Social Icons

Pages

Showing posts with label ပို့ဆောင်ရေးကဏ္ဍ. Show all posts
Showing posts with label ပို့ဆောင်ရေးကဏ္ဍ. Show all posts

Friday, December 19, 2014

မြစ်ကြီးနားလမ်းပိုင်း ပြေးဆွဲနေသော အမှတ် (၃၇၊ ၃၈) ရထားကို ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီက ဒီဇင်ဘာ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်


ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ ၏ မြစ်ဆုံ - မန္တလာ အထူးအမြန် ရထား

မန္တလေး ၊ ၁၉-၁၂-၂၀၁၄

ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထားမှ မန္တလေး - မြစ်ကြီးနား လမ်းပိုင်းပြေးဆွဲ ပေးနေသော အမှတ်(၃၇၊ ၃၈) ရထား နှင့် ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ် ရေနွေးငွေ့ စက်ခေါင်း အထူးရထား ပြေးဆွဲခြင်း လုပ်ငန်းတို့ အတွက် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားများမှ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပြေးဆွဲနေသော အမှတ်(၃၇၊ ၃၈) ရထားကို ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ မှ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှစ၍ မြစ်ဆုံ - မန္တလာ အထူး အမြန်ရထားအဖြစ် စတင် ပြေးဆွဲပေး သွားမည် ဖြစ်ကြောင်း ၄င်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

'' အမှတ်(၃၇၊၃၈) မြစ်ဆုံ - မန္တလာ အထူးအမြန် ရထားကို မန္တလေး ဘူတာကြီးမှ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ မှာ စတင် ထွက်ခွာပေးမှာ ဖြစ်ပါတယ်။ အဲဒီနေ့ မှာပဲ မြစ်ကြီးနား ဘူတာက နံနက် ၁၁ နာရီခွဲမှာ ဖွင့်ပွဲ အခမ်းအနား တွေနဲ့ စတင်ဖွင့်လှစ် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း တစ်လျှောက် ရပ်တန့်ပေးမယ့် ဘူတာတွေ ကတော့ ရွာထောင်ဘူတာ ၊ ရွှေဘို ၊ ကန့်ဘလူ ၊ ကောလင်း ၊ နဘား ၊ မိုးညှင်း ၊ ဟိုပင် ၊ မိုးကောင်း ၊ မြစ်ကြီးနား စတဲ့ ဘူတာတွေမှာ ရပ်တန့်မှာ ဖြစ်ပါတယ်။ ပြေးဆွဲမယ့် တွဲဆိုင်းတွေကို မြစ်ငယ်စက်ရုံ က အသစ်ထုတ်လုပ် ထားတဲ့ ABC တွဲအမျိုးအစားတွေ ဖြစ်ပြီး တွဲဆိုင်း တစ်ဆိုင်းကို ရိုးရိုးတန်း ရှစ်တွဲ၊ အထက်တန်း နှစ်တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ကုန်တင်တွဲ တစ်တွဲ စုစုပေါင်း ၁၂ တွဲပါရှိပြီး တွဲဆိုင်းနှစ်ဆိုင်း နဲ့ အစုန်၊ အဆန် ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချပေးမယ့် လက်မှတ်ခ နှုန်းထားတွေ အနေနဲ့ မန္တလေး - ရွာထောင်၊ ရိုးရိုးတန်း လက်မှတ်ခ ငွေကျပ် ၄ဝဝ ၊ အထက်တန်း လက်မှတ်ခ ငွေကျပ် ၇ဝဝ၊ အလားတူ ရွှေဘိုဘူတာ ငွေကျပ် ၁၆ဝဝ၊ ၃၁ဝဝ၊ ကန့်ဘလူ ဘူတာ ငွေကျပ် ၂၇ဝဝ၊ ၅၃ဝဝ ၊ ကောလင်း ငွေကျပ် ၃၈ဝဝ၊ ၇၄ဝဝ၊ နဘား ငွေကျပ် ၅ဝဝဝ၊ ၁ဝဝဝဝ၊ မိုးညှင်း ငွေကျပ် ၆၁ဝဝ၊ ၁၂၂ဝဝ၊ ဟိုပင် ငွေကျပ် ၆၅ဝဝ၊ ၁၂၉ဝဝ ၊ မိုးကောင်း ငွေကျပ် ၇၃ဝဝ၊ ၁၄၆ဝဝ၊ မြစ်ကြီးနား ငွေကျပ် ၈၃ဝဝ၊ ၁၆၅ဝဝ ဖြင့် ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။

ဘူတာစဉ် ထိုင်ခုံမဲ့ လက်မှတ် ရောင်းချပေးခြင်း မရှိပါဘူး။ အခက်အခဲ တစ်ခုခုကြောင့် လက်မှတ်ဝယ်ယူ မလာဘဲ ရထားပေါ် စီးနင်းလိုက်ပါ လာပါက ကျသင့် ငွေလက်မှတ်ခ နှုန်းထား အတိုင်းသာ တစ်ခါတည်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှု အပိုင်းအနေနဲ့ ရထားလက်မှတ် ရောင်းချတဲ့ ဌာနနဲ့ ကုမ္ပဏီရုံးချုပ် တွင် သုံးရက်ကြိုမှ နေ့ချင်းအထိ VIP မရှိဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ထားပြီး ခရီးသွားတွေ အတွက် ရောက်ရှိမယ့် ဘူတာ၊ ကြန့်ကြာချိန်၊ ထွက်ခွာချိန် တို့ကို အချိန်နှင့် တစ်ပြေးညီ အသိပေး ကြေညာ သွားမှာ ဖြစ်ပါတယ်။ ရထားတွဲတွေ ၂၄ နာရီ ရေ၊ မီး ရရှိရေးနဲ့ သန့်စင်ခန်း တွေကို အထူး သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ နေ့လယ် စာ ကို ရထားပေါ်မှာ ကျွေးမွေး ဧည့်ခံခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။ (၁၆၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, October 27, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အင်ချုံးမြို့သို့ လေကြောင်း ခရီးစဉ်သစ် စတင်ပျံသန်း



