်တွင် ၁၁အင်း၊ မုံရွာခရိုင်တွင် ၁၅အင်း၊ ယင်းမာပင်ခရိုင်တွင် ခြောက်အင်း၊ ကသာခရိုင်တွင် ၁၂၁အင်း၊ ကလေးခရိုင်တွင် လေးအင်း၊ မော်လိုက်ခရိုင်တွင် ခုနစ်အင်း၊ ခန္တီးခရိုင်တွင် လေးအင်းစုစုပေါင်းအင်း ၂၃ဝရောင်းချပြီး ဖြစ်ကြောင်း၊ ကျန်ရှိသော၁၂၁ အင်းကိုလည်း ဆက်လက်ရောင်းချ ပေးလျက်ရှိ
ကြောင်း သိရသည်။

#yadanarpondaily

Tuesday, July 4, 2017

ပြည်ပတင်ပို့မည့် ငါးရှဥ့်များကို ၃ စင်တီမီတာရှိ ဆန်ခါဖြင့်စိစစ်ပြီးဆန်ခါ ပေါ်တင်သည့်ငါးရှဥ့်များသာ တင်ပို့ခွင့်ပြုမည်



ရန်ကုန် ၄-၇-၂၀၁၇

ပြည်ပသို့ ငါးရှဥ့်တင်ပို့မည့် ဒိုင်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များ သွားရောက်ပြီး ၃ စင်တီမီတာရှိ ဆန်ခါဖြင့်စိစစ်ကာ ဆန်ခါအောက်ကျသည့် ငါးရှဥ့်များကို သဘာဝရေပြင်သို့ ပြန်လည်လွှတ် ပေးမည်ဖြစ်ပြီး ယင်းထက် အရွယ်ကြီးသော ငါးရှဥ့်များကိုသာပြည်ပသို့ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ထံမှ သိရသည်။

မြန်မာနိုင်ငံမှ ငါးရှဥ့်များကို တရုတ်နိုင်ငံသို့ မူဆယ်လမ်းကြောင်းမှ Border Trade စနစ်ဖြင့် တင်ပို့နေပြီး ဒုတိယအဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကာ တရုတ်နိုင်ငံသည် ငါးရှဥ့်လိုအပ်ချက်များ နေသောကြောင့် တင်ပို့နိုင်ရေး အတွက် ငါးရှဥ့်ဖမ်းသူများမှာ ငါးရှဥ့်အရွယ်အစား မျိုးစုံကို ဖမ်းဆီးနေရသည်။

ငါးရှဥ့်ကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရွှေဘိုမြို့နှင့်ရေဦးမြို့ တို့မှဖမ်းဆီးရရှိပြီး ယင်းဒေသများမှ ရရှိသည့် ငါးရှဥ့်များကို ပြည်ပသို့ အများဆုံးတင်ပို့ နေကြောင်း သိရသည်။

ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ငါးရှဥ့်များကို မျိုးမသုဉ်းစေရန်ရည်ရွယ်၍ ၂၀၀၅ ခုနှစ်ကတည်းက ငါးရှဥ့်ဖမ်းဆီးရာတွင် လျှပ်စစ်ရှော့ခ်တိုက် ဖမ်းဆီးခြင်း၊ အဆိပ်အတောက် ဓာတုဗေဒပစ္စည်း နှင့် အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများကို အသုံးပြုပြီး ဖမ်းဆီးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

Friday, June 16, 2017

မန္တလေးတိုင်းဒေသကြီးအတွင်း ငါးထုတ်လုပ်မှု လုံလောက်ခြင်းမရှိ၍ ရန်ကုန်မြို့မှ ငါးပိဿာချိန် ၄ဝဝဝဝ ခန့်နေ့စဉ် မှာယူနေရ



မန္တလေး ၁၆-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ငါးစားသုံးသည့် လူဦးရေနှင့်အညီ ငါးထုတ်လုပ်နိုင်မှုမရှိ သေးသဖြင့် စားသုံးသူဦးရေနှင့် လုံလောက်စွာ ရောင်းချနိုင်ရန် ရန်ကုန်မြို့မှ ငါးပိဿာချိန် ၄ဝဝဝဝခန့် နေ့စဉ် မှာယူနေရကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

''တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကတော့ အရင်ကထက် တိုးတက်ပြီး မွေးမြူလာတာ မရှိသေးပါဘူး။ ပုံမှန်ပါပဲ။ အခုဆို တိုင်းဒေသကြီးအတွင်းမှာ ငါးစားသုံးသူဦးရေနဲ့ လုံလောက်အောင် ထုတ်လုပ်နိုင်မှုမရှိသေးပါဘူး။ လက်ရှိတော့ လုံလုံလောက်လောက်ရောင်း ချနိုင်အောင် ရန်ကုန်မြို့ကနေ ငါးပိဿာချိန် ၃ဝဝဝဝကျော်၊ ၄ဝဝဝဝလောက် နေ့စဉ်မှာယူ နေရပါတယ်''ဟုမန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရန်ကုန်မြို့မှ မှာယူရသောငါးများမှာ တစ်ညကြိုတင် ဖမ်းယူရပြီးရေခဲနှင့် သေချာထုပ်ပိုး၍ နောက်တစ်နေ့တွင် ရန်ကုန်မြို့မှ တစ်နေ့တာခရီး မောင်းနှင်ပြီး မန္တလေးမြို့သို့ ရောက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှထွက်ရှိသော ငါးများသည် ယနေ့ဖမ်း၍ ယနေ့ချက်ချင်း စားသုံးသူများထံသို့ တိုက်ရိုက် ရောင်းချနိုင်ကြောင်း၊ ထိုသို့ တိုင်းဒေသကြီးအတွင်း စားသုံးသူ အရေးအတွက်နှင့် ထုတ်လုပ်မှုညီမျှစွာ ထုတ်လုပ်နိုင်ပြီး ပိုမိုလတ်ဆတ်သည့် ငါးများကို စားသုံးသူများလက်သို့ ဖြန့်ဖြူးရောင်း ချနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် ငါးစားသုံးမှုမှာ တစ်ရက်လျှင် ပိဿာချိန် ၆ဝဝဝဝကျော်ရှိပြီး စားသုံးသူဦးရေနှင့် ညီမျှစေရေး လုံလောက်စွာ ထုတ်လုပ်နိုင်ရန် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုးချဲ့လုပ်ကိုင်နိုင်ရန်မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မြေယာသုံးစွဲခွင့် ငါးမွေးမြူရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး တင်ပြထားပြီး ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်း အဖွဲ့ချုပ်နှင့်လည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Wednesday, June 14, 2017

ဈေးကွက်ဝယ်လိုအားမြင့်တက်နေသော်လည်း ကင်းပုစွန်ရှားပါးမှုနှင့်တွေ့ ကြုံ




ရန်ကုန် ၁၄-၆-၂၀၁၇

ပြည်တွင်းပြည်ပ ဈေးကွက်၌ ကင်းပုစွန်ဝယ်လိုအား ပိုမိုမြင့်တက် လာသော်လည်းကင်းပုစွန် တဖြည်းဖြည်း ရှားပါးလာသဖြင့် ရေလုပ်ငန်းရှင်များ ဈေးကွက်သို့တင်ပို့နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။

ကင်းပုစွန်မှာ ပြည်တွင်းပြည်ပဈေးကွက် နှစ်မျိုးစလုံး၌ ဈေးကောင်းရရှိနေပြီး တရုတ်၊ တရုတ် (တိုင်ပေ)နှင့် ဟောင်ကောင်တို့က ပြည်တွင်းမှ ကင်းပုစွန်များကို ကြိုက်နှစ်သက် ကြသည်။

လက်ရှိတွင် ပြည်တွင်း၌ ပင်လယ်စာ ရောင်းချသည့်ဆိုင်များ ပိုမိုများပြားလာခြင်းကြောင့် ကင်းပုစွန်ဝယ်လိုအား မြင့်တက်လျက်ရှိသည်။

