Social Icons

Pages

Showing posts with label စိုက်ပျိုးရေးဆိုင်ရာ. Show all posts
Showing posts with label စိုက်ပျိုးရေးဆိုင်ရာ. Show all posts

Thursday, November 1, 2018

လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက် ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေ

လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက် ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေ
ရန်ကုန် အောက်တိုဘာ ၃၁
-
မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ဈေးကွက်၊ ရာသီဥတုနှင့် ကျွမ်းကျင်လုပ်သားများ လိုအပ်နေကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ Global World Insurance Co.,Ltd.(GWI)၌ အောက်တိုဘာ  ၂၉ ရက်ကကျင်းပသော မြန်မာနိုင်ငံ ပထမဆုံး အကြိမ်  သီးနှံအာမခံဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲတွင် Mercy Corps (Myanmar)အဖွဲ့မှ Program   Director   Mr.Drew Johnson ကပြောသည်။
-
Mercy Corps (Myanmar) အဖွဲ့နှင့် GWI  ကုမ္ပဏီတို့သည်  Livelihood  and  Food   Security   Trust   Fund  အဖွဲ့၏ ရန်ပုံငွေ ပံ့ပိုးကူညီမှုဖြင့်  လပွတ္တာမြို့နယ်၌  ဈေးကွက်ဖြင့်ချိတ်ဆက်ခြင်း စီမံကိန်းကို ဧရာဝတီတိုင်း ဒေသကြီးအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အရေးကြီးဆုံး ကဏ္ဍဖြစ်သည့် ဆန်စပါးသီးနှံ မြန်မာ့အာမခံ လုပ်ငန်းကို မြန်မာနိုင်ငံ၌ စတင်အကောင် အထည်ဖော် ဆောင်ရွက်ရာ မှ တွေ့ကြုံရ သောအခက် အခဲများ၊ လေ့လာတွေ့ရှိရသော သင်ခန်းစာများနှင့် အကြုံပြုချက်များကို ပိုမို  သိရှိနိုင်ရေး ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်။
-
''လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ ဈေးကွက်၊ ရာသီဥတုနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့လုပ်သားတွေလိုအပ်နေပါတယ်။ မြန်မာနိုင်ငံက လယ်သမားတွေ အနေနဲ့ ငွေကြေးနဲ့ နည်း ပညာအခက်အခဲတွေ  ရင်ဆိုင်နေရတယ်။ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ သီးနှံအာမခံ ကဏ္ဍ လိုအပ်နေပါတယ်'' ဟု Mr. Drew Johnson ကပြောသည်။
-
GWI ကုမ္ပဏီသည်  ဆန်စပါးသီးနှံ မြန်မာ့အာမခံ လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခု၌ ယခုနှစ် ဇန်နဝါရီလ ကုန်တွင်  လုပ်ကိုင်ခွင့် ရရှိသော်လည်း  ဧရာဝတီတိုင်း ဒေသကြီး၌  ယခုနှစ်  မိုးစပါးရာသီမှ  ဏငူသအ  ဏမသနြခအ အနေဖြင့် စတင် ခဲ့ပြီးနောက် တွေ့ကြုံရသည့်  အခက်အခဲများ အတွက် မြေစာရင်းရုံး၊ စိုက်ပျိုးရေး ဦး စီး ဌာန တာဝန်ရှိသူများနှင့် တောင်သူ လယ်သမားများ ဆွေးနွေးခဲ့ ကြောင်း သိရသည်။
-
ထို့ပြင် အာမခံ လက်ခံခြင်းနှင့်လျော်ကြေး စိစစ်ခြင်း လုပ်ငန်းရပ်များ အဆင်ပြေချော မွေ့စေရေးအတွက် သက် ဆိုင်ရာ သီးနှံ အာမခံ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းရန် လိုအပ်ကြောင်း သိရသည်။ 
-
နေနေ 
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 31, 2018

ကြက်သွန်နီ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP လက်မှတ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေ