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၄

အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး နှင့် ဂါယာမြို့များ သို့ AIRBUS A 320 (လူဦးရေ ၁၈ဝ ဆံ့)၊ AIRBUS A 319 (လူဦးရေ ၁၂ဝ ဆံ့)
လေယာဉ်များဖြင့် ပုံမှန်ပျံသန်း ပေးလျက်ရှိရာ ယမန်နေ့မှ စ၍ ကိုရီးယား နိုင်ငံ အင်ချုံးမြို့သို့ လေကြောင်း ခရီးစဉ်သစ် စတင် ပျံသန်းကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာ ထံမှ သိရသည်။

အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ကိုရီးယား ခရီးစဉ်များကို Korean Air ၊ Asian Air-lines တို့နှင့် Code Share အကျိုးတူ ပူးပေါင်း၍ ရန်ကုန် - ဆိုးလ် - ရန်ကုန် ခရီးစဉ်များ ကို ပျံသန်းလျက် ရှိသည့်အပြင် စင်းလုံးငှား ( Charter ) ခရီးစဉ်များ ကိုပါ ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံ များမှ ခရီးသည် များအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များ သို့ ပျံသန်း ပြေးဆွဲ ခဲ့သည်။ အောက်တိုဘာ ၈ ရက်တွင် လည်း ဂျပန်နိုင်ငံ အိုဆာကာမြို့ သို့ ပုံမှန် ( Schedule Flight ) ခရီးစဉ်များကို တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းပြေးဆွဲ ခဲ့ပြီး ယမန်နေ့မှ စ၍ ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချုံးမြို့ သို့ တစ်ပတ်လျှင် ငါးကြိမ် ပုံမှန် လေကြောင်း ခရီးစဉ်သစ် ကို စတင်ပျံသန်း မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ပုံမှန် ( Schedule Flight ) ခရီးစဉ်ကို ပျံသန်းရာတွင် အသွား အပြန် လေကြောင်း ခရီးစဉ် တစ်ခုအတွက် အမေရိကန် ဒေါ်လာ ၇ဝဝ ဝန်းကျင် ကျသင့်ပြီး ယခုပျံသန်းမည့် ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချုံးမြို့သို့ အသွားအပြန် အတွက် အမေရိကန် ဒေါ်လာ ၇ဝဝ ဝန်းကျင် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, October 2, 2014

ရန်ကုန်မြို့ပတ် လျှပ်စစ်ရထားစီမံကိန်း ၂ဝ၁၆ ခုနှစ်တွင်စတင်၍ ၂ဝ၂ဝ - ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန် လျာထား


ဂျပန်နိုင်ငံမှ လျှပ်စစ်ရထား တစ်စီးကို တွေ့ရစဉ်

ရန်ကုန် ၊ ၂-၁၀-၂၀၁၄

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံမှ ချေးငွေများဖြင့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင်၍ ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန်လျာထားကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေး က ပြောသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်း အတွက် ဂျပန်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ချေးငွေ ရယူပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ် ရထားများ ဖြတ်သန်း နိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ် အတွင်း ရထား သံလမ်းကူး ခုံးကျော်တံတား ၁၁ စင်းကို အဆင့် မြှင့်တင်၍ ပြန်လည် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ရထား ပြေးဆွဲရေး အစီအစဉ်သည် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ စီမံကိန်း၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တွင်ပါဝင်ပြီး အဆိုပါ စီမံကိန်းတွင် လျှပ်စစ် ရထား စီမံကိန်း အပြင် အခြား စီမံကိန်းများကိုလည်း ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

လျှပ်စစ်ရထား စီမံကိန်းကို အမြန်ဆုံး စတင် အကောင် အထည်ဖော် ဆောင်ရွက်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း အပြင် ရထားလမ်းပိုင်း အဆင့် မြှင့်တင်မှုနှင့် လက်ရှိ အသုံးပြု နေသည့် ရထား သံလမ်းကူး ခုံးကျော် တံတားများ ကိုပါ အဆင့် မြှင့်တင်ပြီး ပြန်လည် တည်ဆောက် ရမည့် လိုအပ်ချက်များ ရှိနေသည့် အတွက် စီမံကိန်း ကာလကို ၂ဝ၁၆ ခုနှစ်မှ စတင်ပြီး ၂ဝ၂ဝ -၂ဝ၂၁ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

Thursday, June 19, 2014

ပြည်သူများ ကုန်ကျစရိတ် သက်သာသော်လည်း အရှုံးပေါ်၍ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် စီစဉ်နေသည့် မြန်မာ့မီးရထားလုပ်ငန်း



