Social Icons

Pages

Friday, January 5, 2018

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့များ တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များအကြောင်း သိကောင်းစရာ


အောင်ဆန်းသူရိယဘွဲ့

သီဟသူရဘွဲ့

သူရဘွဲ့

ဆောင်းပါး ၅-၁-၂ဝ၁၈

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ မျိုးချစ်စိတ်ကိုအခြေခံပြီး ပေါ်ပေါက်လာသည့် တပ်မတော်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးဖြစ်သော်လည်း နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေးအတွက် အသက်သွေးချွေး ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး သမိုင်းများနှင့် ခွဲခြား၍မရအောင် ယှဉ်တွဲနေသော သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာများ ရှိနေသည့်တပ်မတော် ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ ကိုယ့်တိုင်းပြည်အတွက် ထမ်းဆောင်ကြရသည့် တာဝန်များအနက် အစွန့်စားရဆုံး၊ ပေးဆပ်စွန့်လွှတ်ရမှု အများဆုံး၊ တိုင်းပြည်အတွက် အရေးအကြီးဆုံး တာဝန်တစ်ရပ် ဖြစ်သည့် အပြင် လူတိုင်းပြုရခဲ၊ ပြုနိုင်ခဲသည့် အမွန်မြတ်ဆုံးသော တာဝန်တစ်ရပ်ပင် ဖြစ်သည်။ မိမိတို့၏အသက်ခန္ဓာကို နိုင်ငံနှင့် ပြည်သူအတွက် ကြည်ကြည်ဖြူဖြူနှင်းဆက် စွန့်လှူပြီး ပေးအပ်သည့် ရည်မှန်းချက်တာဝန် ဝတ္တရားများကို ပြီးမြောက်အောင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လစိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်း ထမ်းဆောင်ကြသူများအား နိုင်ငံတော်နှင့် တပ်မတော်က အမြဲချီးမြှင့်ဂုဏ်ပြု ပေးသည်။ သို့ဖြစ်ပါ၍ တပ်မတော်နှင့် သက်ဆိုင်သည့် စွမ်းရည်သတ္တိ ဘွဲ့များ၊ တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များအကြောင်းကို ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့များမှာ အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့တို့ဖြစ်သည်။

အောင်ဆန်းသူရိယဘွဲ့အား လတ်တလော ဖြစ်ပေါ်နေသော ကြီးမားသည့်စစ်ရေး အခက်အခဲ အကျဉ်းအကျပ်ကြောင့် အထူးနစ်နာ ထိခိုက်ဆုံးရှုံးရမည့် ထူးကဲသောအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေမျိုးသို့ဆိုက်ရောက်နေစဉ် တပ်အဖွဲ့အစည်း၏ စစ်ရေးအကျိုးငှာ မိမိအသက်ကို ပဓာနမထားဘဲ စံတင်ထိုက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးတို့ဖြင့် တာဝန်ကိုရဲဝံ့စွန့်စားစွာ တစ်ဦးတည်း ဆောင်ရွက်ခြင်း၊ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ မိမိအသက်ဘေးအန္တရာယ်ကို အလျှင်းမငဲ့ကွက်ဘဲ မိမိထမ်းဆောင်ရမည့် တာဝန်ကို ခိုင်မြဲသောစိတ်ဓာတ်၊ မဆုတ်မနစ်သော ရဲစွမ်းသတ္တိတို့ဖြင့် ဂုဏ်ယူထိုက်သည့် ထူးကဲစွာတာဝန်ထမ်းဆောင်မှု ဖြစ်ခြင်း၊ မိမိအသက်ဘေးရန် အန္တရာယ်နှင့်တကွ အခြားသော ကျရောက်နိုင်သည့် ဘေးရန်အန္တရာယ်များကို လျစ်လျူရှု၍ နိုင်ငံတော်၏ စစ်ရေးအကျိုးငှာ ရဲဝံ့စွန့်စားစွာ သက်စွန့်ကြိုးပမ်း ချီးမွမ်းဂုဏ်ပြု ထိုက်သည့် တာဝန်ထမ်းဆောင်မှု ဖြစ်ခြင်း၊ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်စဉ်အတွင်း တပ်အဖွဲ့အစည်းအလိုက် ကြီးမားသောထိခိုက် ဆုံးရှုံးမှုအန္တရာယ်နှင့် တွေ့ကြုံရမည့် စစ်ရေးအခြေအနေ မျိုးသို့ ဆိုက်ရောက်နေစဉ် တပ်အဖွဲ့အစည်းအလိုက် သက်ဆိုင်ရာ
တပ်မတော်သားများက မိမိတို့၏ အသက်အန္တရာယ်ကို ဥပေက္ခာပြု၍ ထူးကဲမြင့်မားသော စိတ်ဓာတ်တို့ဖြင့် ရဲဝံ့စွန့်စားစွာတိုက်ခိုက်ကြခြင်း၊ တပ်အဖွဲ့အစည်းအနေဖြင့် မိမိတို့၏ အသက်ဘေးအန္တရာယ်ကို လုံးဝမငဲ့ကွက်ဘဲ
ပေးအပ်သည့်တာဝန်ကို ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် ချီးမွမ်းဂုဏ်ပြုထိုက်သည့် တာဝန်ထမ်းဆောင်မှုဖြစ်ခြင်း စသည့်စွမ်းရည်သတ္တိ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံမှသာ အောင်ဆန်းသူရိယ
ဘွဲ့ကို တပ်အဖွဲ့အစည်း လိုက်သော်လည်းကောင်း၊ တပ်မတော်သားတစ်ဦးချင်း အလိုက်သော်လည်းကောင်း ချီးမြှင့်အပ်နှင်းသည်။