''ဒီနှစ်အပူချိန်များတော့ ကင်းပုစွန်၊ ကျောက်ပုစွန်နဲ့ ခုံးကောင်ယောက်သွားမတွေ သေဆုံးမှုများတယ်။ ကင်းပုစွန်တွေကို ရန်ကုန်မြို့မှာရှိတဲ့ ကုမ္ပဏီတွေကနေတစ်ဆင့် ပြည်ပကိုတင်ပို့ ရောင်းချပါတယ်။ လက်ရှိမှာ ဝယ်လိုအား ရှိနေတာကြောင့် ဈေးနှုန်းတွေမြင့်တယ်။ ကျောက်ပုစွန်၊ ကင်းပုစွန်နဲ့ ခုံးကောင်ယောက်သွားမတွေ ဝယ်ယူစုဆောင်း မွေးမြူပြီး တင်ပို့ရောင်းချနေတဲ့ သူတွေက ကျောက်ဖြူမြို့မှာဆိုရင် ၂၇ ဦးလောက်ရှိပါတယ်''ဟု ကျောက်ဖြူ ကျောက်ပုစွန်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကင်းပုစွန်၏ လက်ရှိဈေးနှုန်းမှာ ထွက်ရှိရာဒေသ၌ ၁ ကီလိုဂရမ်လျှင် ငွေကျပ် ၁၅ဝဝ ခန့်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, June 1, 2017

ငါးမျိုးပြုန်းတီးခြင်းနှင့် ပြည်တွင်းငါး ဈေးကွက်




နွယ်ဦးမွန် (ကျုံဒါး) ၁-၆-၂၀၁၇

ပြည်တွင်းငါး၊ ပုစွန်ကဏ္ဍာမှာ တစ်စထက်တစ်စ ဖမ်းဆီးရရှိမှု နည်းပါးလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ရှားပါး လာရခြင်း အကြောင်းအမျိုးမျိုးရှိသည့် အနက်ရာသီဥတု ဖောက်ပြန်မှုနှင့် လူတို့၏ပယောဂကြောင့် ဖြစ်ရသော အကြောင်းနှစ်ချက် သည်လည်း အပါအဝင်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်သည့် နောက်ပိုင်းနှစ်များတွင် မိုးရွာသွန်းမှုနှင့် ဆီးနှင်းကျမှုတို့ နည်းပါးလာသည်ကို တွေ့ရသည်။ ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ငါးမြွေထိုး၊ ကဘီလူး၊ ကပုလဲ၊ ငါးပတ် စသည့်ငါးများသည် မိုးဦးကျ မိုးရွာသည်နှင့် လယ်ကွင်း၊ တောကွင်း၊ ချောင်း၊ မြောင်း၊ကန် စသော မိုးရေပြည့်သည့် နေရာများ၌ မိတ်လိုက်ကြသည်။ ငါးရစ်တက်သည် ဟုလည်း ခေါ်သည်။

ထို့နောက် ဥချ၍ သားပေါက်ကြသည်။ ပုစွန်များသည် လယ်ကွင်းထဲ၌ရှိသော ရိုးပြတ်များ၊ မြက်ပင်ခြောက်များ၊ ကန်သင်းဘေး ရေညှိရေမှော်များ၌ ဥများချကြသည်။ ထိုဥများသည် မိုးရေထဲတွင် အကောင်ပေါက်သည်။ မိုးများများ ရွာ၍မိုးရေများများ လျှံလျှင်ငါး၊ပုစွန်တို့ များများပေါက်သည်။ မိုးနည်းပါက ဥတို့ပျက်စီးကာ ငါး၊ပုစွန်တို့ အပေါက်နည်းရသည်။ မိုးရေမထိသော ငါးဥ၊ပုစွန်ဥများ ဆိုလျှင်လုံးဝပျက်စီး ကြရသည်။

နောက်တစ်ချက်မှာ ပင်လယ်ဒီရေတောများ ပျောက်ကွယ်သွားခြင်းနှင့် ပင်လယ်ဆုတ်သွား၍ သောင်များ၊ ကျွန်းများ၊ ကုန်းများထွန်းသော အကြောင်းကလည်း ငါးများ၊ ပုစွန်များပေါက်ပွားရန် ဥချရမည့်နေရာများ နည်းပါးသွားခြင်း ထဲတွင်တစ်ခု အပါအဝင် ဖြစ်သည်။