ရန်ကုန် ၊ ၁၉-၆-၂၀၁၄

ခရီးသွားလာရေး နှင့် ကုန်စည် ပို့ဆောင်ရေး တို့တွင် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း တို့ဖြင့် ဆက်သွယ် သွားလာ ပို့ဆောင် ကြရာတွင် အသုံးပြုသည့် ပြည်သူများ အနေဖြင့် မီးရထားများကို အသုံးပြု၍ သွားလာခြင်းဖြင့် အဆင်ပြေ သော်လည်း အခက်အခဲများ ရှိနေကြောင်း ခရီးသွားလာ သူများနှင့် ကုန်သည်ကြီး များ၏ ပြောပြချက် အရ သိရသည်။

နိုင်ငံတော်သည် ကုန်စည် စီးဆင်းမှု လွယ်ကူစေရန် နှင့် ခရီးသွားလာမှု လွယ်ကူစေရန် မီးရထားလမ်း များကို တိုးချဲ့ ဖောက်လုပ်၍ ခရီးစဉ် များကို တိုးချဲ့ပြေးဆွဲပေးလျက် ရှိရာတွင် လူစီးခ အနေဖြင့် စာပို့ ရထားစီးခ နှုန်းထားမှာ ရိုးရိုးတန်း တစ်မိုင်လျှင် မြေပြန့် ငွေကျပ် ၁၂ ကျပ်နှုန်း၊ တောင်ပေါ် ၁၈ ကျပ်နှုန်း ပထမတန်း မြေပြန့် ငွေကျပ် ၁၅ ကျပ်နှုန်း၊ တောင်ပေါ် ၁၈ ကျပ်နှုန်း၊ အထက်တန်း (ထိုင်ခုံ) မြေပြန့် ၂၄ ကျပ်နှုန်း၊ တောင်ပေါ် ၃၆ ကျပ်နှုန်း၊ အထက်တန်း (အိပ်စင်) မြေပြန့် ၃၃ ကျပ်နှုန်း၊ တောင်ပေါ် ၄၉ ကျပ်ခွဲနှုန်း ဖြစ်ကြောင်း၊ အမြန်ရထားများ အတွက် လူစီးခ နှုန်းထားမှာ ရိုးရိုးတန်း မြေပြန့် ၉ ကျပ်နှုန်း၊ တောင်ပေါ် ၁၃ကျပ်ခွဲ နှုန်း၊ ပထမတန်း မြေပြန့် ၁၂ ကျပ်နှုန်း၊ တောင်ပေါ် ၁၈ ကျပ်နှုန်း၊ အထက်တန်း (ထိုင်ခုံ) မြေပြန့် ၂၁ ကျပ်နှုန်း၊ တောင်ပေါ် ၃၁ကျပ်ခွဲ နှုန်း၊ အထက်တန်း (အိပ်စင်) မြေပြန့် ၂၇ ကျပ်နှုန်း၊ တောင်ပေါ် ၄ဝကျပ်ခွဲနှုန်း ဖြစ်ကြောင်း၊ အထူးရထား လူစီးခ နှုန်းထားမှာ ရိုးရိုးတန်း မြေပြန့်၊ တောင်ပေါ် ၂၇ ကျပ် ၅၅ ပြားနှုန်း၊ ပထမတန်း၊ အထက်တန်း ၅၄ ကျပ် ၆၅ ပြားနှုန်း၊ အထက်တန်း အိပ်စင် ၆၅ ကျပ် ၆ဝ ပြားနှုန်း တို့ဖြင့် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

လူစီးရထားတွင် ကုန်တင်သည့် နှုန်းထားမှာ ကုန်တစ်ပိဿာ တစ်မိုင်လျှင် မြေပြန့် ၉ ပြားနှုန်း၊ တောင်ပေါ် ၁၃ကျပ်ခွဲ နှုန်းဖြစ်ပြီး ကုန်တင် ရထားအတွက် တစ်တန် တစ်မိုင်လျှင် ကုန်ရထား (အနှေး) မြေပြန့် ငွေကျပ် ၃ဝ နှုန်း၊ တောင်ပေါ် ၄၅ ကျပ်နှုန်း၊ ကုန်ရထား (အမြန်) မြေပြန့် ၄၂ ကျပ်နှုန်း၊ တောင်ပေါ် ၆၃ ကျပ်နှုန်း တို့ဖြင့် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

ယခုအခါ ဒီဇယ် ဈေးနှုန်းသည် တစ်ဂါလန်လျှင် ငွေကျပ် ၄၅ဝဝ ခန့် ဖြစ်သွား သော်လည်း ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ကတည်းက ပြောင်းလဲ ကောက်ခံ ခဲ့သည့် လက်မှတ်ခ နှင့် တန်ဆာခ များမှာ ယခင် နှုန်းထား အတိုင်းပင် ကောက်ခံ နေသည့် အတွက် မြန်မာ့မီးရထား အနေဖြင့် အရှုံးခံ၍ ပြေးဆွဲ ပေးနေခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထား မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ထိုသို့ အရှုံးခံ ပြေးဆွဲပေး နေသည့်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် မီးရထားဖြင့် ခရီးသွား လာခြင်းကို နှစ်သက်သော်လည်း တွဲအလုံအလောက် မရှိခြင်း၊ တွဲထိန်းတို့၏ ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ လက်မှတ် ရယူရာတွင် ခက်ခဲခြင်း အချိန် ကြန့်ကြာခြင်းများ ကြုံတွေ့ နေရကြောင်း နှင့် မြန်မာ့မီးရထား လုပ်ငန်း သည်လည်း အရှုံးပိုမို များပြားလာ၍ ပုဂ္ဂလိကသို့ လုပ်ငန်းများ လွှဲပြောင်း ပေးအပ်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