မန္တလေး အောက်တိုဘာ  ၃၀
-
ပြည်ပနိုင်ငံများသို့ ကြက်သွန်နီများကို စံချိန်စံညွန်းမီ တင်ပို့ ရောင်းချနိုင်ရေးအတွက် ၂၀၁၉ခုနှစ်အတွင်း ကြက်သွန်နီ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) လက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး ဦးစီးဌာန သီးနှံဌာနခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
-
GAP လက်မှတ်များ ထုတ်ပေးနိုင်ရန် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား အသိပညာပေး ဆွေးနွေးပွဲများ လုပ်ဆောင်ပေးလျက်ရှိပြီး GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် စိတ်ဝင်စားသည့် တောင်သူများထံမှ မြေနမူနာများရယူ ကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။
-
ကြက်သွန်နီက ပြည်တွင်းမှာ အထွက်နှုန်းကောင်းနေတယ်။ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့ အဆင့်မီတယ် ဆိုတော့ ပြည်ပဈေးကွက်ကို ထိုးဖောက်ချင်တယ်။ အဲဒါကြောင့် ပြည်ပ ဈေးကွက် ထိုးဖောက်နိုင်ဖို့ GAP လက်မှတ်ရနိုင်တဲ့ ကြက်သွန် နီစိုက် တောင်သူတွေ ကို သေချာစိစစ်မယ်။ ပြီးရင် လက်မှတ်ထုတ်ပေးမယ် ဟု ၎င်းက ပြောသည်။
-
လက်ရှိတွင် ကော်ဖီစိုက်ပျိုးသူ အစုအဖွဲ ခြောက်ဖွဲ့၊ သရက်စိုက်ပျိုးတင်ပို့ ရောင်းချသူ ၁၅ဦး၊ နှမ်းစိုက်ပျိုးတင်ချရောင်း ချသူ ၃၉၀ဦးနှင့် ပဲတီစိမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၉၁ဦး စုစုပေါင်း တောင်သူ ၅၀၂ဦးကို နိုင်ငံတကာ အသိအမှတ်ပြု GAP လက်မှတ်များ ထုတ်ပေးထားပြီး တခြားသီးနှံများဖြစ်သည့် ကျွဲကော၊ ထောပတ်၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်၊ ဖရဲ၊ သခွားမွှေး၊ စပါး၊ ပြောင်း၊ ပဲ၊ မြေပဲ စသည့် သီးနှံများကိုပါ GAPလက်မှတ်များ ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
-
GAPလက်မှတ် ရလိုသည့် တောင်သူများအနေခြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝကာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ထောက်ခံချက်များပါရှိသည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာသွင်းအား စုများကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ မြို့ နယ်များ၌ ပဲစင်းငုံစိုက်ပျိုးမှုနည်းပါးလာ


ညောင်ဦး အောက်တိုဘာ ၁၄ 
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အတွင်းရှိမြို့နယ်များ၌ ပဲစင်းငုံစိုက်ပျိုးမှု မရှိသလောက် နည်းပါးလာကြောင်းသိရသည်။ အဆိုပါပဲစင်းငုံကို ဧပြီနှင့်မေလ နှမ်းနှင့်အတူရောပြီး စိုက်ပျိုးထားလေ့ရှိကာ 
သြဂုတ်လ နှမ်းများနုတ်သိမ်းချိန် ပဲစင်းငုံပင်များ မြေဆွပေးသကဲ့သို့ဖြစ်ကာ အပင်များ ကြီးထွားလာသည်။ ပဲစင်းငုံသည် သီတင်းကျွတ်၊ တန်ဆောင် မုန်းလတို့တွင် အဖူးအပွင့်ပွင့်ပြီး မိုးများလျှင် အပွင့်များအသီးမတင်တော့ဘဲ အထွက်နှုန်းလျော့ကျခြင်း၊ အပင်များသာ ကိုင်းထွက် ကိုင်းဖျားဝေဆာနေခြင်း၊ ကြဲပက်စိုက်ပျိုးရာတွင် အပင်စိပ်လျှင် အပင်ဖြစ်ထွန်းမှုညှပ်ခြင်း များကြောင့် အပင်ငယ်စဉ်အချိန်တွင် ခွဲထုတ်ပေးမှသာ ပဲစင်းငုံအထွက်နှုန်းကောင်းမွန်သည်။
-
ယခုအခါ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲစင်းငုံစိုက်ပျိုးကြဲပက်ခြင်း မရှိသလောက်ဖြစ်နေပြီး စိုက်ပျိုးသည့် ရက်မှ ခုတ်သိမ်းချိန်ထိ ကိုးလကျော်ကြာကာ ပဲစင်းငုံစိုက်ပြီးပါက နောက်အခြားသီးနှံ စိုက်ပျိုးလျှင် ဖြစ်ထွန်းမှုအားနည်းသွားသည်။
-
ပဲစင်းငုံခုတ်ချိန်တွင်လည်း အရင်က ထန်းလျက်ချက်လုပ်ရန်အတွက် ထန်းသမား မိသားစုများက ပဲစင်းငုံအပင်ယူကာ ခုတ်ပေးပြီး ပဲစင်းငုံသိမ်းပြီးသည်အထိ ပဲစင်းငုံအပင်ယူ စနစ်ဖြင့်လုပ်ကိုင်လာကြကြောင်း၊ ထန်းတက်သမား ထန်းလုပ်ငန်းလျော့နည်းသွားခြင်းသည်လည်း ပဲစင်းငုံစိုက်ပျိုးမှုကို အကျိုးသက်ရောက်မှုဖြစ်စေကြောင်း၊ ငါ့သရောက်မြို့ ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ကပြောသည်။
-
ယခုအခါ လယ်ယာမြေများထွန်ယက် စိုက်ပျိုးရာတွင် လယ်ထွန်စက်ကြီးများဖြင့် ထွန်ယက်စိုက်ပျိုးလာရာ ပဲစင်းငုံစိုက်ပျိုး ခုတ်ယူထားသည့် ယာရှင်များ အငှားခေါ်လျှင် အငှားလိုက် မထွန်ရဲကြဘဲ ပဲစင်းငုံငုတ်များက
ထွန်စက် ဘီးများကို ဘီးပေါက်အောင် အမြဲဒုက္ခပေးသောကြောင့် ပဲစင်းငုံစိုက်ပျိုးမှု နည်းလာခြင်းဖြစ်ကာ ပဲစင်းငုံဈေးကွက် ဈေးနှုန်းမခိုင်မာမှုကလည်း တောင်သူများ အတွက် အဓိကထိုးနှက်ချက်ဖြစ်ကြောင်း သိရသည်။
-
ကိုထိန်(ငါ့သရောက်)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 12, 2018