ထို့ပြင်လူတို့၏ မဆင်မခြင် ငါးဖမ်းဆီးမှုများကြောင့် ငါးမျိုးသုဉ်းရသည်လည်း ရှိသည်။ မိုးဦးကျသည်နှင့် ငါးရစ်တက်လာသော ငါးများကို ဖမ်းဆီးကြသည်။ ငါးစင်ရိုင်း၊ ငါးပတ်၊ ငါးရံ့၊ ငါးခူ၊ ငါးဖန်ဝိုင်း၊ ငါးရှဥ့်၊ ငါးလင်ပန်း၊ ကဘီလူး၊ ကသပိုးစသည့် ငါးများက မိုးရေရှိသော လယ်ကွင်းများထဲသို့ အလုအယက်တက်၍ မိတ်လိုက်ကြသည်။

ထိုငါးများသည် မရေမတွက်နိုင်အောင် အုပ်ချီ၍ တက်လေ့ရှိပြီး မည်သည့်အန္တရာယ်ကိုမျှ ဂရုမထားတတ်သောကြောင့် လူတို့က လက်ဖြင့်လည်းဖမ်း ကြသည်။ ဓားဖြင့်လည်း ခုတ်ယူကြသည်။ ပိုက်ကွန်ပစ်၍လည်း ဖမ်းကြသည်။တောရွာများ၌ ငါးရစ်ခုတ်သည် ဆိုသောစကား တစ်လုံးသည် မိုးဦးကျအခါတွင် အတော်ပင် ရေပန်းစားသည်။ မီးအုပ်ဆောင်းများ၊ ဓာတ်မီးများ၊ ဘက်ထရီ မီးချောင်းများကို အသုံးပြု၍ လူတိုင်းနီးပါး ငါးရစ်ခုတ် ထွက်ကြသည်။တချို့က ဟင်းစားရှာသည်။

တချို့က စီးပွားဖြစ် ဖမ်းကြသည်။ ယင်းတားခြင်း၊ မြှုံးထောင်ခြင်းသာမက ပိုက်တို့နှင့်လည်း ထောင်ဖမ်းကြသည်။ ထိုလူတို့ဖမ်းယူသော ငါးများမှာ ဥကပ်၍ ငါးမျိုးဆက်များကို ထုတ်လုပ်ပေးမည့် မျိုးငါးများသာ ဖြစ်ကြသည် ထိုငါး များ၏ဗိုက်ထဲ၌ အကောင်စေ့ ဥပြည့်ဖြစ်သည်ကို တွေ့ရသည်။ ထိုဥငါးများကို ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့် ငါးမျိုးသုဉ်းကာ ငါးရှားပါးလာရခြင်း ဖြစ်သည်။

လယ်ယာလုပ်ငန်းခွင်၌ လယ်သမားများ ဓာတုဗေဒပိုးသတ်ဆေးများ သုံးစွဲခြင်းကြောင့်လည်း ငါး၊ပုစွန်များ သေကျေပျက်စီး ရသည်။ လယ်ကွင်းထဲ၌ရှိသော ငါး၊ပုစွန်တို့ သေကျေပျက်စီး ရုံတင်မကဘဲ ထိုလယ်ထဲရှိ ပိုးသတ်ဆေး များနှင့်ရောနှော နေသောရေများသည် မိုးရေနှင့်အတူ ချောင်းများ၊ မြစ်များအတွင်းသို့ စီးဆင်းသွားကြ ပြန်သည်။ ထိုရေများသည် အဆိပ်ရေများ သဖွယ်ဖြစ်သောကြောင့် မြစ်ချောင်းများ၌ ရှိသောငါး၊ ပုစွန်တို့သေကျေ ရပြန်သည်။

ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ ထိုအဆိပ်ရေများ ဆက်လက်စီးဆင်းရောက်ရှိ သွားပြန်လေသည်။ ထိုရေဆိုးများ၏ ဒဏ်ကိုပင်လယ်ပြင်ရှိ ရေသတ္တဝါတို့ အနည်းနှင့်အများ ခံရဖွယ်ရှိသည်မှာ မလွဲပေ။

