Social Icons

Pages

Showing posts with label ပတ်ဝန်းကျင်ထိန်းသိမ်းရေး. Show all posts
Showing posts with label ပတ်ဝန်းကျင်ထိန်းသိမ်းရေး. Show all posts

Tuesday, October 30, 2018

အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


တောင်ကြီး  အောက်တိုဘာ ၂၉  
-
ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် UNDP တို့ပူးပေါင်းကျင်းပသော အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ  Royal Taunggyi ဟိုတယ်ခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အင်းလေးကန်သည် ထူးခြား သည့် ရိုးရာယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းမှု အလေ့အထများကြောင့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင် မှု ရှိသည့် ဒေသဖြစ်ပါကြောင်း၊ အင်းလေးကန်၏ အချို့နေရာများ၌  ကန်၏အခြေအနေမှ ကျွန်းမျော စိုက်ပျိုးရေးခြံနှင့် လယ်ကွက်များအကြား ရေမြောင်းကဲ့သို့ ဖြစ်နေပြီး ကန်ရေသည်လည်း ညစ်ညမ်းမှုဖြစ်နေကာ ကန်ရေ သောက်သုံး သူနှင့် ငါးများအတွက် အင်းလေးကန်ရေ ထိန်းသိမ်းမှု လိုအပ်ပါကြောင်း၊ အင်းလေးကန် ထိန်းသိမ်းရေးနှင့်  ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရ တို့က ဦးဆောင်လျက်ရှိပြီး ကြိုးစားပမ်းစား လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း  ပြောကြားသည်။
-
ဆက်လက်၍ နော်ဝေသံရုံးမှ  ဝန်ကြီးအတိုင်ပင်ခံ Lise Nordgaardနှင့် UNDP မှ ပရောဂျက် မန်နေဂျာ (နည်းပညာ ဆိုင်ရာ အကြံပေး) Martin Cosier တို့က အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို  လုပ်ဆောင်နေသည့်   အင်းလေးကန်  အုပ်ချုပ် လုပ်ကိုင်ရေးအဖွဲ့ကို အားဖြည့် ကူညီဖွဲ့စည်းကာ စီမံကိန်းကို ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ   ခွင့်ပြုချက်ရယူခဲ့ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် MoU ရေးထိုးကာ နော်ဝေ အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
-
ထို့နောက် သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က  အင်းလေး ကန် ရေရှည် တည်တံ့ရေးအတွက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လုပ်ငန်းဆောင်ရွက်မည့် အစီအမံ များနှင့်   တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
-
ယင်းနောက် တက်ရောက် လာကြသူများက  အင်းလေးကန် ထိန်းသိမ်းရေးနှင့် အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေး ညီလာခံ ကျင်းပ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေး ညီလာခံ ကျင်းပ
နေပြည်တော်   အောက်တိုဘာ  ၂၉
-
ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်(UNEP)၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အာရှတရားသူကြီးများ ကွန်ရက်  (AJNE)   တို့ပူးပေါင်း၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲမှုအတွက် တရားရုံးစီရင် ဆုံးဖြတ်မှုဆိုင်ရာ အာရှ-ပစိဖိတ် တရားရေးညီလာခံဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပသည်။
-
ညီလာခံဖွင့်ပွဲသို့    ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။အဆိုပါညီလာခံကို သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အမှုများ စစ်ဆေးစီရင်မှုနှင့် စပ်လျဉ်း၍ တိုးတက်ခိုင်မာ လာစေရေးအတွက် ကျင်းပခြင်းဖြစ်ပြီး အာရှနှင့်ပစိဖိတ် ဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ တရားမျှတမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အမှုများ စစ်ဆေးစီရင်ခြင်း၊ စီရင်ထုံးများလိုက်နာမှု အားကောင်းလာစေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အုပ်ချုပ်မှုတို့နှင့်ပတ်သက်၍  အကောင်းဆုံးကျင့်သုံးမှုများကို   တရားသူကြီးများနှင့် ဥပဒေပညာရှင်များ အကြား ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
-
ညီလာခံကို အောက်တိုဘာ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းဥပဒေများ၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ တရားစွဲဆိုမှုများနှင့်  တွေ့ကြုံရသော စိန်ခေါ်မှုများ၊ ရာသီဥတု ပြောင်းလဲလာသည့် ခေတ်ကြီးတွင် တရားသူကြီးများ၏ အခန်းကဏ္ဍ အစရှိသည်တို့နှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နေသူများက ရှုထောင့်အသီးသီးမှ ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
-
ညီလာခံသို့ အာဆီယံနိုင်ငံများ၊ တောင်အာရှနိုင်ငံများ၊  ပစိဖိတ်ဒေသတွင်းနိုင်ငံများ၊ ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊  ဘရာဇီး၊ နယူးဇီလန်၊ ကိရိဘတ်စ်နိုင်ငံတို့မှ တရားသူကြီးချုပ်များ၊ တရားသူကြီးများ၊ တရားရေး အရာရှိများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ADB? UN  Environment  မှ တာဝန်ရှိသူများနှင့် Train-The-Trainers Program Environmental Champions မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ  ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မရှင်နှင့် ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊  ရန်ကုန်နှင့်  မန္တလေး တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခများ၊ ရန်ကုန်နှင့် မန္တလေးရှေ့နေများ အသင်းဥက္ကဋ္ဌများ၊ ခရိုင်အဆင့် တရားသူကြီးများနှင့်  ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ သတင်းမီဒီယာများမှ တာဝန်ရှိ သူများတက်ရောက်ကြပြီး  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း  သိရသည်။
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 13, 2018

ပုပ္ပားတောင် ဝန်းကျင်ဧရိယာ၌ ရေစီးရေလာ ကောင်းမွန်ရေးနှင့် အဆောက်အအုံများ စနစ်တကျ ဆောက်လုပ်သင့်



ကျောက်ပန်းတောင်း ၁၃-၂-၂ဝ၁၈

ပုပ္ပားတောင်ဝန်းကျင် ဧရိယာတွင် သဘာဝရေထွက်တွင်း ၇ဝ ခန့်ရှိပြီး တောင်၏ရေစီး ရေလာကောင်းမွန်ရေးနှင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စနစ်တကျ တည်ဆောက်ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက် သင့်ကြောင်း ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အကြံပြုကြသည်။