မိုးစပါးများစတင်ရိတ်သိမ်း တင်း ၁ဝဝ လျှင် ငွေကျပ်ခြောက်သိန်းကျော်ဖြင့် ဝယ်ယူနေ


ရေတာရှည် အောက်တိုဘာ ၁၁ 
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးစပါးများစတင် ရိတ်သိမ်းလျက်ရှိပြီး ပေါ်ဦးပေါ်စ စပါးအရောင်း အဝယ်ဈေးကွက်၌ ကနဦး ရိတ်သိမ်းပြီး စက်ကျ အစိုတင်း ၁ဝဝ လျှင် ငွေကျပ်
၆၅ဝဝဝဝ ဖြင့် ဈေးဖွင့် ခဲ့သော်လည်း အရောင်းအဝယ် လုပ်သူများအကြား သတင်းအမျိုးမျိုး ထွက်ပေါ်လျက်ရှိရာ လက်ရှိတွင် တင်း ၁ဝဝ လျှင် ငွေကျပ် ၆၃ဝဝဝဝ ဖြင့် ဝယ်ယူလျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ 
-
''အခု စပေါ်တာက ရက် ၉ဝ မျိုး ထိုင်းကောက်တွေ၊ အရင်ဦးဆုံး ပေါ်တဲ့ တောင်သူတွေ ငွေကျပ် ၆၅ဝဝဝဝ အထိ ရောင်းလိုက်ရတယ်။ ကျွန်တော်တို့ တောင်သူတွေကတော့ ဈေးကောင်း ရလေ ပိုကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ဆီဈေးတွေ တက်လာတယ်။ ရိတ်သိမ်းစရိတ်၊ ခြွေလှေ့ခ၊ အလုပ်သမား ခတွေက အကုန် တက်ကုန်တာ။ ကုန်ကျမှု ပိုများလာတယ်'' ဟု သပြေတန်း ကျေးရွာနေ တောင်သူ ဦးတရုတ်ဖြူက ပြောသည်။ 
-
စပါး အရောင်းအဝယ် လုပ်ကိုင်သူများ အနေဖြင့် တောင်သူများထံမှ ဝယ်ယူရရှိသည့် စပါးများကို အခြောက်ခံ နေလှန်းကြိတ်ခွဲ၍ တရုတ်ပြည် ဈေးကွက်သို့ အဓိကအားထား တင်ပို့ နေကြခြင်းဖြစ်ရာ မူဆယ်ဘက်၌ ဆန် အရောင်းအဝယ် အေးနေပြီး စပါး အရောင်းအဝယ် ခေတ္တရပ်နား ထားရကြောင်း သိရသည်။
-
ပြည်တွင်း ဆန်ဈေးကွက် အတွင်း အများဆုံး စားသုံးကြသည့် ဧည့်မထ အုပ်စုဝင် ဆန်ဈေးကွက်မှာ တစ်တင်းလျှင် ငွေကျပ် ၃ဝဝဝဝ ဝန်းကျင် အထက်၌သာ တည်ရှိနေဆဲဖြစ်ကာ လက်ရှိ ဈေးကွက်အောက် ထပ်မံ ကျဆင်းရန် မရှိနိုင်ကြောင်း တောင်သူ အများစုက ခန့်မှန်း တွက်ဆမှုရှိနေသည်။  
-
(၄၁ဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 10, 2018