သီဟသူရဘွဲ့အား အောင်ဆန်းသူရိယ ဘွဲ့ချီးမြှင့်အပ်နှင်းခြင်း ခံထိုက်သည့် အရည်အချင်းကို ရာနှုန်းပြည့်မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှ ပြည့်စုံသော တပ်မတော်သားများအား သီဟသူရဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။

သူရဘွဲ့ကို သီဟသူရဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း ခံထိုက်သည့် အရည်အချင်းကို ရာနှုန်းပြည့် မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှ ပြည့်စုံသော တပ်မတော်သားများ အားသူရဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်များမှာ အောင်ဆန်းတံဆိပ်၊ သီဟဗလတံဆိပ်နှင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တို့ဖြစ်သည်။

အောင်ဆန်းတံဆိပ်အား ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်ရသည့် တိုက်ပွဲတာဝန် မဟုတ်သော်လည်း အထက်မှပေးအပ်သော တာဝန်တစ်ရပ်ရပ်ကို ထမ်းဆောင်ရာ၌ မိမိ၏အသက် ဘေးအန္တရာယ်ကို မငဲ့ကွက်ဘဲ ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့်လည်းကောင်း၊ စံတင်ထိုက်သည့် စွမ်းရည်သတ္တိဖြင့်လည်းကောင်း ထူးချွန်စွာဆောင်ရွက်ပါက ချီးမြှင့်သည်။ သီဟဗလတံဆိပ်အား အောင်ဆန်းတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခံထိုက်သည့် စွမ်းရည်သတ္တိ အရည်အချင်းကို ရာနှုန်းပြည့် မမီသော်လည်း ယင်းအရည်အချင်းနီးပါးမျှ ထူးချွန်စွာ ဆောင်ရွက်ပါက ချီးမြှင့်သည်။

သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်အား သူရဘွဲ့ဖြင့် ဂုဏ်ပြုချီးမြှင့် အပ်နှင်းထိုက်သည့် အရည်အချင်းရာနှုန်းပြည့် မမီသော်လည်း ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ ကြံ့ခိုင်သော စိတ်ဓာတ်၊ ပြောင်မြောက်သော သူရသတ္တိဖြင့်မိမိတာဝန်ကို ထမ်းဆောင်ပါက ချီးမြှင့်သည်။

နိုင်ငံတော်အတွက် တပ်မတော်နှင့်တွဲဖက် ပေးထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများကိုလည်း စွမ်းရည်သတ္တိအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မီသည်အထိ သက်စွန့် ကြိုးပမ်းဆောင်ရွက်လျှင် အောင်ဆန်းသူရိယဘွဲ့ သို့မဟုတ် သီဟသူရဘွဲ့ သို့မဟုတ် သူရဘွဲ့ သို့မဟုတ် အောင်ဆန်းတံဆိပ်သို့မဟုတ် သီဟဗလတံဆိပ် သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တစ်ခုခုကို ချီးမြှင့် အပ်နှင်း နိုင်ခွင့်ရှိသည်။