ပုပ္ပားတောင်ကလပ်အနီး မြေပြိုမှုမကြာခဏ ဖြစ်ပွားနေသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘူမိဗေဒ ဆိုင်ရာကျွမ်းကျင်ပညာရှင် ၁၂ ဦးသည် ပုပ္ပားတောင်မကြီးနှင့် အနီးပတ်ဝန်းကျင်နေရာ များသို့ သွားရောက်လေ့လာခဲ့ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် ခေတ္တရပ်နားကာ ယခုလကုန်တွင် နောက်တစ်ကြိမ်ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

''မြေကြီးအနက်ထဲ ရောက်အောင် တွင်းတွေတူးပြီး မြေသားအခြေအနေ ကိုကြည့်မယ်။ ဒီလိုမြေပြိုတာကို ရပ်အောင်လုပ်လို့ မရပါဘူး။ လျော့နည်းအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့နည်းလမ်းကို ရှာရမှာပါ။ အခုတွေ့ရှိတာတွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြမယ်'' ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဒေါက်တာစိုးမိုးကျော်ဝင်းက ပြောသည်။

ပုပ္ပားတောင်မကြီးသည် အမြင့်ပေ ၄၉၈၁ ပေရှိပြီး ပုပ္ပားတောင်ဝန်းကျင် ဧရိယာသည် သဘာဝအလျောက် မြေပြိုနိုင်သဖြင့် မြေပြိုမှု အန္တရာယ်လျော့နည်း စေရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပညာရှင်များက နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများအား အကြံပြုထားကြောင်း သိရသည်။

#Themyawadydaily

Friday, June 16, 2017

သစ်တောရတနာပြည့်ဘဏ္ဍာ စိုက်ကြပျိုးကြထိန်းသိမ်းကြ



ဆောင်းပါး ( ခိုင်ကျော်ညို ) ၁၆-၆-၂၀၁၇

ရတနာဟူသည် နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်ဖြစ်သော အရာဟူ၍ လည်းကောင်း၊ နှစ်သက်တန်ဖိုးထားသော သား၊သမီး၊ဆင်၊မြင်း စသည်ဟူ၍လည်းကောင်း၊ ပတ္တမြားစသည် အမျက်ကျောက်ဟူ၍ လည်းကောင်းမြန်မာ အဘိဓာန်၌ အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ မြန်မာနိုင်ငံသားများအတွက် သဘာဝကပေးသော မြေပေါ်မြေအောက် အဖိုးတန်သယံဇာတများတွင် ကျောက်မျက်ရတနာ များနှင့်အတူ အဖိုးတန်သဘာဝသစ်တော ရတနာများလည်း ပါဝင်ကြသည်။

မြန်မာနိုင်ငံသမိုင်းတွင် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာတို့အပေါ် မတရားကျူးကျော် စော်ကားပြီး ထီးကျိုးစည်ပေါက်ဘဝ ရောက်စေခဲ့သော အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ (၁၈၈၅ ခုနှစ်)ကို မီးလောင်ရာလေပင့် ပေးလိုက်သော ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ သစ်ခိုးထုတ်မှုကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူများနှင့် သစ်တောရတနာတို့၏ သမိုင်းသည် တစ်ဆက်တစ်စပ်တည်း ဖြစ်ကြောင်း တွေ့ရပါသည်။

မြန်မာ့သစ်တောများသည် ပြည်သူတို့နှင့် တစ်ဆက်တစ်စပ်တည်း ရှိကြသည်သာမက ပြည်သူအတွက် လောကအမြင်၊ ဘဝအမြင်၊ အနုပညာအမြင်၊ ဘာသာရေးအမြင်တို့ကိုပါ ပေးစွမ်းနိုင်ကြောင်း မြန်မာစာပေများတွင် တွေ့နိုင် ပါသည်။အင်းဝခေတ် ကဗျာစာဆိုကြီးများအနက် ရှင်ဥတ္တမကျော်ရေးသားသော ဂန္ထဝင်မြောက်တောလား ကဗျာကြီး၌ ''ဥဏှဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ခြည်တစ်ထောင်ဖြင့်၊ပြောင်ပြောင်ဝင်းထိန်၊အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား'' ဟူသောအဖွဲ့နှင့် ''တောခွင်တောင်ထု၊ ပျော်ကြောင်းလု သည်၊ တောင်သူ့ဓလေ့၊ ယာမီးကြွေ့သား၊ မျိုးစေ့မြေနှံ၊ ဒေဝမာန်လျှင်၊ ညံတခြိမ့်ခြိမ့်၊ ဘဝင်စိမ့်မျှ၊ သိမ့်သိမ့်ရိုက်ကြော်၊ ပုစွန်ဆော်၍၊ ခါတော်သဘင်၊ ဖက်နွှဲယှဉ်ဖို့၊ ညွန့်ရှင်ခက်သွယ်၊ တောနိကာယ်ဘုံ၊ အံ့ဖွယ်သူရဲ၊ ကဲကြဆင့်ဆင့်၊ ပင်လုံးဝင့်လျက်'' ဟူသောအဖွဲ့တို့သည် ဆိုခဲ့သော အမြင်လေးမြင်တို့ကို ဖော်ကျူးလျက်ရှိပါသည်။ ထို့ကြောင့် သစ်တောများသည် မြန်မာတို့အတွက် ရတနာဖြစ်သည်ဟု တင်စားထားခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က တိုင်းတာချက်များအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွှမ်းသော ဧရိယာဖြစ်သည်။ သစ်တောများသည် နိုင်ငံ တော်၏ ကုန်ထုတ်လုပ်ငန်းများ နှင့်ဝန်ဆောင်မှု လုပ်ငန်းများတွင် အထောက်အပံ့အမျိုးမျိုး ပေးစွမ်းနိုင်သောကြောင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေး၊ တိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍ၌ပါဝင်သည်။

မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ အများစုဖြစ်ပြီး သစ်တောသယံဇာတ များအပေါ် အများအပြားမှီခို အားထားနေကြရာ သစ်တောများအပေါ် အလွန်အကျွံမှီခိုခြင်းက သစ်တောပြုန်းတီးမှုကို တွန်းအားပေးလျက် ရှိသဖြင့် ကမ္ဘာ့နိုင်ငံများ၏ သစ်တောပြုန်းတီးမှုတွင် မြန်မာနိုင်ငံသည် တတိယအများဆုံး နိုင်ငံဖြစ်ပြီး နှစ်စဉ်သစ်တော ပြုန်းတီးမှုမှာဟက်တာ သုည ဒသမ ၄ သန်းရှိကြောင်း သိရသည်။ သစ်တောဦးစီးဌာနသည် သစ်တောများ ပြန်လည် တည်ထောင်ရေး ဆောင်ရွက်ရာတွင် ပျက်စီးနေသော နေရာများ၌ နိုင်ငံပိုင်သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ ပုဂ္ဂလိကသစ်တော စိုက်ခင်းများ တည်ထောင်ခွင့်ပြုပေးခြင်း၊ သစ်တောအတန်း အစားကျဆင်းနေသော သဘာဝတောများကို ပြန်လည်ပြုစုထိန်းသိမ်း ကာကွယ်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း စသောလုပ်ငန်းရပ်များကို စနစ်တကျလေ့လာ စိစစ်ဆောင် ရွက်နေသည်။

မြန်မာနိုင်ငံတွင် သစ်တောများဖုံးလွှမ်းမှု ဧရိယာတိုးတက်လာပြီး ပြည်သူတို့၏လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေရန် နိုင်ငံတော်၏ အမျိုးသားရေး အင်အားစု တပ်မတော်ကလည်း ''ရှင်အောင်စိုက်ပျိုး၊ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်း''ဆောင်ပုဒ်နှင့်အညီ နှစ်စဉ် ဆောင်ရွက်နေသည်။နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၏ ၂ဝ၁၇ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၇ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိ ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံး/ဌာနများမှ အရာရှိ၊စစ်သည်၊ မိသားစုဝင်များ တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင် ၇၂ဝဝ အား စုပေါင်း စိုက်ပျိုးခဲ့ကြပါသည်။

ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများတွင် ရတနာ တန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စိုက်ပျိုးပင်စုစုပေါင်း ၉၃၇၅ဝ ပင်ကို စိုက်ပျိုးခဲ့ပြီး အပင်များရှင်သန် ဖြစ်စေရန်နှင့် ပြုန်းတီးမှုမရှိစေရန် ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဥတုရာသီတောကိုမှီ၏ ဆိုထားကြသည့် အတိုင်း ရာသီဥတုကောင်းမွန် မျှတစေရန် သစ်ပင်သစ်တောများက စွမ်းဆောင်နိုင်ကြပါသည်။ ရာသီဥတုကောင်းမွန်မျှတလျှင် လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာပြီး နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ သစ်တောသစ်ပင်များသည် လူသားတို့အတွက်အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးကို ဖြည့်ဆည်းပေးသည့်အပြင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုသည့်အတိုင်း အသီး၊အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်တို့ကိုဆေးဝါးအဖြစ် အသုံးပြုနိုင်သည်။

စက်မှုတော်လှန်ရေး ကာလနောက်ပိုင်း အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် လေထုညစ်ညမ်းမှု များလာခြင်းတို့ကို သစ်ပင်သစ်တောများက ထိန်းသိမ်းပေး လျက်ရှိရာ ''စက်ရုံလွှင့်ထုတ်၊ လေညစ်ပုပ်၊ တောတွင်း သစ်ပင်အကုန်စုပ်။ တို့တွေရှူသွင်း၊ လေသန့်ရှင်း မခြွင်းရမှာ၊ တောကသာ'' ဟူသောဆောင်ပုဒ်များဖြင့် နှိုးဆော်ထားကြသည်။ သစ်ပင်တို့သည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များအားစုပ်ယူ၍ အပင်အစိတ် အပိုင်းများနှင့် မြေဆီလွှာအတွင်း သိုလှောင်ပေးပြီး လူနှင့်သက်ရှိသတ္တဝါ များအတွက် လိုအပ်သည့် အောက်ဆီဂျင်ဓာတ်ငွေ့ကို ထုတ်လွှင့်ပေးခြင်းဖြင့် သက်ရှိလောကအတွက် အရေးအကြီးဆုံး ဝန်ဆောင်မှုကို ဆောင်ကြဉ်းပေး ကြသည်။

သစ်ပင်သစ်တောများသည် လူသားတို့အတွက် သစ်တောထွက် ပစ္စည်းများအပြင် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး များကိုလည်း အထောက်အပံ့ ပြုကြသဖြင့် သစ်တစ်ပင်စိုက်လျှင် ဇရပ်တစ်ဆောင်ဆောက်လုပ် လှူဒါန်းသည် နှင့်တူ၏ဟူ၍ ရှေးဘိုးဘွားမိဘများက ညွှန်ပြထားကြသည်။ သစ်ပင်သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် လေကောင်းလေသန့် ရရှိစေခြင်း၊ ရေလည်ပတ်မှု စနစ်မှန်ကန်စေရန် ထိန်းသိမ်းပေးခြင်း၊ ရေအရင်းအမြစ်များနှင့် သဘာဝစမ်းရေထွက်များ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီလွှာ ထိန်းသိမ်းပေးခြင်း၊ သစ်ပင်၏ပင်စည်နှင့် အမြစ်တို့က မြေပေါ်မြေအောက်ရေတို့ကို ထိန်းသိမ်းပေးထားခြင်း တို့ကြောင့် ရေကြီးခြင်းနှင့် ခြောက်သွေ့မှုများ သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။

ထို့ကြောင့် သစ်ပင်တစ်ပင်၏ တန်ဖိုးကို ရှာဖွေကြရာတွင် မြင်နိုင်သည့်တန်ဖိုးနှင့် မမြင်နိုင်သည့် တန်ဖိုးတို့ရှိကြလေရာ လူတိုင်း မြေရှိလျှင် သစ်ပင်စိုက်သင့်ပါသည်ဟု အကြံပြုတိုက်တွန်းရေးသား လိုက်ရပါသည်။ ။

မြ၀တီနေ့စဉ်သတင်းစာ စာ (၁၁)

#Themyawadydaily

Friday, June 9, 2017

မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်း များရှိရာ အဏ္ဏဝါရေပြင်ကို ငါးမဖမ်းရဇုန်များသတ်မှတ်ပိုင်း ခြား၍ထိန်းသိမ်းသွားမည်