စည်းကမ်းမစောင့်သော ရေလုပ်သားများကြောင့် လည်းပါသည်။ မေ၊ဇွန်နှင့် ဇူလိုင်လမြန်မာလို တန်ခူးလ၊ကဆုန်လနှင့် နယုန်လတို့သည် ငါးများမိတ်လိုက် ဥချသော ရာသီဖြစ်သည်။ ထိုအချိန်တွင် ငါးဖမ်းခြင်းကို မရှောင်ကြဘဲ လက်လွတ်စပယ် ဖမ်းဆီးနေကြသည်။ ဥများဖြင့်ပြည့်နေသော ငါးမကြီးများသေကျေ ကြရသည်။ ထိုအချိန်တွင် ဖမ်းမိသည့်ငါးများ၏ ဗိုက်ထဲ၌ ငါးဥပေါင်း သိန်းနှင့်ချီ၍ သန္ဓေလွယ်ထားသော ငါးမကြီးများသာ ဖြစ်သည်။

ရှေးက ရေလုပ်သားကြီးများသည် တန်ခူးလပြည့်မှ ဝါဆိုလပြည့်အထိ ပိုက်မျှောခြင်း၊ ငါးဖမ်းခြင်းကို ရှောင်ကြသည်။ ယင်းကို ဝါရှောင်သည်ဟု ခေါ်သည်။ ငါးများဥချ သားပေါက်နေသော အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ ဥငါးများ ကိုမဖမ်းအပ်၊ မစားအပ်ဟု အယူရှိသည်။ ငါးသလောက်ဆိုလျှင် ၅ဝ ကျပ်သားအောက်ငါးကို မဖမ်းပေ။ ပိုက်ကွက်ကလည်း ငါးသေးများကို မမိသော ပိုက်ကွက်ကျဲ ဖြစ်သည်။ ယနေ့ခေတ် ရေလုပ်သားများ အသုံးပြုသော ပိုက်ကွက် သည်အလေးချိန် ငါးကျပ်သားရှိသည့် ငါးကိုပင် မိသည့်ပိုက်ကွက် ဖြစ်သည်။ ရေလားငါးလား ပိုက်ဖြင့်ဖမ်း ကြသည်။

ပိုက်ကွက်သည် မည်မျှအတိုင်းအတာ ရှိသည့်ပိုက်ကွက်ဖြင့် ဖမ်းရမည်၊မည်သည့် ရာသီတွင် မဖမ်းဆီးရ၊ ပုစွန်တုပ်ကိုလည်းကောင်း၊ ကဏန်းကိုလည်းကောင်း၊ တခြားငါးများကို လည်းကောင်း မည်မျှသေးငယ်လျှင် မဖမ်းဆီးရဟု ဥပဒေသတ်မှတ် ထားသော်လည်း လိုက်နာဟန်မတူကြပါ။ တစ်ခါတွင် ပုစွန်တုပ်ဝယ်သည့် ပုဂ္ဂလိကဒိုင်တစ်ခု၌ ပုစွန်တုပ်ကြီး၏ ဗိုက်၌ကပ်နေသော ဥများကိုဖယ်ပစ်နေ၍ မေးကြည့်ရာ ''ဒီအချိန်ပုစွန်ဥတဲ့ ရာသီဖြစ်လို့ မဖမ်းရဘူး။ ဥပုစွန်ကိုဖမ်းရင် အရေးယူခံရမယ်။ ဒါကြောင့် ဥတွေကိုဖယ်ပစ်နေတာ'' ဟုပြောသည်။ ဤသို့ ဥပဒေကို လက်တစ်လုံးခြား လုပ်ကာဖမ်းဆီး ရောင်းချ နေကြသည်။ ထို့ကြောင့်အဖိုးတန် သောပုစွန်တုပ်ကြီးများ အလွန်ရှားပါး လာရ ခြင်းဖြစ်သည်။