#Yadanarpondaily

Wednesday, June 18, 2014

Thai AirAsia X တောင်ကိုရီးယား သို့ တိုက်ရိုက်ပျံသန်းမှုခရီးစဉ် မိတ်ဆက်



ရန်ကုန် ၊ ၁၈-၆-၂၀၁၄

ထိုင်းနိုင်ငံ အခြေစိုက် AirAsia X လေကြောင်းလိုင်း မှ ဘန်ကောက် - ဆိုးလ် ခရီးစဉ် တိုက်ရိုက် လေကြောင်း ပျံသန်း ပြေးဆွဲမှုကို ယမန်နေ့တွင် စတင်မည် ဖြစ်ကြောင်း သိရသည်။

Thai AirAsia ၏ အပို ၀န်ဆောင်မှုမပါ စရိတ်နည်း လေကြောင်း ခရီးစဉ် ကို ၂၀၀၄ ခုနှစ် ၊ ဖေဖော်ဝါရီ က စတင် ပျံသန်း ပြေးဆွဲခဲ့ပြီး ဘန်ကောက်၌ အခြေစိုက်ကာ Air Bus A 320 လေယာဉ် အသစ် ၃၇ စင်းဖြင့် ပြည်တွင်း ခရီးစဉ် ၁၄ ခုနှင့် ပြည်ပ ခရီးစဉ် ၂၁ ခုကို ပြေးဆွဲခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် မြန်မာနိုင်ငံ အတွက် Air Throught လေကြောင်း ခရီးစဉ် တစ်ခု ဖြစ်သော ဘန်ကောက် - ဆိုးလ် ခရီးစဉ် ပြေးဆွဲမှု စတင်မည် ဖြစ်ကာ Thai AirAsia  X ၏ ပထမဆုံး ဈေးနှုန်း ချိုသာပြီး ခရီးဝေး ပျံသန်းနိုင်သော လေကြောင်းလိုင်း တစ်ခုအဖြစ် ၂၀၁၄ ခုနှစ်အတွင်း ဘန်ကောက် ဒွန်မောင်း လေဆိပ် ( CDMK ) မှ ဆိုးလ် ( ICN ) ၊ တိုကျို ( NRT ) နှင့် အိုဆာကာ ( KIX ) သို့ တိုက်ရိုက် ပျံသန်း သွားမည် ဖြစ်သည်။

ယမန်နေ့က စတင်၍ တိုက်ရိုက် ပျံသန်းမည့် ခရီးစဉ် များကို Thai AirAsia X ၏ လျင်မြန်သော Air Bus A 330 - 300 နှစ်စင်းဖြင့် ပျံသန်း သွားမည် ဖြစ်ရာ ထိုင်ခုံများမှာ အဆင့်မြင့် အိပ်စင်ထိုင်ခုံ ၁၂ ခုံ နှင့် ရိုးရိုးထိုင်ခုံ ၃၆၅ ခုံ စုစုပေါင်း ၃၇၇ ခုံ ပါဝင်သည့် လေယာဉ်ကြီး များဖြင့် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

" ပြီးခဲ့တဲ့ နှစ်တွေက မြန်မာနိုင်ငံက ခရီးသွား ၆၃၄၇၀ ကျော် တောင်ကိုရီးယား ကို လေကြောင်း ခရီးသွားလာ နေကြပြီး Thai AirAsia X က မြန်မာနိုင်ငံ ကနေ တောင်ကိုရီးယား ကို ဒွန်မောင်း လေဆိပ်က တစ်ဆင့် မြန်ဆန်တဲ့ ချိတ်ဆက်မှုနဲ့ လွယ်ကူ အချိန်ကုန် သက်သာစွာ ခရီးသွား လာနိုင်တဲ့ ၀န်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့် ပါတယ် ၊ အဆိုပါ ခရီးသွား ၀န်ဆောင်မှုဟာ စရိတ်သက်သာ ၊ အချိန်ကုန် သက်သာစွာ ခရီးသွားလာ နိုင်ယုံမျှ သာမက တစ်ချိန်တည်း မှာပင် ထိုင်းနိုင်ငံသို့ လည်ပတ် နိုင်သော အခွင့်အရေး ကို ရရှိမှာ ဖြစ်ပါတယ် ... " ဟု AirAsia ၏ Chief Executive Officer Mr. Nadda က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မိုးအောင်

#Themyawadydaily

Thursday, October 31, 2013

အဲယားကွန်း မြို့ပတ်ရထား ပြီးနောက် ငွေကျပ် ၃၀၀ ဖြင့် စီးနိုင်မည့် မြို့ပတ် အထူးရထား ထပ်မံ တိုးချဲ့ပြေးဆွဲမည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