မြိတ် ၉-၆-၂၀၁၇

ငါးဖမ်းလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် အရေးပါသော သန္တာကျောက်တန်းများ မပျက်စီးစေရန် မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများရှိရာ အဏ္ဏဝါရေပြင်အား ငါးမဖမ်းရဇုန်အဖြစ် သတ်မှတ်ပိုင်းခြား၍ ထိန်းသိမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာသားငှက်တိရစ္ဆာန်နှင့် အပင်များလေ့လာရေးအဖွဲ့ (FFI) အဏ္ဏဝါ ထိန်းသိမ်းရေးဌာနမှ သိရသည်။

မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ဒီရေတောများ ကောင်းမွန်စွာတည်ရှိ နေသော်လည်း ငါးအလွန်အကျွံဖမ်းဆီးမှု၊ တရားမဝင်ငါးဖမ်း ကိရိယာများဖြင့် ငါးဖမ်းဆီးမှု၊ မိုင်းခွဲ၍ငါးဖမ်းဆီးမှုများ ကြောင့် သန္တာကျောက်တန်းများမှာ ပျက်စီးလျက်ရှိသည်။

ထို့ ကြောင့် မြိတ်ကျွန်းစုအတွင်း ကျန်ရှိနေသော အဏ္ဏဝါဂေဟစနစ် များထဲမှ ပျက်စီးမှုနည်းပါး နေသေးသည့် သန္တာကျောက်တန်းများနှင့် ဒေသ၏ရေလုပ်ငန်းကို ရေရှည်တည်တံ့ စေရန်ဦးစားပေး နေရာများ ရွေးချယ်၍ အဏ္ဏဝါ ကာကွယ်ရေး ရေပြင်အဖြစ် သတ်မှတ်ထားသည်။

လက်ရှိတွင် မြိတ်ကျွန်းစုအတွင်းရှိ လငန်း၊ ဒုံးပုလဲအော်နှင့် လင်းလွန်း-ပရောဝါး ကျေးရွာတို့ကို မြန်မာနိုင်ငံ၏ ပထမဆုံးအဏ္ဏဝါ ကာကွယ်ရေးရေပြင် အဖြစ်သတ်မှတ်၍ ထိန်းသိမ်းမှုများဆောင် ရွက်လျက်ရှိသည်။

ထိုသို့ ထိန်းသိမ်းထားသော အဏ္ဏဝါရေပြင်အတွင်း ငါးဖမ်းဆီးခွင့် ပြုခြင်းနှင့် ဥပဒေသက်ရောက်မှု ရှိစေရန်တပ်မတော် (ရေ)နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်ပတ်ဝန်းကျင် ပျက်စီးစေသောရေရှည် တည် တံ့မှုမရှိသည့် ငါးဖမ်းခြင်း ပြဿနာတို့မှ ကင်းလွတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, May 26, 2017

ဆည်၊ မြောင်း၊ ချောင်း၊ ကန်များတွင် ရေသိုလှောင် ထိန်းသိမ်းနိုင်မှုနှင့် မျှော်မှန်းသက်တမ်းထိ မတိမ်ကောမခန်းခြောက်လိုပါက အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုးထိန်းသိမ်းရန်လို



နေပြည်တော် ၂၆-၅-၂၀၁၇

အနယ်နယ်အရပ်ရပ်၌ တည်ရှိနေသော ဆည်၊ မြောင်း၊ ချောင်း၊ ကန်များတွင် ရေသိုလှောင်ထိန်း သိမ်းနိုင်စေရန်နှင့် ဆည်၊ မြောင်း၊ ကန်များ မျှော်မှန်းထားသည့် သက်တမ်းထိ မတိမ်ကောမခန်းခြောက်ဘဲ တည်ရှိလိုပါက အဆိုပါဆည်၊ ကန်၏ အနီးတစ်ဝိုက်နှင့် ဘေးပတ်လည်တွင် အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုးထိန်းသိမ်းရန် လိုကြောင်း သစ်တောနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကောက်နုတ်ချက်များအရ သိရသည်။

အရိပ်ရသစ်ပင်ကြီးများ ရှိနေခြင်းသည် ရေစီးဆင်းမှုကို ထိန်းသိမ်းစေနိုင်ပြီး မြေအောက်ရေ ဖြည့်ဆည်းမှုကိုလည်း ပေးစွမ်းနိုင်ကြောင်း၊ ရွက်အုပ်ပင်ကြီးများ ရှိနေခြင်းကြောင့် မိုးရေစီးဆင်းမှုကိုလည်း ၁၁ရာခိုင်နှုန်းထိ လျှော့
ချနိုင်ကြောင်း၊ ထိုသို့ရေစီးနှုန်းလျှော့ချနိုင် သောကြောင့် မြေအောက်ရေစိမ့်ဝင်လာမှု တိုးလာစေပြီး ၎င်းအပင်ကြီးများမှတစ်ဆင့် မြေအောက်ရေများ တိုးပွားလာကာဆည်၊ မြောင်း၊ ချောင်း၊ ကန်များ အတွင်းသို့ ရေစိမ့်ဝင်လာပြီး လပေါင်းများစွာ တည်မြဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းသစ်ပင်ကြီးများ တည်ရှိနေခြင်းဖြင့် ဆည်၊ မြောင်း၊ချောင်း၊ ကန်များတွင် လေဒဏ်၊ မိုးဒဏ်များ၏ ရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုမှု၊ ကန်ပေါင်ပျက်စီးမှုများကို လျော့နည်းစေပြီး ဆည်၊မြောင်း၊ ချောင်း၊ ကန်များ၏ ကိုယ်ထည်များ လပေါင်းများစွာ ခံနိုင်ရည်ရှိမည် ဖြစ်ကြောင်း သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကောက်နုတ်ချက် များအရ သိရသည်။

#Yadanarpondaily

Friday, February 20, 2015

ရန်ကုန်စည်ပင် ဧရိယာအတွင်း လေထု အရည်အသွေး တိုင်းထွာစက်ဖြင့် အကြို စမ်းသပ်မှုများ စတင်ဆောင်ရွက်


ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အကြို တိုင်းထွာမှုများ ဆောင်ရွက်စဉ်