ပင်လယ်ပြင်၌လည်း သမားရိုးကျပိုက်များ ဖြင့်မျှော၍ ငါးဖမ်းခြင်း မဟုတ်တော့ဘဲ ဂျုတ်ဟုခေါ်သော ရေကြမ်းပြင်ထိ တရွတ်တိုက်ဆွဲသည့် ပိုက်များဖြင့် ဖမ်းကြသောကြောင့် ငါးမှန်သမျှ အလွတ်မရှိဘဲ ငါးပြုန်းတီး လေသည်။ယခင် ကပင်လယ်ပြင်၌ ထောင်ကြသော အင်္ဂလန်ကျား ပိုက်များ၏ နေရာတွင်ဘုံကျောင်း ပိုက်များဖြင့် တရားမဝင်အကြီးအကျယ် ခိုးထောင်ကြသော ကြောင့်လည်း ငါး၊ပုစွန်များ အလွန်အကျွံပြုန်းတီး ပျက်စီးကြလေသည်။

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့် အချိန်ကာလ (Close Season) နှင့်ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့်ဒေသ (Close Area) များကို ငါးများပေါက်ပွား တတ်သည့် အချိန်ကာလအလိုက် ငါးသယံဇာတများ ထိန်းသိမ်း ရေးအတွက် သတ်မှတ်ထားရှိသည်။

မြန်မာနိုင်ငံ၌လည်း ငါးသယံဇာတများ ပြုန်းတီးလျော့ပါး လျက်ရှိရာ သုတေသန ပြုချက်အရ ရေငန်ငါး (ပင်လယ်ငါး) မျိုးအပိုင်း၌ နှစ် ၃ဝ အတွင်း ရေပေါ်ငါး ၉ဝ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါးမှာ ၆ဝ ရာခိုင်နှုန်းခန့် လျော့ပါး လျက်ရှိကြောင်း တွေ့ရှိရသည် ဟုဆိုသည်။ ငါးရစ်ငါးသန် ချိန်များတွင် ငါးများကို ဖမ်းယူခြင်း မပြုကြရန် အမိန့်ကြော်ငြာစာအမှတ် (၂/၉၂) ထုတ်ပြန်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ပါက တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ရေချိုရေငန်ဥပဒေအရ ဖမ်းဆီး၍ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ငါးသယံဇာတများ ပေါများပြီး ပြည်သူတို့ထာဝရ စားသုံးနိုင်ရန် နိုင်ငံတော်က ချမှတ်ထားသော စည်းကမ်းဥပဒေများကို လိုက်နာစောင့်ထိန်း ကြခြင်းဖြင့် ယခုလို မိုးဦးကျအခါတွင် မျိုးငါးများဖြစ်သော ငါးရစ်ငါးသန်များကို ဖမ်းယူခြင်းမှ ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ စာ (၅)

#Themyawadydaily

Monday, May 22, 2017

မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းတွင် ဘဏ်ချေးငွေအခက်အခဲနှင့် ပုစွန်လုပ်ငန်းတွင် သားပေါက်အခက်အခဲများ ကြုံတွေ့နေရ



ရန်ကုန် ၂၂-၅-၂၀၁၇

မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းတွင် ဘဏ်ချေးငွေ အခက်အခဲနှင့် ပုစွန်လုပ်ငန်းတွင် သားပေါက် အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါလုပ်ငန်းရှင် အသင်းများထံ မှသိရသည်။

မြန်မာနိုင်ငံ၏ ငါးမွေးမြူရေး လုပ်ငန်း ၉ဝ ရာခိုင်နှုန်းမှာ ဘဏ်ချေးငွေ မရရှိဘဲ ပြင်ပချေးငွေကိုသာ အားကိုးနေရပြီး အတိုးနှုန်း များပြားသည့် အခက်အခဲကြုံတွေ့နေရ ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဋ္ဌ ဦးစိုးတင့်က ပြောပြသည်။

ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ငါးရောဂါတွေအတွက် ဓာတ်ခွဲခန်း၊ စမ်းသပ်ခန်းတွေ စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ ၁၉၉ဝ-၂ဝဝ၈ ခုနှစ်ထိ ငါးလုပ်ငန်းက အခြေအနေကောင်း ခဲ့ပါတယ်။ ဒါပေမဲ့ နာဂစ်ဖြစ်ပြီး နောက်ပိုင်း အခြေအနေတွေက ယိမ်းယိုင်နေတဲ့အပြင် ငါးမွေးမြူရေးရဲ့ ၉ဝရာခိုင်နှုန်းက ဘဏ်ချေးငွေမရ ခဲ့ကြဘဲ ပြင်ပချေးငွေ အားကိုးနေ ရတဲ့အတွက် အတိုးများနေပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