ခရီးသည် တစ်ဦးလျှင် ခရီးစဉ် တစ်ကြောင်း အတွက် စီးနင်းခ ငွေကျပ် ၃၀၀ ဖြင့် ရန်ကုန်မြို့ပတ် အထူးရထား တစ်စင်း ထပ်မံ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထား ခရီးစဉ် များတွင် လေအေးပေးစက် ပါ ငွေကျပ် ၄၀၀ တန် အထူးရထား ပြေးဆွဲပြီးနောက် ထပ်မံ၍ ရထားစီး ခရီးသွား ပြည်သူများ အတွက် လေအေး ပေးစက် မပါဝင် သော်လည်း ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံများ အပါအ၀င် အဆင့်မြင့် ရထားတွဲဆိုင်း များ ပါဝင်သော ငွေကျပ် ၃၀၀ တန် မြို့ပတ် အထူးရထား တစ်စင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်၍ နေ့စဉ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

" မြို့ပတ်ရထား ခရီးစဉ်မှာ အဲယားကွန်း အထူးရထား က အရှုံးပေါ် နေပေမယ့်လို့ ခရီးသွား ပြည်သူတွေ အဆင်ပြေ စေဖို့အတွက် ပြေးဆွဲပေး နေပါတယ် ၊ အခုလည်း ငွေကျပ် ၃၀၀ တန် အထူးရထား ကို ပြေးဆွဲ ပေးမှာပါ ၊ ပန်ကာ ၊ ဖိုက်ဘာ ထိုင်ခုံတွေနဲ့ လက်ကိုင်တန်း တွေလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ထားပါတယ် ၊ မြစ်ငယ် စက်ရုံက ထုတ်လုပ် လိုက်တဲ့ တွဲဆိုင်း အသစ်တွေနဲ့ ပြေးဆွဲ ပေးသွား မှာပါ ၊ စက်ရုံကနေ စက်ခေါင်းကို မဆောင်ရွက် နိုင်ပေမယ့် လူစီးတွဲတွေ ထုတ်လုပ်ပြီး ခရီးစဉ် တွေမှာ တိုးချဲ့ ပြေးဆွဲ သွားမှာပါ ၊ နောက်ပိုင်း ရန်ကုန် မြို့ပတ်ရထား ခရီးစဉ် တွေမှာ တွဲဆိုင်း အသစ်တွေ ထပ်မံ တိုးချဲ့ တပ်ဆင်ပြီး ပြေးဆွဲ သွားမှာပါ ... .. " ဟု မြန်မာ့ မီးရထား ( အောက်မြန်မာပြန် ) မှ တာဝန်ရှိ သူ တစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားသည်။

လေအေးပေးစက် မပါသော အဆိုပါ အထူးရထား ကို နေ့စဉ် တစ်ရက် ၄ ခေါက်နှုန်းဖြင့် ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး နိုင်ငံခြားသား ခရီးသည် များအတွက် စီးနင်းခ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ဖြစ်ကြောင်း ၊ မြို့ပတ်ရထား ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည် ဖြစ်ပြီး ဘူတာများ တွင် လက်မှတ် ၀ယ်ယူ စီးနင်းနိုင်ကြောင်း သိရသည်။ အဆိုပါ အထူးရထား သည် ရပ်စီး ခရီးသည်များ အဆင်ပြေ စေရန် လက်ကိုင်တန်း ၊ လက်ကိုင်ကွင်း များ ထားရှိ ပေးထား သော်လည်း ကုန်စည် တင်ဆောင်မှု များကို ခွင့်မပြု ထားသော လူစီး သီးသန့် မြို့ပတ် အထူးရထား ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ သိရှိရသည်။


နေပြည်တော်သို့ တိုက်ရိုက် ပျံသန်းနေသော ထိုင်းလေကြောင်းလိုင်း နှစ်ခုမှ ပျံသန်းအကြိမ်ရေ တိုးမြှင့်မည်


Thai Air Asia လေကြောင်းလိုင်း

ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ ကာလအတွင်း နေပြည်တော် သို့ တိုက်ရိုက် ပျံသန်းမှု အကြိမ်ရေ တိုးမြှင့်မှုကို ထိုင်းလေကြောင်း လိုင်းနှစ်ခု ဆောင်ရွက်လျက် ရှိကြောင်း
မြန်မာ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဗန်ကောက် - နေပြည်တော် တိုက်ရိုက် ခရီးစဉ် တိုးမြှင့် ပျံသန်းမည့် ထိုင်းလေကြောင်း လိုင်းနှစ်ခုမှာ Bangkok Airways နှင့် Thai Air Asia တို့ ဖြစ်ကြောင်း ၊ Bangkok Airways လေကြောင်းလိုင်း အနေဖြင့် အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ခရီးစဉ် တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲ နေရာမှ ခုနှစ်ကြိမ် အထိ တိုးမြှင့် ပျံသန်း ပေးဆွဲမည် ဖြစ်ကြောင်း ၊ အလားတူ Thai Air Aisa လေကြောင်းလိုင်း မှာလည်း နိုဝင်ဘာ ၂၈ ရက်မှ စတင်၍ ခုနစ်ကြိမ် တိုးမြှင့် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဆီးဂိမ်း ပြိုင်ပွဲကာလ အတွင်း တိုက်ရိုက် ပြေးဆွဲရန် စင်ကာပူ နှင့် မလေးရှား လေကြောင်းလိုင်း များက အဆို တင်သွင်းမှု များလည်း ရှိလာကြောင်း ၊ ပြည်တွင်း ခရီးစဉ်များ အတွက်မူ FMI နှင့် APEX လေကြောင်း များမှ ပြေးဆွဲ ပျံသန်းရန် အဆို တင်သွင်း ထားကြောင်း ၊ ယင်းအတွက် နေပြည်တော် သို့ တိုက်ရိုက် ပျံသန်း ပြေးဆွဲမည့် ပြည်တွင်း ခရီးစဉ်နှင့် ပြည်ပ ခရီးစဉ်လိုင်း များအား မြန်မာ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စိစစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, October 8, 2013

မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း ရေတိုက်စားမှု ပြုပြင် ဆောင်ရွက်လျက်ရှိ



မိတ္ထီလာ ၊ ၈-၁၀-၂၀၁၃

မိတ္ထီလာမြို့ အင်ကြင်းစု ဘူတာ နှင့် ရေချိုဘူတာ အကြားရှိ မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း မိုင်တိုင်အမှတ် ၃၂၉/ ၃-၄ အကြား ၊ တံတား အမှတ် ၅၇ ချောင်းရေ တိုက်စားမှု ကို တိုင်းအမှတ် ၁၀ မြို့ပြ အင်ဂျင်နီယာ အငယ်တန်း အင်ဂျင်နီယာ ဦးဆန်းနိုင် နှင့် ၀န်ထမ်းများ ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


" စက်တင်ဘာလ ၂၇ ၊ ၂၈ နဲ့ ၂၉ ရက်တွေက မိုး အဆက်မပြတ် ရွာသွန်းတာမို့ တံတား အောက်ခြေ အုတ်ခုံနဲ့ အုတ်ခုံ ပတ်ဝန်းကျင် က မြေသားတချို့ ပြိုကျ ပျက်စီး သွားတယ် ၊ ဒါကြောင့် မီးရထား ခရီးစဉ် မပျက် ဖြတ်သန်း သွားလာနိုင်ဖို့ ကြိုးစား ပြင်ဆင် နေတာပါ ၊ လောလောဆယ်လည်း မီးရထား ကို ဖြတ်သန်းခွင့် ပြုထား ပါတယ် ၊ တံတား အနီးရောက်ရင် တော့ ဖြည်းဖြည်းပဲ မီးရထား ခုတ်မောင်း စေပါတယ် ... " ဟု အဆိုပါ အငယ်တန်း အင်ဂျင်နီယာ က ပြောကြား ကြောင်း သိရှိရသည်။ (၁၄၇)

Sunday, September 29, 2013

အမေရိကန် နိုင်ငံထုတ် လေယာဉ် နှစ်စင်း နိုဝင်ဘာတွင် ရောက်ရှိမည်


နေပြည်တော် ၊ ၂၉-၉-၂၀၁၃

မြန်မာ့လေကြောင်း မှ ဝယ်ယူထားသည့် ခရီးသည် ၁၂ ဦးဆံ့ပြီး ကုန်ချိန် ကီလိုဂရမ် တစ်ထောင်ခန့် သယ်ဆောင် နိုင်မည့် အမေရိကန် နိုင်ငံထုတ် လေယာဉ် ၂ စင်း နိုဝင်ဘာလ တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံ အတွင်း သွားလာရ ခက်ခဲသော ဒေသများ အတွက် အသုံးပြု သွားမည် ဖြစ်ပြီး ကွင်းတို လေယာဉ်ကွင်း များတွင် ဆင်းသက် နိုင်ကြောင်း ၊ Grand Caravan 208 B  အမျိုးအစားများ ဖြစ်ပြီး အမေရိကန် နိုင်ငံ  CESSNA လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သော လေယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။


'' အောက်တိုဘာလ အတွင်းမှာ သွားရောက် လက်ခံမှာ ဖြစ်ပါတယ် ၊ သွားလာရ ခက်တဲ့နေရာ တွေအတွက် ရွေးချယ် မှာထားတာပါ ၊ နေရာမရွေး ပြေးဆွဲနိုင် အောင် လုပ်ဆောင်ခြင်း လည်းဖြစ်ပါတယ် ... ''ဟု ၄င်းက ပြောကြားသည်။ လက်ရှိတွင် မြန်မာ့လေကြောင်း လိုင်းမှ ATR - 42 လေယာဉ် တစ်စင်း ၊ ATR - 72 လေယာဉ် နှစ်စင်း ၊ Beech 1900 D လေယာဉ် နှစ်စင်း ၊ Embraer 190 လေယာဉ် နှစ်စင်း စုစုပေါင်း ခုနှစ်စင်း ဖြင့် မြို့ပေါင်း ၂၆ မြို့သို့ ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိနေကြောင်း ၊ ထပ်မံ၍ လိုအပ်ချက်များ အပေါ် မူတည်ပြီး ဝယ်ယူ ပြေးဆွဲနိုင် ရန်လည်း အစီအစဉ်များ ရှိနေကြောင်း လည်း သိရှိရသည်။

Friday, September 20, 2013

မြိတ် - ထားဝယ် - မော်လမြိုင် - ရန်ကုန် အဆင့်မြင့် အထူးမှန်လုံ ကားသစ်ကြီး ထပ်မံပြေးဆွဲ