တိုင်းဒေသကြီးတချို့ ၌ ကြယ်ပဲစိုက်ခင်းများ ပျက်စီးခဲ့သော်လည်း ယခုနှစ်အတွင်း စိုက်ဧကတိုးချဲ့ စိုက်ပျိုးမှုကြောင့် အထွက်နှုန်းမထိခိုက်နိုင်


မန္တလေး   အောက်တိုဘာ   ၉ 
-
ယခုနှစ်အတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကြယ်ပဲစိုက်ခင်းတချို့ ပျက်စီးခဲ့သော်လည်း ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ 
၌ စိုက်ဧကများ နှစ်ဆခန့် တိုးချဲ့စိုက်ပျိုးခဲ့သောကြောင့် အထွက်နှုန်းမထိခိုက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကြယ်ပဲ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးနိုင်ထံမှ သိရသည်။
ကြယ်ပဲသည် ယမန်နှစ်က ဈေးကွက် မကောင်းခဲ့သည့်အတွက် တစ်နိုင်ငံလုံး၌ စိုက်ဧက ၅ဝဝဝ ခန့်ရှိခဲ့ရာမှ ဧက ၃ဝဝဝ ခန့်ကို စိုက်ခင်းများဖျက်သိမ်းခဲ့ရာ စိုက်ဧက ၂ဝဝဝ ခန့်သာကျန်ရှိခြင်းဖြစ်သည်။
-
ယခုနှစ် နှစ်ဆန်းပိုင်းတွင် ဈေးကွက် ပြန်လည်ကောင်းမွန်လာသည့်အတွက် စိုက် ဧက ၆ဝဝဝ ခန့်အထိ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်သည် မိုးများသည့်အတွက် စိုက်ခင်းတချို့ပျက်စီးမှုများရှိခဲ့ကြောင်း သိရ သည်။
-
''မိုးများတဲ့အတွက် တချို့အပင်တွေမှာ သီးနှုန်းတွေ ပိုမိုဖြစ်ထွန်းလာတာတွေ့ရပေမယ့် တချို့မိုးများတဲ့နေရာတွေမှာတော့ ပျက်စီးတာတွေတွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူး
တိုင်းဒေသကြီးဘက်က စိုက်ခင်းတချို့ကတော့ တစ်ခင်းလုံးနီးပါးပျက်စီးတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းမှာ ကြယ်ပဲ စိုက်ပျိုးတဲ့တောင်သူ များလာတော့ အထွက် နှုန်းသိပ်ပြီးမထိခိုက်နိုင်ဘူး''ဟု ဦးတင်မျိုးနိုင် 
ကပြောသည်။
-
ကြယ်ပဲသည် ခြောက်သွေ့မှသာ ခူးဆွတ် ရလေ့ရှိသည့်သီးနှံမျိုးဖြစ်ရာ ယခုနှစ် မိုးများသည့်အတွက် စက်တင်ဘာလအတွင်း ထွက်ရှိရမည့်ကြယ်ပဲများမှာ အထွက် နောက်ကျကာ ယခုလမှသာ စတင်ထွက် ရှိသည်။
-
ကြယ်ပဲသည် စတင်စိုက်ပျိုးသည့်နှစ်တွင် တစ်သီးသာသီးလေ့ရှိသော်လည်း နောက်တစ်နှစ်မှစ၍ နှစ်သီးသီးလေ့ရှိကြောင်း သိရသည်။ ကြယ်ပဲမှ ကြယ်ပဲဆီ၊ ကြယ်ပဲလှော်၊ ကြယ်ပဲကြော်၊ ဟင်းခတ်မှုန့်၊ ကွတ်ကီး
စသည့်စားသောက်ကုန်များ ထုတ်လုပ်နိုင်သည့်အပြင် ခေါင်းလျှော်ရည်၊ မျက်နှာသစ် ဆပ်ပြာ၊ မျက်နှာလိမ်းခရင်၊ ခေါင်းလိမ်းဆီ၊ နှုတ်ခမ်းနီ စသည့်အလှကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး ရွက်စိမ်းခြောက်၊ ပေါင်းခြောက် 
နှင့် အသီးခွံများကိုလည်း လက်ဖက်ခြောက် အဖြစ်ထုတ်လုပ်ခြင်း စသည့်ထုတ်ကုန်အမျိုး ၂ဝ ခန့် ထုတ်လုပ်လျက်ရှိသည်။ ကြယ်ပဲသည် စိုက်ပျိုးရာတွင် အော်ဂဲနစ်သီးနှံဖြစ်သည့် အတွက် တခြားသီးနှံများထက် ကုန်ကျစရိတ် နည်းပါးကြောင်း သိရသည်။  
-
#မြ၀တီနေ့စဉ်သတင်းစာ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးတောင်သူ ၅ဝဝ ကျော်ကို GAP လက်မှတ်များ ထုတ်ပေးထား