နိုင်ငံတွင်း ငါးမွေးတောင်သူများမှာ လုပ်သားအခက်အခဲ၊ အစာအခက်အခဲများ ကြုံတွေ့ရလျက်ရှိပြီး ငါးပုစွန်ကဏ္ဍအတွက် Research & Development ဆောင်ရွက်ရန် လိုအပ်လျက် ရှိနေကြောင်း သိရသည်။

ပုစွန်မွေးမြူရေး လုပ်ငန်းများ အနေဖြင့် လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရေငန်ပုစွန်အပြင် ရေချိုပုစွန်ပါ တင်ပို့နေခြင်းများရှိပြီး သားငါးကဏ္ဍတွင် ပုစွန်သည် တန်ဖိုးမြင့် ကုန်ပစ္စည်းဖြစ်သော်လည်း မွေးမြူသည့် အပိုင်းတွင် ၂ဝရာခိုင်နှုန်း သာရှိကာ ဖမ်းဆီးမှုမှာ ၈ဝရာခိုင်နှုန်းခန့် ရှိနေခြင်းကြောင့် မွေးမြူရန်သားပေါက် အခက်အခဲရှိနေမှုများ ကြုံတွေ့နေရကြောင်း ပုစွန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်ထွန်းမြင့်က ပြောပြသည်။

''သဘာဝမျိုးပုစွန်တွေကို ထိန်းသိမ်း၊ အဆင့်မြှင့်တင်ဖို့ လိုအပ်နေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက Tiger ပုစွန် (ပုစွန်ကျား) မဟုတ်ဘဲ ပုစွန်ဖြူထုတ်လုပ်တဲ့ အတွက် ဈေးကွက်တက်လာ ပါတယ်။ ထိုင်းကပုစွန် ဖြူတန်ချိန် ခြောက်သိန်း နီးပါးထွက်တယ်။ မြန်မာပြည်မှာ လဲပုစွန်ဖြူမွေး မြူရေးလုပ်ဖို့ အကြံပြုချင်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အခက်အခဲများကို မေ ၂ဝ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်တွင် ကျင်းပခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တွေ့ဆုံပွဲတွင် ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရသည်။

#Yadanarpondaily

Wednesday, February 3, 2016

ငါးထုတ်လုပ်မှုကဏ္ဍတွင် ငါးဖမ်းဆီးမှုလျှော့ချ၍ မွေးမြူသည့်စနစ်များ တိုးတက်လာရန် စီမံချက်ချ၍ ဆောင်ရွက်သွားမည်