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များမှာ မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ ပြည်သူ့သားကောင်းတံဆိပ်၊ နိုင်ငံတော်စစ်မှု ထမ်းတံဆိပ်၊ ပြည်ပရန်နှိမ်တံဆိပ်နှင့် ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟ တံဆိပ်အား အငြိမ်းစားလစာအတွက် ရေတွက်ခွင့်ရှိသော စစ်မှုထမ်းသက် ၃၅ နှစ်ပြည့်မြောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ အလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသော စစ်မှုထမ်းများ ဖြစ်ရမည့်အပြင် စစ်မှုထမ်းကောင်း တံဆိပ်ချီးမြှင့်ခံရပြီး သူဖြစ်ပါက ချီးမြှင့်သည်။ စစ်မှုထမ်းကောင်းတံဆိပ်သည် အရာရှိများ စစ်မှုထမ်းသက် ၂၅ နှစ်နှင့် စစ်သည်များ ၂၁ နှစ်ရှိ၍ ပြစ်မှု လုံးဝကင်းရှင်းသူဖြစ်ပြီး ပြဋ္ဌာန်းခွင့် ပြုထားသည့်အမှတ်ပေး စနစ်များအရ သတ်မှတ်အမှတ်ရရှိသူ ဖြစ်ပါက ချီးမြှင့်အပ်နှင်းသည်။

ပြည်သူ့သားကောင်း တံဆိပ်အား ရန်သူ့လက်နက်ကြောင့် ခြေ၊ လက်၊ မျက်စိစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ရပ်ရပ်ကို နိုင်ငံတော်အတွက် စွန့်လှူခဲ့ခြင်းနှင့် တိုက်ပွဲတွင် ရရှိသောဒဏ်ရာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာ ပျက်စီးချို့ယွင်းမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပျက်စီး ဆုံးရှုံးမှုတစ်ခုခုဖြင့် ဆေးခုံရုံးက ၆ဝ ရာခိုင်နှုန်းအထက် ဆုံးရှုံးသည်ဟု သတ်မှတ်ခံရပါက ချီးမြှင့်သည်။ တပ်မတော်သားများနှင့်အတူ ပါဝင်သည့်ဝန်ထမ်းများ၊အရပ်သားများ ကိုလည်း ချီးမြှင့်သည်။ နိုင်ငံတော်စစ်မှုထမ်း တံဆိပ်သည် နိုင်ငံတော်တစ်ဝန်းလုံး၌ ပြည်တွင်းသောင်းကျန်းသူများ အားနှိမ်ရာတွင် ရက်ပေါင်း ၃၆၅ ရက်ပါဝင်ထမ်းဆောင်ခဲ့ပါက ချီးမြှင့်သည်။ ပြည်ပရန် နှိမ်တံဆိပ်အား ၁၉၅ဝ ပြည့်နှစ် ဇွန် ၁၇ ရက်မှစ၍ ယနေ့ကာလအထိ နိုင်ငံတစ်ဝန်းလုံးတွင် ပြုလုပ်ခဲ့သည့် ပြည်ပရန် နှိမ်စစ်ဆင်ရေးကာလများတွင် တပ်မတော်၌ စစ်မှုထမ်းဆောင်ပါက ချီးမြှင့်သည်။

ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်အား ၁၉၆၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ ယနေ့ကာလအထိ နိုင်ငံတော်တစ်ဝန်းလုံး၌ ပြုလုပ်ခဲ့သည့် တပ်မတော်နှင့်ပြည်သူ့ စစ်ဆင်ရေးကာလများတွင် စစ်မှုထမ်းဆောင်လျက်ရှိပါက ချီးမြှင့်သည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့နှင့် တံဆိပ်များကို ပုဂ္ဂိုလ်တစ်ဦးအား တစ်မျိုးထက်ပို၍ ချီးမြှင့်အပ်နှင်းနိုင်သည်။ ငွေကြေးချီးမြှင့်ခြင်းကိုလည်း တစ်လုံးတစ်ခဲတည်း ချီးမြှင့်ခြင်းနှင့် လစဉ်ချီးမြှင့်ခြင်းဟု သတ်မှတ်ထားပြီး နိုင်ငံတော်က နှုန်းထားများကို အခါအားလျော်စွာ အမိန့်ထုတ်ပြန် ဆောင်ရွက်သည်။ အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိသူတို့သည် တစ်လုံးတစ်ခဲတည်းနှင့် လစဉ်ချီးမြှင့်ငွေများကို ခံစားခွင့်ရှိသည်။