ရန်ကုန် ၊ ၂၀-၂-၂၀၁၅

ရန်ကုန်မြို့တော် အတွင်း ဖန်လုံအိမ် ဓာတ်ငွေ့များ ထိန်းသိမ်း လျှော့ချခြင်းများ ဆောင်ရွက် နိုင်ရန် လေထု အရည်အသွေး တိုင်းထွာစက် လေးလုံးဖြင့် လူစည်ကား များပြားရာ မြို့နယ်များတွင် အကြို စမ်းသပ်မှုအား စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ရန်ကုန်မြို့တော် ခန်းမရှေ့၌ အကြို စမ်းသပ် တိုင်းထွာခြင်းများ စတင် ပြုလုပ်လျက် ရှိပြီး တစ်ပတ်တာ ကာလအတွင်း ဗန္ဓုလ ပန်းခြံရှေ့၊ လှည်းတန်း လမ်းဆုံ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ လမ်းဆုံ နှင့် အခြားနေရာ များတွင် မိုဘိုင်း ရွေ့လျား တိုင်းထွာ အသုံးပြု သွားမည် ဖြစ်သည်။

အဆိုပါ စက်များသည် အမေရိကန် နိုင်ငံထုတ် ဖြစ်ပြီး တစ်လုံးလျှင် ငွေကျပ် ၂၃၈ သိန်းကျော်ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ဝယ်ယူကာ စင်ကာပူနိုင်ငံမှ တစ်ဆင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ရောက်ရှိ လာကြောင်း သိရသည်။

''ဒီနေ့ ဒီစက်တစ်လုံးကို အကြိုစမ်းသပ် တိုင်းတာ ကြည့်တာပါ။ သုံးနေရာ အထိုင် တပ်ထားပြီး တစ်နေရာ ကတော့ မိုဘိုင်းရွေ့လျား တိုင်းတာမှာပါ။ မိုဘိုင်း အတွက်က နေရာပေါင်း ၃၇ နေရာ တိုင်းမှာ ဆိုတော့ ရက်သတ္တ ၃၇ ပတ် ကြာမှာ ဖြစ်ပါတယ်။ ၃၇ ပတ်ပြီးရင် တစ်က ပြန်စမှာ ဖြစ်ပြီး အဖြေက ဒစ်ဂျစ်တယ် ဆိုတော့ ချက်ချင်း ထွက်ပါတယ်။ အဖြေကို ကြည့်ပြီး ဆက်လက် လုပ်ဆောင် သွားမှာပါ'' ဟု ရန်ကုန်မြို့တော် အကြို စမ်းသပ် တိုင်းထွာ နေသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မိုရ် က ပြောသည်။

လေထု အရည်အသွေး စောင့်ကြည့် လေ့လာရေး စက်ကို အသုံးပြုကာ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်၌ အခြေခံ Base- Line Data အနေဖြင့် တိုင်းတာမည် ဖြစ်သည်။ ထိုစက်ဖြင့် ဓာတ်ငွေ့ ငါးမျိုးဖြစ်သော ကာဗွန်ဒိုင် အောက်ဆိုက်၊ ကာဗွန်မို နောက်ဆိုက်၊ မီသိန်း နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာဖာ ဒိုင်အောက်ဆိုက် တို့ တိုင်းတာမည် ဖြစ်ပြီး လေထုထဲတွင် လွင့်နေသော အမှုန့်လေးမျိုး ဖြစ်သည့် PM 10 , PM 5 , PM 2.5 နှင့် PM 1 တို့အား ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ ဝန်ထမ်းများက ဆောင်ရွက် သွားမည် ဖြစ်သည်။

ထိုစက်မှ ရရှိသော ကိန်းဂဏန်းများ အား စံချိန်စံညွှန်း နှင့် ကိုက်ညီစေရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး သတ်မှတ်ချက် ကျော်လွန်ပါက လျှော့ချမည့် အစီအစဉ်များ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily
#မြ၀တီနေ့စဉ်


Wednesday, February 11, 2015

ရန်ကုန်မြို့တွင်း၌ ယာဉ်ထူထပ် များပြားနေမှုနှင့် အတူ ဖုန်မှုန့်များ ထူထပ်များပြား နေမှုကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားသူ များပြား



ရန်ကုန် ၊ ၁၁-၂-၂၀၁၅

ရန်ကုန်မြို့၌ ယာဉ်ထူထပ် များပြားနေမှု နှင့်အတူ ဖုန်မှုန့်များ၊ စက်ဆီ အခိုးအငွေ့များ ထူထပ်များပြား နေမှုကြောင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ ဖြစ်ပွားသူ များပြား နေကြောင်း အထွေထွေ ရောဂါကု ဆရာဝန် များက ပြောသည်။

ယခင်က ရန်ကုန် မြို့တွင်း၌ မြို့ပြင်နှင့် ဆင်ခြေဖုံး မြို့နယ်များ ကဲ့သို့ ဖုန်မှုန့် များပြားခြင်း မရှိသော်လည်း ယာဉ်ထူထပ် များပြား လာသည့် ၂ဝ၁၃ ခုနှစ် နောက်ပိုင်းတွင် ဖုန်မှုန့်များ ထူထပ် လာခြင်းနှင့် စက်ဆီ အခိုးအငွေ့များ ကို သိသိသာသာ တွေ့မြင် ခံစားရကြောင်း တာမွေမြို့နယ် နေသူတစ်ဦး က ပြောသည်။

''အရင်က မြောက်ဒဂုံတို့၊ တောင်ဒဂုံတို့လို မြို့ပြင်မြို့နယ် တွေမှာသာ မြေသားလမ်းတွေ များတဲ့အတွက် ဖုန်တွေများပြား နေတာ။ အခုမြို့လယ်မှာ သာမက မြို့ပတ်မြို့နယ် တွေဖြစ်တဲ့ ရန်ကင်း၊ တာမွေ၊ စမ်းချောင်းနဲ့ကြည့်မြင်တိုင် ဘက်မှာပါ ဖုန်တွေ ထူထပ်လာတယ်။ ယာဉ်သွား ယာဉ်လာများရင် ဖုန်ထူတတ် တာတော့ သဘာဝပေါ့။ လမ်းအများစုက ကွန်ကရစ်လမ်း ဆိုတော့ ပိုပြီးတော့ ဖုန်ထတယ်လေ။ ရန်ကုန်မှာက ကားများတော့နေရာတိုင်းမှာ ဖုန်ထတဲ့အပြင် ကားအိပ်ဇော ကထွက်တဲ့ အခိုးအငွေ့ တွေကိုပါ ရှူရတော့ အသက်ရှူ မဝတာဖြစ်ပြီး အသက်ရှူ လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်'' ဟု အလုံမြို့နယ်နေ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ သိန်းမြင့် က ပြောသည်။