မန္တလေး  အောက်တိုဘာ  ၉ 
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် တောင်သူ ၅ဝဝ ကျော်ကို နိုင်ငံတကာ အသိအမှတ်ပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) လက်မှတ် ထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းကပြောသည်။ ''တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ အစဉ်ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးစားဆောင်ရွက်ပေးနေတယ်။ 
-
သက်ဆိုင်ရာ အရပ်ဒေသအလိုက် သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတယ်'' ဟု ဝန်ကြီး ဒေါက်တာ စိုးသန်း က ပြောသည်။ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် 
မွေးမြူရေး လုပ်ငန်းရှင်များကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရခြင်းမှာ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်အထိ ထိုးဖောက်ကာ ဈေးကောင်းရနိုင်ရေး အတွက်ဖြစ်သည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကော်ဖီစိုက်ပျိုးသူ အစုအဖွဲ့ခြောက်ဖွဲ့၊ သရက်စိုက်ပျိုးတင်ပို့ ရောင်းချသူ ၁၅ ဦး၊ နှမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၃၉ဝ ဦးနှင့် ပဲတီစိမ်းစိုက်ပျိုးတင်ပို့ ရောင်းချသူ ၉၁ ဦး စုစုပေါင်း ၅ဝ၂ ဦးကို GAP လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။
-
''နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရပြီးရင် ပြည်ပကိုတင်ပို့ရောင်းချဖို့ ဈေးကွက် သစ်ရှာဖွေရာမှာ အဆင်ပြေတယ်။ ပြဿနာကတော့ ပစ္စည်းပိုင်းနဲ့ထုပ်ပိုးမှုပိုင်းမှာ ပြိုင်ဘက်နိုင်ငံတွေလောက် Customer တွေကို မဆွဲဆောင်နိုင်သေးဘူး'' ဟု ပြည်ပသို့ ပဲတီစိမ်းတင်ပို့ရောင်းချသူ ဦးသန်းမြင့်ကပြောသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် တောင်သူများ၏ ကုန်ပစ္စည်းများ ပြည်ပ၌ ဈေးကွက် ရရှိနိုင်ရေးအတွက်သာမက ဈေးကွက် 
ထိုးဖောက်နိုင်ရေးအတွက်ကိုပါ ဆောင်ရွက် ပေးနိုင်သော်လည်း စိုက်ပျိုးကုန်စည်များ၏ အရည်အသွေးပိုင်းတိုးတက်ရန်မှာ စိုက်ပျိုး သူတောင်သူများနှင့်သာ တိုက်ရိုက်သက်ဆိုင် ကြောင်း ဝန်ကြီးဒေါက်တာစိုးသန်းကပြောသည်။
ဖြိုးလွင်အောင်(AMIA)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 3, 2018