ရန်ကုန် ၊ ၃-၂-၂၀၁၆

ပြည်တွင်း၌ ငါးထုတ်လုပ်မှု ကဏ္ဍတွင် သဘာဝမှ ဖမ်းဆီး ထုတ်လုပ်မှုများကို လျှော့ချကာ ငါးမွေးမြူသူ များနှင့် ငါးမွေးကန်များ တိုးတက် လာစေရန် စီမံချက်ချ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ဌာနအနေနဲ့ ငါးဖမ်းဆီး ထုတ်လုပ်နေတဲ့ တစ်ခုတည်း အပေါ်မှာ မှီခိုနေရမှုကို လျှော့ချသွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ပိုမိုတိုးတက် ရရှိလာစေဖို့ ဆိုရင် ငါးလုပ်ငန်း အတွက် ရေပြင်တွေကို အကျိုးရှိစွာ အသုံးချနိုင်ရ ပါမယ်။ ဒါကြောင့် ငါးမွေးသူတွေနဲ့ ငါးမွေးကန်တွေ ဧကများစွာ တိုးတက် လာစေဖို့အတွက် စီမံချက်တွေ ချပြီး စည်းရုံးဆောင်ရွက် သွားမှာပါ'' ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးပုစွန် မွေးမြူသူများ အတွက် ငါးမွေးကန် မြေနေရာ အခက်အခဲများ မရှိစေရန် ရေကြီးကွင်း၊ ရေနက်ကွင်း များနှင့် ပင်လယ်ရေငန် ဝင်ရောက်သော မြေလွတ်မြေရိုင်း တချို့ကို မွေးမြူရေးဇုန် များအဖြစ် ဖော်ထုတ် သတ်မှတ်ကာ လုပ်ကိုင်ခွင့် လိုင်စင်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ငါးပုစွန် မွေးမြူရေးကန် ဧကမှာ ၁၂၈၅၇၂ ရှိခဲ့ရာမှ ၂ဝဝ၂-၂ဝဝ၃ ခုနှစ်တွင် ၃၂၄ဝ၇၃ ဧက၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၄၅၅၅၁၃ ဧကအထိ တိုးတက်မှုများ ရှိလာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ တိုးတက်မှုများ ရရှိရန် လုပ်ငန်းရှင်များကို စည်းရုံး ဆောင်ရွက်ခြင်း၊ နည်းပညာနှင့် လိုအပ်ချက် အခက်အခဲများကို ပံ့ပိုးကူညီ ပေးခြင်း၊ ငါးမွေးမြူရေး လုပ်ငန်းများတွင် သုံးစွဲရန်နှင့် ငါးမွေးမြူရေး အထောက်အကူပြု စက်ယန္တရားများ ဝယ်ယူရန် ချေးငွေ ထုတ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ချေးငွေများ ထုတ်ပေး ရာတွင်လည်း ငါးလုပ်ငန်း ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ကျေးလက် ဖွံ့ဖြိုးရေးဘဏ် လီမိတက်မှ ငါးမွေးမြူရေး လုပ်ငန်းရှင်များကို တစ်ဦးချင်း အဖြစ် လည်းကောင်း၊ အစုအဖွဲ့အဖြစ် လည်းကောင်း ချေးငွေ အဆိုပြု လျှောက်ထားချက်များ အပေါ်စိစစ်ကာ ချေးငွေများဖြင့် ပံ့ပိုးကူညီ နေခြင်းဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ ယင်းချေးငွေ ထုတ်ပေးမှု ကို ဆောင်ရွက်ခဲ့သည့် အပြင် ယခုအခါ လုပ်ငန်းရှင်ပေါင်း ၁၄၁ ဦးအတွက် ငွေကျပ် ၃၇ဝ၂ ဒသမ ၅၅ သန်းကို ထုတ်ချေးပေး ထားကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

Saturday, January 30, 2016

ကမ်းရိုးတန်းရေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို တောင်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၀-၁-၂၀၁၆

မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ်းလွန်နှင့် ကမ်းရိုးတန်း ရေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများကို တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို ယခုနှစ်အတွင်း စတင်မည် ဖြစ်ရာ တောင်ကိုရီးယား နိုင်ငံရှိ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့်လည်း မြန်မာ့ရေကြောင်း အပါအဝင် ငါးလုပ်ငန်း ကဏ္ဍ တိုးတက်ရေး ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်း ရေကြောင်းပညာ တက္ကသိုလ်မှ မြန်မာနိုင်ငံ ငါးသားဖောက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် ငါးသားဖောက် လုပ်ငန်း သုတေသန ပြုလုပ်ရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ အမေရိကန် ဒေါ်လာ နှစ်သောင်း ပံ့ပိုး ကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ငါးသားဖောက် လုပ်ငန်း လေ့လာရေး အတွက် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာ ကိုယ်စားလှယ်များ ကိုစေလွှတ်မည် ဖြစ်ကြောင်း၊ ပြည်တွင်း ငါးစားသုံးမှုနှုန်း တိုးတက် လာခြင်းကြောင့် သားငါး ထုတ်လုပ်မှု အပိုင်းများ ဖွံ့ဖြိုးလာစေရေး နှင့် ဘေးအန္တရာယ် ကင်းရှင်းသော အစားအစာများထုတ်လုပ်နိုင်ရေး အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)
Related Posts Plugin for WordPress, Blogger...