''ဒါကတော့ ကမ္ဘာ့မြို့ကြီး တွေမှာ ဖြစ်တတ်တဲ့ မြို့ပြဆိုင်ရာ ပြဿနာ တစ်ခုပဲ။ ရန်ကုန်က မီဂါစီးတီး ဖြစ်လာပြီလေ။ ယာဉ်ထူထပ်တဲ့ အခါ ကားတွေက ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုက်နဲ့ ယာဉ်က လေထုကို တိုးတဲ့အခါ ဖုန်မှုန့်တွေ ထုနဲ့ထည်နဲ့ ပြန့်သွား တာမျိုးတွေ ဖြစ်တတ် ပါတယ်။ အိန္ဒိယနိုင်ငံက ဘုံဘေတို့၊ တရုတ်နိုင်ငံက ပေကျင်းတို့မှာ နှာခေါင်းစည်း နဲ့ သွားလာ နေရတယ်။ ဒီအတွက် ရန်ကုန်မြို့ကို စိမ်းလန်း စိုပြည်တဲ့ ဥယျာဉ်မြို့တော် ဖြစ်အောင် ဆောင်ရွက် နေပါတယ်။ ဖုန်မှုန့်နဲ့ စက်ဆီငွေ့ကြောင့် လေထု ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်မယ့် သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ရေပန်းတွေ အများဆုံးပါတဲ့ ဥယျာဉ်ကြီး တွေကို မြေပြင်မှာရော အထပ်မြင့်  အဆောက်အအုံ တွေရဲ့ ခေါင်မိုး ပေါ်မှာပါ ပေါ်ပေါက် လာအောင် ဖန်တီးနေ ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

Monday, February 9, 2015

မြင့်မားထင်ရှားသော ရှေးဟောင်း အမွေအှစ်နေရာ ဒေသများ ကာဗွန်ဒိုင်အောက်ဆိုက် ညစ်ညမ်းမှု ဒေသများမဖြစ်ရေး ဂရုပြုရန်လို


မန္တလေး ၊ ၉-၂-၂၀၁၅

အာရှနိုင်ငံကြီး များတွင်လည်း ယဉ်ကျေးမှု ဆိုင်ရာ ရှေးဟောင်း အမွေအနှစ်များ ၊ ဒေသများ ၊ အဆောက်အအုံ များနှင့် ဒြပ်ရှိ ၊ ဒြပ်မဲ့ ယဉ်ကျေးမှု များကို ပိုင်ဆိုင်ထားကြရာ နိုင်ငံတကာမှ ခရီးသွား လာသူများ အနေဖြင့် အဆိုပါ နေရာများကို သွားရောက် လေ့လာကြ ရာမှ စွန့်ပစ် အမှိုက်များ၊ ယာဉ်များမှ တစ်ဆင့် ထွက်သော ကာဗွန် ဒိုင်အောက်ဆိုက် ညစ်ညမ်းမှုများ၊ ရေထု ညစ်ညမ်းမှုများ ပေါ်ပေါက် လာရ သကဲ့သို့ မြန်မာနိုင်ငံ၌ လည်း ထိုသို့ မဖြစ်စေရေး ဂရုပြုရန် လိုကြောင်း မန္တလေးမြို့ ၌ ကျင်းပခဲ့သော GEGG အစည်းအဝေး တွင် ဒေါက်တာ နေထွန်း က ရှင်းလင်း ပြောကြားသည်။

တရုတ်နိုင်ငံ တွင် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ခန့်က ရှိခဲ့သော ဂူကြီးများ၊ ရေဆေး ပန်းချီကားများ၊ ကမ္ဘောဒီးယား နိုင်ငံရှိ လှပသော ကျောက်တုံးများ နှင့် ဖွဲ့စည်းထားသော ဗိသုကာ လက်ရာများ၊ ကျောက်တုံးပေါ်မှ အရေးအသားများ၊ အိန္ဒိယနိုင်ငံ ရှိ တာ့ခ်ျမဟာ၊ အင်ဒိုနီးရှား နိုင်ငံရှိ စကျင်ကျောက် များနှင့် ဖွဲ့စည်း ထားသော ရှေးဟောင်း အမွေအနှစ်များ စသည် တို့သည် နိုင်ငံတကာမှ ခရီးသွား ဧည့်သည် များကို ဆွဲဆောင်မှု ရှိသော နေရာများ ဖြစ်ပြီး နှစ်စဉ် ခရီးသွား သန်းနှင့်ချီ၍ အဝင်အထွက် များသော နေရာများ ဖြစ်ကြောင်း သိရသည်။

''အဲဒီ နေရာတွေမှာ ဧည့်သည်တွေက မုန့်တွေ စွန့်ပစ်၊ ကိုလာဘူးတွေ စွန့်ပစ်၊ အဲဒါတွေ ကနေ ညစ်ညမ်းမှုတွေ ဖြစ်လာတယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ခရီးသွား နယ်မြေတွေက တာဝန်ရှိသူ တွေနဲ့ နေထိုင်သူတွေ သတိပြုရမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ နေထွန်း ( GEGG Founder and Hon Patron ) က ပြောပြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ပျူရှေးဟောင်း မြို့တော်များ ပုဂံခေတ်၊ ကြေးခေတ်၊ သံခေတ်မှာ ပေါ်ထွန်းခဲ့သော မြို့ဟောင်းများ ဟံသာဝတီ၊ ပင်းယ၊ အင်းဝ၊ အမရပူရ၊ ကုန်းဘောင် အစရှိသော ယဉ်ကျေးမှု အမွေအနှစ် မြောက်မြားစွာ ကျန်ရှိ နေသေးသဖြင့် ၄င်းနေရာ များသည် ခရီးသွားများ ဝင်ရောက်မှု များပြားသော နေရာများ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ယဉ်ကျေးမှု နယ်မြေများတွင် ဖြစ်ပွားရသော ညစ်ညမ်းမှု များကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် ရမည့် နည်းလမ်းများကို ရှာဖွေရမည် ဖြစ်ကြောင်း GEGG အစည်းအဝေး တွင် ရှေးဟောင်း သုတေသန ဌာန မှ ဦးဝင်းကြိုင် ၏ ဆွေးနွေး ပြောကြားချက် အရ သိရသည်။(၁၇၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Wednesday, January 28, 2015