မြိတ် ၊ ၂၀-၉-၂၀၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ယခင်က ကုန်းလမ်းဖြင့် သွားလာရန် အလွန်ပင် ခက်ခဲခဲ့ သည်။ ကားများ ရှိသော်လည်း  လမ်းပန်း ဆက်သွယ်ရေး မကောင်း သောကြောင့် အဆင့်မြင့် ကားများ အသုံးပြု နိုင်ခြင်း မရှိပေ။ မှန်လုံ ခရီးသည် တင်ကားများ ရှိသော်လည်း အစီးရေ နည်းပါးခြင်း ၊ လမ်းကြမ်းမှု ဒဏ်ခံနိုင်ရန် ကားများကို ရွေးချယ် မောင်းနှင် ရခြင်းကြောင့် ခရီးသည်များ သက်တောင့် သက်သာ ခရီးသွား လာမှု မပြုလုပ် နိုင်ခြင်းများ ဖြစ်ခဲ့ ရပါသည်။

ယခုအခါ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာပြီ ဖြစ်သဖြင့် ယာဉ်ကားလိုင်း ကားဟောင်းများ ဖြစ်ကြသော ရွှေလီရတနာ ၊ ရွှေဝယ်ရတနာ ၊ ကောင်းသစ်စံ ၊ တနင်္သာရီ ၊ ရွှေမြင်းပျံ ၊ အောင်ရတနာ ၊ သီဟမင်း ၊ ကြယ်စင်ဟိန်း ၊ ရွှေဝယ်သူ ၊ ရွှေထားဝယ် ၊ အောင်စည်မင်း ၊ စန်းဝင်း ရတနာ ၊ ဟိုင်ဖိုင် ၊ မင်းထက်ဟိန်း ၊ စသည့် ကားလိုင်း များလည်း အဆင့်မြင့်တင် ပြေးဆွဲ လာပြီ ဖြစ်ကြောင်း သိရှိရသည်။


အခြား အဆင့်မြင့် ကားလိုင်း သစ်များ တိုးချဲ့ ပြေးဆွဲ လာကြပြီး ယခုအခါ ''ရွှေပုလဲသီ'' အဆင့်မြင့် အဲယားကွန်း လေအိပ် ကားလိုင်းသစ် အား တိုးချဲ့ ပြေးဆွဲလျက် ရှိကြောင်း ၊ ရိုးရိုး အဲယားကွန်း ကားနှင့် အထူးရှယ် VIP (၃၃) ယောက်စီး ဟူ၍ နှစ်မျိုး ပြေးဆွဲ ပေးလျက် ရှိသည်။ ရိုးရိုးတွင် မြိတ် - ရန်ကုန် ၁၈ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၇ဝဝဝ ကျပ်နှင့် မြိတ် - မော်လမြိုင် ၁၅ဝဝဝ ကျပ်တို့ ဖြစ်ပြီး အထူးယာဉ်တွင် မြိတ် - ရန်ကုန် ၂၇ဝဝဝ ကျပ် ၊ မြိတ် - ထားဝယ် ၁ဝဝဝဝ ကျပ် နှင့် မြိတ် - မော်လမြိုင် ၂ဝဝဝဝ ကျပ် တို့ဖြစ်ပြီး ကားအလယ် အောက်ထပ်တွင် အိမ်သာ ပါရှိကြောင်း ခရီးသည်များ အတွက် ဝန်ဆောင်မှု အနေဖြင့် စောင် ၊ ရေသန့် ၊ အအေးဗူး ၊ ချောကလက် ၊ မုန့် နှင့် စနိုးတာဝါများ ကမ်းပေးကြောင်း သိရပါသည်။ တနင်္သာရီတိုင်း ဒေသကြီးရှိ ခရီးသွား ပြည်သူများ  ကုန်းလမ်း ခရီးဖြင့် နောင်တွင် အချိန်ကုန် သက်သာပြီး စိတ်ချမ်းမြေ့စွာ ခရီးသွား လာနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင် မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းမှု ကော်မတီ ထံမှ သိရှိရသည်။

Thursday, September 5, 2013

နိုင်ငံခြားသား ခရီးသွားများ သီးသန့်စီးနင်းနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်းသစ် မန္တလေး - ပုဂံ ခရီးစဉ် ပြေးဆွဲသွားမည်


ရန်ကုန် ၊ ၅-၉-၂၀၁၃

နိုင်ငံခြားသား ခရီးသွားများ သီးသန့် စီးနိုင်မည့် ဟံသာဝတီ သင်္ဘောလိုင်း အသစ်ကို စက်တင်ဘာ ၁၆ ရက်မှ စတင်၍ မန္တလေး - ပုဂံ ခရီးစဉ်အား ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ပြည်တွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဧရာဝတီ ဌာနခွဲ မန္တလေး မှ အကြီးတန်း စာရေး ဦးခင်မောင်ဝင်း က ပြောကြား ခဲ့ကြောင်း သိရသည်။