ရေကြီးနစ်မြုပ်ပျက်စီးလယ်မြေများအတွက် အစားထိုးစုပေါင်းစိုက်ပျိုး


ဘားအံ အောက်တိုဘာ ၂
-
ကရင်ပြည်နယ် ဘားအံမြို့နယ် ဝါးဆူး ကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ရေကြီး နစ်မြုပ် ပျက်စီး လယ်မြေများအတွက် အစားထိုး စုပေါင်းစိုက်ပျိုးပွဲ ကျင်းပကြောင်း သိရသည်။
-
စုပေါင်း စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကော့ထမ္မလိန်း တိုက်နယ်၊ ထုံးအိုင်တိုက်နယ်နှင့် ဘားကပ်တိုက်နယ်တို့မှ တောင်သူ လယ်သမားများနှင့် တွေ့ဆုံ၍ ကရင် ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိက အားထား ဆောင်ရွက်နေရပြီး ယခုနှစ် ရေကြီး ရေလျှံမှု ကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ထိခိုက် ပျက်စီးခဲ့ရသည့်အတွက် ပြည်နယ်အစိုးရမှ လိုအပ် သော မျိုးစပါးများကို တောင်သူ လယ်သမားများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ဖြန့်ဖြူးပေးခြင်း အပြင် စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ပြည် နယ်အတွက် ကွန်ပေါင်းဓာတ်မြေသြဇာ ၆၄၃၄ အိတ်ခန့် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ် ကြောင်း၊ တောင်သူများ စိတ်ဓာတ်မကျဘဲ အထွက်နှုန်း မကျစေရန် ကြိုးပမ်းအားထုတ်နေ သည့် အတွက် ဝမ်းမြောက်ကြောင်း၊ လိုအပ်သည် များကိုလည်း ပြည်နယ် အစိုးရအဖွဲ့က ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများက တောင် သူများနှင့်အတူ ကိုယ်တိုင်ပါဝင် စိုက်ပျိုးပေးသည်။
-
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် ဝါးဆူးကျောင်းသစ် ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပသည့် ကွန်ပေါင်းမြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင် နှင့်အတူ ကော့ထမ္မလိန်း တိုက်နယ်အတွက် ကွန်ပေါင်း မြေသြဇာ ၆၃၄ အိတ်၊ ထုံးအိုင် တိုက်နယ် အတွက် ကွန်ပေါင်းမြေသြဇာ ၁၅၈၃ အိတ်၊ ဘားကပ် တိုက်နယ်အတွက် ကွန်ပေါင်း မြေသြဇာ ၇၅၅ အိတ် စုစုပေါင်း ၂၉၇၂ အိတ်ကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင် ရာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
-
ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် မိုးစပါး ၃၇၃၁ဝ၉ ဧက စိုက်ပျိုးရန် လျာထားရာ ၃၄ဝ၄၂၁ ဧက စိုက်ပျိုး ပြီးစီးသည့်အနက် ဧက ၃ဝဝဝဝ ကျော် ရေလွှမ်းမိုး ပျက်စီးခဲ့ပြီး လက်ရှိ ဧက ၁၃၇၂ဝ ခန့် ပြန်လည် စိုက်ပျိုး နိုင်သည့်အပြင် အခြားသီးနှံများဖြစ်သော မိုးအစေ့ထုတ်ပြောင်း ၉၈ ဧကနှင့် ချက်ကြံရင့် ဧက ၁၃ဝ ခန့် ပြန်လည် စိုက်ပျိုးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့်  တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန် အခက်အခဲရှိဟုဆ


ရန်ကုန် အောက်တိုဘာ ၁
စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန်အခက် အခဲရှိကြောင်း မြန်မာနိုင်ငံ ဖရဲအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်း ရွှေမောင်က ပြောပြ၍ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးကို တရုတ်နိုင်ငံသို့သာ တင်ပို့ ရောင်းချနေပြီး အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ဖရဲဈေးကွက်လိုအပ် လျက်ရှိကြောင်း၊ ယခုလက်ရှိအချိန် တွင်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့်
ဖရဲသီးကို တရုတ်နိုင်ငံတစ်ခုတည်းကသာ   ဝယ်ယူလျက်ရှိကြောင်း သိရသည်။
-
"မြန်မာနိုင်ငံကထွက်တဲ့ဖရဲသီးကို တရုတ် နိုင်ငံတစ်နိုင်ငံတည်းကသာ ဝယ်ယူနေပါတယ်။ တခြားနိုင်ငံတွေကတော့ ဝယ်ယူမှုမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်ရုံတန်ရုံ လောက်ဖရဲသီးဆိုရင် တရုတ်
နိုင်ငံက ဝယ်ယူပါတယ်။ တခြားနိုင်ငံတွေကျတော့ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးမှသာ ဝယ်ယူတဲ့အတွက် လောလောဆယ် တရုတ်နိုင်ငံကိုပဲ တင်ပို့နိုင်သေးပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်းမှ
ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြသည်။
-
မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ် စနစ်ဖြင့် ဖရဲစိုက်ပျိုးရန် ရေမြေနေအထားနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ အခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှလွဲ၍ အခြားပြည်ပဈေးကွက်သို့ ဖရဲသီးနှံ
ထိုးဖောက်နိုင်ရန် မလွယ်ကူကြောင်း သိရသည်။
-
"ပြည်တွင်းမှာကလဲ ဖရဲစိုက်ဧကတွေ တဖြည်းဖြည်းရှားလာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖရဲသီးနှံကို တစ်ခါစိုက်ပြီးရင် အဲဒီမြေမှာ ထပ်မံစိုက်ပျိုးရင် အထွက်နှုန်းရော၊ ဖရဲသီးရဲ့အရည်အသွေး
ရော ကျဆင်းလာတဲ့အတွက် ဖရဲစိုက်ပျိုးဖို့ မြေနေရာတွေကို ရွှေ့ပြောင်း စိုက်ပျိုးလာကြတယ်။ပြီးတော့ ဖရဲစိုက်ခင်းမှာ ပိုးမွှားအန္တရာယ်ရှိတဲ့အတွက် ပိုးသတ်ဆေးတွေကို အသုံးပြုရပါတယ်။ ဒါကြောင့် အော်ဂဲနစ်
သီးနှံဖြစ်ဖို့နဲ့  ပြည်ပဈေးကွက်တွေမှာ ထိုးဖောက်နိုင်ဖို့အတွက် အခက်အခဲရှိပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြ၍ သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