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ရေညှောင့်နှုတ်ဝိုင်းငှက် အပါအဝင် ငှက်မျိုးစိတ် ၁၂၆ မျိုး တွေ့ရှိ


မိန်းမလှကျွန်း


ရန်ကုန် ၊ ၂၈-၁-၂ဝ၁၅

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန နှင့် FFI တို့ ပူးပေါင်းကာ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ ငှက်မျိုးစိတ် များကို စာရင်းကောက်ယူ မှုများ ပြုလုပ်ခဲ့ရာ ရေပျော်ငှက် မျိုးစိတ် ၅ဝ မျိုး ၊ ကောင်ရေ ၃၄ဝ၁ ကောင်၊ သစ်တော ငှက်မျိုး စိတ် ၇၆ မျိုး ကောင်ရေ ၁၈၅၉ ကောင်၊ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသော ရေညှောင့် နှုတ်ဝိုင်းငှက် အပါအဝင် စုစုပေါင်း ငှက်မျိုးစိတ် ၁၂၆ မျိုး တွေ့ရှိ ခဲ့သည်။

ဘိုကလေး မြစ်ကြောင်း တစ်လျှောက်နှင့် မိန်းမလှကျွန်း (ပုံ) တောရိုင်း တိရ စ္ဆာန် ဘေးမဲ့တော အတွင်းရှိ မြစ်ချောင်း၊ လတာပြင်၊ သဲသောင်ခုံ၊ ရွှံ့ညွန်တော၊ မြက်ခင်းပြင် နှင့် ဒီရေတော များ၌ စောင့်ကြည့် ဓာတ်ပုံ ရိုက်ခြင်း၊ ဒစ်ဂျစ်တယ် အသံဖမ်းစက်များ ဖြင့် အသံဖမ်း ယူခြင်းများ ပြုလုပ်ခဲ့ပြီး ကောက်ယူ ရရှိသည့် သစ်တောငှက် နှင့် ရေပျော်ငှက် မျိုးစိတ်များကို IUCN RED List 2014 နှင့် တိုက်ဆိုင်စိစစ် မှတ်တမ်းတင်ခြင်း များ ပြုလုပ်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်မှာ ရုရှား နိုင်ငံမှ မျိုးစိတ်ဖြစ်ပြီး ယင်း ငှက်မျိုးစိတ်၏ ၅ဝ ရာခိုင်နှုန်းကို ရခိုင်ပြည်နယ် နံ့သာကျွန်း နှင့် မုတ္တမ ပင်လယ်ကွေ့ ဒေသ၊ သံတွဲနှင့် တောင်ပေါက် ဧရိယာများ၌ တွေ့ရှိရ တတ်သည်။ ယခုအခါ မိန်းမလှကျွန်း ဝန်းကျင် ငါးမန်းတောင်ကျွန်း ၌ နှစ်နှစ် ဆက်တိုက် တွေ့ရှိရသဖြင့် ရေညှောင့်နှုတ်ဝိုင်း ငှက်များ တတိယမြောက် နေထိုင်ရာ နေရာအဖြစ် မှတ်တမ်းတင် နိုင်ခဲ့သည်။ ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်ကို ရုရှား၊ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျ၊ ဆွီဒင်နိုင်ငံ နှင့် အရှေ့အာရှ နိုင်ငံများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့အစည်းများ ဖြစ်သော BANCA ၊ RSPB ၊ WWT ၊ BTO အစရှိသည့် အဖွဲ့အစည်း များမှ လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်ကို ၂ဝဝ၈ ခုနှစ်တွင် ရခိုင်ပြည်နယ် နံ့သာကျွန်း ၌ ၃၆ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၄၈ ကောင်၊ ၂ဝဝ၉ ခုနှစ်တွင် နံ့သာကျွန်း ၌ ၁၄ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ဒေသ၌ ၄၇ ကောင်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် နံ့သာကျွန်း ၌ ၁၂ ကောင်မှ ၁၆ ကောင်၊ မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၇၄ ကောင်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ တစ်ကောင်၊ ၂ဝ၁၁ ခုနှစ်တွင် မုတ္တမ ပင်လယ်ကွေ့ ဒေသ၌ ၄၉ ကောင် တွေ့ရှိရကြောင်း နှစ်အလိုက် စစ်တမ်းများ အရ သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, January 14, 2015

ဧရာဝတီလင်းပိုင် များသည် မြစ်ကျဉ်းနေရာများကို ဖြတ်ကျော်၍ သွားလာကျက်စား နေထိုင်ခြင်း မရှိဟုသိရ



မန္တလေး ၊ ၁၄-၁-၂၀၁၅

ဧရာဝတီမြစ် တစ်လျှောက် နေထိုင်ကျက်စား ကြသော ဧရာဝတီ လင်းပိုင် များသည် ဧရာဝတီ မြစ်ကျဉ်း နေရာများကို ဖြတ်ကျော် သွားလာ ကျက်စား နေထိုင်ခြင်း မရှိကြောင်း၊ ဧရာဝတီ လင်းပိုင် လေ့လာသော ပညာရှင်များ ထံမှ သိရသည်။

ဗန်းမော်နှင့် မန္တလေး အကြား နေထိုင်ကျက်စား ကြသော ဧရာဝတီ လင်းပိုင်များကို အုပ်စုကြီး သုံးစု ခွဲခြားသုံးသပ် နိုင်ကြောင်း၊ ဗန်းမော်မြို့ နှင့် စင်ခမ်း (ဒုတိယမြစ်ကျဉ်း) အကြားရှိ လင်းပိုင်အုပ်စု၊ သပိတ်ကျင်းမြို့(တတိယ မြစ်ကျဉ်း) နှင့် ရွှေကူမြို့ (ဒုတိယ မြစ်ကျဉ်း) အကြားရှိ ဧရာဝတီ လင်းပိုင်အုပ်စု၊ ကျောက်မြောင်း (တတိယ မြစ်ကျဉ်း) နှင့် မန္တလေးမြို့ အကြားရှိ လင်းပိုင်အုပ်စု ဖြင့် ခွဲခြားလေ့လာ နိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံ၏ လေ့လာချက်များ အရ သိရသည်။