'' အခုလို နိုင်ငံခြားသာ သီးသန့်လိုင်း ပြေးဆွဲရတဲ့ အဓိက ရည်ရွယ်ချက် က နိုင်ငံခြားသား တွေ သက်တောင့် သက်သာ စီးနင်းနိုင်ဖို့ အတွက်ပါ ၊ တစ်ခြား သင်္ဘောတွေလို လူအများကြီး နဲ့ မစီးရပါဘူး ၊ ဘေးတစ်ဖက် တစ်ချက် ရှုခင်းတွေ ကိုလည်း ကြည့်ရှု ခံစားနိုင် ပါတယ် ၊ တစ်ခြား သင်္ဘောတွေလို ဈေးနှုန်းမြင့်မှာ မဟုတ်ဘဲ ဈေးသက်သာစွာ နဲ့ စီးနိုင်မှာ ဖြစ်ပါတယ် ၊ ဟံသာဝတီ ရေလိုင်းသင်္ဘော က အခုမှစပြီး ပြေးဆွဲတဲ့ ပထမဆုံး အကြိမ် နိုင်ငံခြားသား သီးသန့် ပြေးဆွဲတဲ့ သင်္ဘော ဖြစ်ပါတယ် ... " ဟု ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ ဟံသာဝတီ ရေယာဉ်ကို တစ်ပတ်လျှင် ၄ ကြိမ် ပြေးဆွဲမည် ဖြစ်ပြီး မန္တလေး ဆိပ်ကမ်းမှ တနင်္လာနေ့ နှင့် သောကြာနေ့ တွင် နံနက် ၆ နာရီ ထွက်ခွာ၍ ပုဂံ ဆိပ်ကမ်းမှ အင်္ဂါနေ့ နှင့် စနေနေ့ တို့တွင် နံနက် ၆ နာရီ ထွက်ခွာမည် ဖြစ်ကြောင်း ၊ ဟံသာဝတီ ရေယာဉ်တွင် နိုင်ငံခြားသား ဧည့်သည် ၁၀၀ ဦးခန့် စီးနိုင်ကြောင်း ၄င်းက ရှင်းပြသည်။


အဆိုပါ ဟံသာဝတီ ရေယာဉ် မောင်းနှင်ချိန် မှာ ၁၂ နာရီ ၀န်းကျင်ခန့် ကြာမည် ဖြစ်ပြီး လမ်းခရီး တစ်လျှောက်တွင် ဆိပ်ကမ်း ၄ ခုတွင်သာ ဆိုက်ကပ်မည် ဖြစ်ကြောင်း နှင့် ရေယာဉ် စီးနင်းခမှာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၀ သတ်မှတ် ထားကြောင်း သိရှိရသည်။

Sunday, September 1, 2013

CNG နှင့်ခွင့်ပြုမိန့် ရရှိပါက မြို့တွင်း ထပ်မံ ပြေးဆွဲမည့် ယာဉ်လိုင်းများ ရနေ


ရန်ကုန် ၊ ၁-၉-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း မော်တော်ယာဉ် လိုင်းများ တိုးချဲ့ ပြေးဆွဲမှုများ ရှိနေရာ ခရီးသည်များ သွားလာရေး အဆင်ပြေ စေရန်အတွက် CNG ခွင့်ပြု မိန့်နှင့် ပြေးဆွဲ ခွင့်ပြုမိန့် ရရှိပါက ထပ်မံ ပြေးဆွဲမည့် မော်တော်ယာဉ် လိုင်းသစ်များ ရှိနေသေးကြောင်း မ-ထ-သ (ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

နိုင်ငံတော် အစိုးရက ခရီးသွားလာ သူများ လွယ်ကူစွာ သွားလာ နိုင်စေရေး အတွက် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့ပြေးဆွဲ ခွင့်ပြုထားကြောင်း ၊ သို့သော်လည်း ရန်ကုန်မြို့တော် အတွက် ချထား ပေးသည့် CNG ကုဗပေ တစ်သန်း နှင့် မျှတမှုရှိအောင် တဖြည်းဖြည်း လုပ်ဆောင် နေကြောင်း ၊ ယင်းအတွက် ပြေးဆွဲခွင့် တင်ပြထားသော ယာဉ်လိုင်း တချို့သာ ပြေးဆွဲခွင့် ရရှိနေပြီး နောက်ထပ် ပြေးဆွဲခွင့် တင်ထားသော ယာဉ်လိုင်းများ ရှိနေသေးကြောင်း သိရသည်။

ထို့အပြင် နောက်ဆုံး ပြေးဆွဲခွင့် ချထားမှုတွင် G 2000 ယာဉ်များ သြဂုတ်လ ၁၆ ရက်၌ စတင် ပြေးဆွဲနေကြောင်း ၊ ထပ်မံခွင့်ပြုရန် စီစဉ်ထားရှိပြီး ပြေးဆွဲခွင့် လျှောက်ထားသော ယာဉ် အစီးရေ ၂၀၉ စီး ရှိနေကြောင်း ၊ လျှောက်ထားသော မော်တော်ယာဉ် သုံးပုံ တစ်ပုံခန့်သာ ပြေးဆွဲ နိုင်သေးကြောင်း သိရသည်။


CNG ခွင့်ပြုချက် နှင့် ပြေးဆွဲခွင့်ပြုမိန့် စောင့်ဆိုင်း နေမှုတွင် မထသ (ဗဟို) ယာဉ်လိုင်း ၅ ခုမှ ရိုးရိုးယာဉ်ကြီး အစီးရေ ၆ စီးသည် ပြေးဆွဲမည့် လမ်းကြောင်း ကိုပါ တင်ပြထားပြီး မိုးကောင်းကင် ခရီးသည် ပို့ဆောင်ရေး မှလည်း ယာဉ်အစီးရေ ၇ စီးဖြင့် ပြေးဆွဲရန် CNG ခွင့်ပြုမိန့် စောင့်ဆိုင်း လျက်ရှိကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...