Thursday, September 13, 2018

မိုးစပါးသီးနှံများကို ရေရရှိရေးနည်းလမ်း ငါးသွယ်ဖြင့် စိုက်ပျိုးလျက်ရှိ



မုံရွာ ၁၃-၉-၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် စိုက်ပျိုးမည့် မိုးစပါး သီးနှံများကို ရေရရှိရေးနည်းလမ်း ငါးသွယ်ဖြင့် စိုက်ပျိုးလျက်ရှိရာ သြဂုတ်လကုန်ထိ မိုးစပါးဧက ၁၄၈၄၉၆ဝ စိုက်ပျိုးပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေရရှိရေးနည်းလမ်း ငါးသွယ်တွင် ဆည်ရေသောက်၊ မြစ်ရေတင်၊ မြေအောက်ရေ၊ မိုးကောင်းသောက်၊ သဘာဝရေဝင် နည်းလမ်းတို့ ပါဝင်ကြောင်း၊ စိုက်ပျိုးရေ အများဆုံးရရှိမှုသည် မိုးကောင်းသောက် စနစ်မှဖြစ်ပြီး ရာသီကုန်တွင် မိုးစပါးစိုက်ဧက ၇၉၃၆၁၁ ဧကထိ လည်းကောင်း၊ ဒုတိယအများဆုံး စိုက်ပျိုးရေရရှိမှုသည် ဆည်ရေမှ ဖြစ်ပြီး ရာသီအကုန်တွင် မိုးစပါးစိုက်ဧက ၆၈၁၅၅၅ ဧကထိလည်းကောင်း၊ စိုက်ပျိုးရေအနည်းဆုံး ရရှိမှုသည် မြေအောက်ရေရရှိမှုမှ ဖြစ်ပြီး ရာသီကုန်တွင် မိုးစပါးစိုက်ဧက၂၅၇၉၆ ဧကထိလည်းကောင်း ရေရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

"မိုးစပါးကိုတော့ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးနိုင်ဖို့ နည်းလမ်းတွေကြံဆပြီး လုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာ တိုင်းဒေသကြီး အတွင်းက ဆည်တွေကနေ စိုက်ပျိုးရေ အလုံအလောက်ရရှိတဲ့အတွက် လျာထားချက်ပြည့်မီအောင်စိုက်ပျိုးသွားဖို့ စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ တောင်သူတွေ ပူးပေါင်းပြီး လိုအပ်တဲ့ စိုက်ပျိုး နည်းစနစ်တွေ၊ မြေဆီအလုံအလောက် ရရှိရေးနဲ့ ပိုးမွှားအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင်ပေးနေပါတယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိုက်ထွန်းက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးခြင်းကို ရေရှိရေး နည်းလမ်းငါးသွယ်ဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက မိုးစပါးဧက ၁၈ဝ၉၃၁ဝကို လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက မိုးစပါး ၁၈၂၁၅၇၇ ဧကကိုလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးဧက ၁၈၂၅ဝဝဝကို စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

Thursday, September 6, 2018

ကျောက်ဆည် ခရိုင်အတွင်းရှိဆည်များမှ ရေလုံလောက်စွာရရှိပြီး မိုးစပါးစိုက်ပျိုးဧကများ စတင်စိုက်ပျိုးလျက်ရှိ