''ကျွန်တော်တို့ လေ့လာ သိရှိချက် တွေအရ ဧရာဝတီ လင်းပိုင် တွေဟာ မြစ်ကျဉ်းနေရာ တွေကို ဖြတ်ကျော် သွားလာ နေထိုင်ခြင်း မရှိပါဘူး။ သူ့အုပ်စုနဲ့သူ၊ နေထိုင်ကြ ပါတယ်။ မြစ် အထက်ပိုင်းက လင်းပိုင်တွေက လဲ အောက်ပိုင်းကို လာရောက် လေ့ မရှိသလို၊ အောက်ပိုင်း က လင်းပိုင် တွေကလဲ မြစ်ကျဉ်းကို ဖြတ်ပြီး အပေါ်ပိုင်းကို မသွားရောက်ကြ ပါဘူး။ သူတို့က ရေစီးသန်တဲ့၊ ရေစီးကြမ်းတဲ့၊ ကျောက်ဆောင်၊ ကျောက်တုံးတွေ များတဲ့နေရာကို မဖြတ်ကြ ပါဘူး .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဧရာဝတီလင်းပိုင် သုတေသန ပြု လေ့လာရေး ခရီးစဉ်ကို ၂ဝဝ၂ ခုနှစ်မှ စတင် ဆောင်ရွက် ခဲ့ပြီး ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန နှင့်သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ နားလည်မှု စာချွန်လွှာ MoU ရေးထိုးလျက် မန္တလေးမြို့မှ ဗန်းမော်မြို့ အကြား ဧရာဝတီမြစ်ပိုင်း တွင် ဧရာဝတီ လင်းပိုင် ကောင်ရေ စာရင်း ကောက်ယူခြင်း နှင့် သုတေသန လုပ်ငန်းများ၊ ဧရာဝတီ လင်းပိုင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြ ကြောင်း၊ ထိုသို့ လေ့လာချက်များ အရ ဧရာဝတီ လင်းပိုင်များ သည် မြစ်ကျဉ်းဖြတ်ကျော် ကျက်စားခြင်း မရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါ လင်းပိုင်များသည် တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးဖွားလေ့ရှိပြီး အမြွှာ မွေးဖွားခြင်းကို အလွန် ရှားပါးစွာ တွေ့ရကြောင်း၊ ဧရာဝတီ လင်းပိုင် များသည် ၁၄ လကြာ ကိုယ်ဝန်ဆောင်ကာ သားပေါက် များကို ၁၈လ ကြာ နို့တိုက်ကျွေး စောင့်ရှောက်ကြပြီး သက်တမ်း အားဖြင့် နှစ် ၃ဝ မှနှစ် ၅ဝ အတွင်း ရှိကြကြောင်း လေ့လာသူ ပညာရှင်များထံ  မှ သိရသည်။(၁၈၀)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, August 19, 2013

ရေဆိုးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအတွက် စစ်ဆေးခံထား ရသော စက်ရုံ ၂၀၀၀ ခန့် အောက်တိုဘာလ ၁ ရက်နောက်ဆုံးထား အကြောင်းပြန် ရမည်


ရန်ကုန် ၊ ၁၉-၈-၂၀၁၃

ရေဆိုး နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှု များအတွက် စစ်ဆေးခြင်း ခံထားရသော စက်ရုံ ၂၀၀၀ ခန့်သည် ယင်းနှင့် ပတ်သက်၍ အကြောင်းပြန် ခြင်း မရှိသောကြောင့် အောက်တိုဘာလ ၁ ရက် နောက်ဆုံးထား အကြောင်းပြန် ရမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိန်းသိမ်းမှု များအတွက် ၀င်ရောက် စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက် စက်ရုံ ၂၀၀၀ နီးပါးခန့် သည် အကြောင်းပြန် ကြားမှု မပြုခဲ့ကြောင်း ၊ စက်ရုံမှ တိုက်ရိုက် စွန့်ပစ်သော ရေဆိုး များကြောင့် မြစ်ချောင်းများ အတွင်းရှိ ရေနေ သတ္တ၀ါ များအတွက် မျိုးသုဉ်းမည့် အန္တရာယ် ကြုံတွေ့ နေရသည့် အပြင် ပတ်ဝန်းကျင်နေ ပြည်သူ လူထု အတွက်ပါ ကျန်းမာရေး အရ ထိခိုက် နိုင်ဖွယ် ရှိကြောင်း သိရသည်။

" စက်ရုံတွေမှာ မြေ ၊ ရေ ၊ လေ ညစ်ညမ်းမှု ရှိ - မရှိ စစ်ဆေးခဲ့ ပါတယ် ၊ အကြောင်းပြန် ကြားတဲ့ စက်ရုံတွေ နည်းပြီး ၊ အကြောင်းမပြန်တဲ့ စက်ရုံတွေ ရှိနေတာကြောင့် ဒီလို ဆောင်ရွက် ရတာပါ ၊ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှု တွေ ပြုလုပ်မှာပါ .... " ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ရေကို အဓိကထား အသုံးပြု လုပ်ဆောင်နေသော စက်ရုံ အမျိုးအစား ၁၀ မျိုးခန့် ရှိပြီး အရက်ချက် စက်ရုံ ၊ ဓာတုစက်ရုံ ၊ သစ်ပါးလွှာ စက်ရုံ ၊ ဆေးဆိုး ပန်းရိုက် စက်ရုံ ၊ ငါးပါးလွှာ စက်ရုံ စသည့် စက်ရုံများ ပါဝင်ကြောင်း ၊ အကြောင်း ပြန်ကြားခြင်း မရှိသော စက်ရုံများကို အရေးယူသည့် အနေဖြင့် ယာယီ ၃ လ ပိတ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ အတွင်း နှစ်စဉ် မြစ်ချောင်းများ အတွင်း ရေချိုငါးများ မျိုးသုဉ်းမှု သည် ၃၀ ရာခိုင်နှုန်း အထိ တဖြည်းဖြည်း မြင့်တက် လာရာ အဓိက အားဖြင့် စက်ရုံများမှ စွန့်ပစ်သော ညစ်ညမ်းရေ များကြောင့်ဟု သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင် များက သုံးသပ် ထားကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...