စွမ်းရည်ဘွဲ့အတွက် လစဉ်ခံစားနေသူ ကွယ်လွန်ပါက အငြိမ်းစား လစာခံစားခွင့်ရှိသူက လစဉ်ချီးမြှင့်ငွေကို ဆက်လက်ခံစားခွင့် ပြုသည်။ အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့ရရှိသူတို့သည် အမည်ရှေ့တွင်ဘွဲ့အားဖော်ပြ၍ ခေါ်ဝေါ်သုံးစွဲခွင့်ရှိသည်။

စွမ်းရည်သတ္တိ တံဆိပ်များဖြစ်သည့် အောင်ဆန်းတံဆိပ်၊ သီဟဗလတံဆိပ်၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်များအတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေအား ခံစားခွင့်ရှိသည်။

စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များဖြစ်သည့် စစ်မှုထမ်းကောင်းတံဆိပ်သည် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကိုသာ ခံစားရပြီး ပြည်သူ့သားကောင်းတံဆိပ်သည် တစ်လုံးတစ်ခဲတည်းနှင့် လစဉ်ချီးမြှင့်ငွေများ ခံစားရသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟ တံဆိပ်ရရှိသူ စစ်မှုထမ်းများသည် အငြိမ်းစားယူပြီးပါက အငြိမ်းစားလစာ စတင်ခံစားရသည်နှင့် တစ်ပြိုင်နက် လစာအပြင် လစဉ်ချီးမြှင့်ငွေကို ကွယ်လွန်သည်အထိ လည်းကောင်း၊ ကွယ်လွန်ပြီးနောက် အငြိမ်းစားလစာ ဆက်လက်ခံစားခွင့်ရှိသူက ခံစားခွင့်ရှိသည်။

ယခင်က နိုင်ငံတော်အမိန့် ပြဋ္ဌာန်းချက်များဖြင့် ထုတ်ပြန်ချီးမြှင့် ခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်များနှင့် မကိုက်ညီတော့သဖြင့် ချီးမြှင့်ခြင်းမရှိတော့သည့် တံဆိပ်များမှာ တပ်မတော်ရွှေရတု နှစ်တံဆိပ်၊ အရေးတော်ပုံတံဆိပ်၊ လွတ်လပ်ရေးစည်းရုံးမှု တံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း၊ မဲသဝေါတိုက်ပွဲတံဆိပ်နှင့် ရန်ငြိမ်းအေး တံဆိပ်တို့ဖြစ်သည်။

ဘွဲ့တံဆိပ်များ ချီးမြှင့်ရန်အတွက် အမည်အရည်မှတ်တမ်း ပေးပို့ရမည့် သတ်မှတ်စည်းကမ်းများကို ကာကွယ်ရေးဌာန ကောင်စီအထူး အမိန့်အမှတ်၊ ၂/အထူး/၇၂ ဖြင့် ထုတ်ပြန်ထားရှိသည်။ ဌာနချုပ်များသည် လက်အောက်ခံ တပ်များမှ ပေးပို့သော ထောက်ခံချက်များကို စိစစ်၍ ဌာနချုပ်မှူးများ၏ ထောက်ခံချက်နှင့်အတူ စစ်ရေးချုပ်ရုံးသို့ ပေးပို့ရသည်။ စစ်ရေးချုပ်ရုံးက ဖွဲ့စည်းထားသည့် စွမ်းရည်သတ္တိဘွဲ့၊ တံဆိပ်နှင့် စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များ ချီးမြှင့်ရန် ပဏာမစိစစ်ရွေးချယ်ရေးအဖွဲ့က စိစစ်ရွေးချယ်ပြီး တပ်မတော်အကြီးအကဲများထံ တင်ပြခွင့်ပြု ချက်ရယူသည်။ ခွင့်ပြုချက်ရရှိပါက အတည်ပြုရွေးချယ် ထားသူများအတွက် သတ်မှတ်ပုံစံများဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ ပေးပို့တင်ပြရသည်။

ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးပြီး ဖြစ်သော်လည်း နိုင်ငံတော်၏ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများအရ ပြန်လည် ရုပ်သိမ်းနိုင်သည်။

ကာကွယ်ရေးဌာန ကောင်စီအထူးအမိန့်ဖြင့် ထုတ်ပြန်ချီးမြှင့်သည့် တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ၄၃ မျိုးရှိသည်။ ဦးစီးကွပ်ကဲမှု တံဆိပ်ငါးမျိုးမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တံဆိပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တံဆိပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တံဆိပ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) တံဆိပ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တံဆိပ်တို့ဖြစ်သည်။ အဆင့်လိုက် ဂုဏ်ထူးဆောင် တံဆိပ်ခြောက်မျိုးမှာ ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်စသည့် တံဆိပ်တို့ဖြစ်သည်။ နိုင်ငံခြားဧည့်သည်များ သို့ပေးအပ်သည့် တံဆိပ်လေးမျိုးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)စသည့် တံဆိပ်တို့ဖြစ်သည်။ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ၁ဝ မျိုးမှာ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်(ပထမဆင့်)၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ် (ဒုတိယဆင့်)၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ် (တတိယဆင့်)၊ စစ်မှုထမ်းသက်တံဆိပ် ၃၃ နှစ်အထက်၊ စစ်မှုထမ်းသက်တံဆိပ် ၃ဝ နှစ်အထက်၊စစ်မှုထမ်း သက်တံဆိပ် ၂ဝ နှစ်အထက်၊ စစ်မှုထမ်းသက်တံဆိပ် ၁၅ နှစ်အထက်၊ စစ်မှုထမ်းသက်တံဆိပ် ၁ဝ နှစ်အထက်၊ စစ်မှုထမ်းသက် တံဆိပ်ငါးနှစ်အထက်၊ နိုင်ငံအကျိုးဆောင်တံဆိပ် စသည်တို့ဖြစ်သည်။

စစ်ပွဲ/တိုက်ပွဲတံဆိပ် ခုနစ်မျိုးမှာ စစ်ပွဲတံဆိပ် ၁၉၆၂/၇၄)၊ စစ်ပွဲတံဆိပ် (၁၉၇၄/၈၈)၊ စစ်ပွဲတံဆိပ် (၁၉၈၈/၉ဝ)၊ တိုက်ပွဲတံဆိပ် (မဲလ)၊ တိုက်ပွဲတံဆိပ်(ဖလူး)၊ တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)၊ တိုက်ပွဲတံဆိပ်(လောက်ကိုင်)တို့ဖြစ်သည်။ သင်တန်းဆိုင်ရာတံဆိပ် ရှစ်မျိုးမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်၊ တပ်ရင်းအရာခံဗိုလ် သင်တန်းတံဆိပ်၊ အကြပ်ကြီးသင်တန်းတံဆိပ်၊ အကြပ်ငယ်သင်တန်း တံဆိပ်တို့ဖြစ်ပြီး စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ် သုံးမျိုးမှာ စစ်သေနာပတိချုပ်၏ သူရဲကောင်းလက်မှတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် တို့ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ပတ်သက်၍ တပ်ဆင်ရမည့် အခမ်းအနားများ၊ တပ်ဆင်ပုံတပ်ဆင်နည်းများ၊ ပုံသဏ္ဌာန်အရွယ်အစား၊ အတိုင်းအတာ၊ ဖဲကြိုးအရောင်အသွေး၊ တံဆိပ်အမှတ် အသားများ၊ အဓိပ္ပာယ်ဖော်ဆောင် ချက်များနှင့်ဂုဏ်ပြု စာလွှာပုံစံများကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် ၂ဝဝ၉ တွင် အသေးစိတ်ဖော်ပြ ထားပါကြောင်း ရေးသား ဖော်ပြအပ်ပါသည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၁၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...