ကျောင်ဆည် ၆-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်းရှိ စိုက်ပျိုးမြေ ဧရိယာများသို့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရာသီကို ဆည်ရေဖြင့် အောင်မြင်စွာ စိုက်ပျိုးပြီးစီး သည့်နောက် မိုးစပါးစိုက်ပျိုး ဧကများလည်း ရေလုံလောက်စွာရရှိပြီး စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် ဇော်ဂျီရေလှောင် တမံနှင့်မြို့ကြီး ရေလှောင်တမံတို့မှ မိုးစပါး လျာထားဧက၏ ၉၈ ရာခိုင်နှုန်းခန့်ကို လည်းကောင်း၊ ကင်းတားရေလှောင်တမံမှ မိုးစပါးလျာထားဧက၏ ၈ဝရာခိုင်နှုန်းခန့် ကိုလည်းကောင်း စိုက်ပျိုးပြီးစီး လျက်ရှိရာ စိုက်ပျိုးဧက လျာထားချက် ပြည့်မီမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ယခုနှစ် မိုးရာသီကာလသည် ပျမ်းမျှရွာသွန်းမှုအောက် လျော့နည်းခဲ့သဖြင့် ဇော်ဂျီ၊ မြို့ကြီး၊ ကင်းတားရေလှောင် တမံတို့၏ သိုလှောင်ရေကိုသာ အားကိုးအားထားပြု၍ စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်ခရိုင်ရှိ ဆည်ရေသောက် ဧရိယာများတွင် ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီအတွက် ဇွန်လလယ်မှစတင်၍ စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ရေလှောင်တမံများ၏ ကန်တွင်းသိုလှောင်ရေအရ မိုးစပါးအောင်ရေထိ အောင်မြင်စွာ စိုက်ပျိုးရေပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Tuesday, August 28, 2018

စလင်းရေလှောင်တမံတွင် ရေပြည့်ဝစွာ သိုလှောင်ထားရှိနိုင်ခဲ့ ဆည်ရေသောက်ဧရိယာများသို့ စိုက်ပျိုးရေ လုံလောက်စွာ ဖြန့်ဝေသွားမည်



စလင်း ၂၈-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံတွင် ရေပြည့်ဝစွာ သိုလှောင်ထားရှိနိုင်ခဲ့၍ စလင်းရေလှောင် တမံအတွင်းမှ ရေကိုလင်းဇင်းရေလွှဲ ဆည်မှတစ်ဆင့် ဆည်ရေသောက် ဧရိယာများသို့စိုက်ပျိုးရေ လုံလောက်စွာ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စလင်းရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါး ၃၁၈၅၄ဧက လျာထားစိုက်ပျိုးမည် ဖြစ်ပြီး အဆိုပါ လျာထားစိုက်ပျိုး ထားရှိမည့် မိုးစပါး စိုက်ခင်းများအတွက် တမံအတွင်း ရေအပြည့်အဝ သိုလှောင်ထားနိုင်ခဲ့၍ တောင်သူများကို စိုက်ပျိုးရေဖူလုံစွာ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ မင်းဘူးခရိုင်သည် မိုးစပါးဧက အများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး စလင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် မိုးစပါး ၃၁၈၅၄ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့ထိ မိုးစပါး ၂၇၉ဝဝ ဧကကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်က ပြောပြ၍ သိရသည်။

စလင်းမြို့နယ်ရှိ စလင်းရေလှောင်တမံ ရေသောက်ဧရိယာအတွင်း ယခုအခါ မိုးစပါး လျာထားဧက၏ ၉ဝရာခိုင်နှုန်းကျော် စိုက်ပျိုးရေရရှိနေပြီး စိုက်ပျိုးရေများ အလုံအလောက် ဖြန့်ဝေပေးနိုင်ရန် အတွက်ကိုလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျ ပေးဝေနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ဒေသခံ တောင်သူများသည် စိုက်ပျိုးရေ လုံလောက်စွာ ရရှိသည့်အတွက် သီးနှံများ အချိန်မီ စိုက်ပျိုးခွင့်များ ရရှိခဲ့သဖြင့် ယခုအခါ စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

ယခုနှစ်တွင် ငှက်ပျောထွက်ရှိမှုနှုန်း ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိလာနိုင်



ရန်ကုန် ၂၈-၈-၂ဝ၁၈

ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ငှက်ပျောထွက်ရှိမှုနှုန်းမှာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိ လာနိုင်ကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်သူများ အစုအဖွဲ့၏သတင်းများအရ သိရသည်။

ငှက်ပျောကို မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးလျက်ရှိရာ လက်ရှိ နေပြည်တော်တွင် ငှက်ပျောစိုက် ဧက ၄ဝဝဝ ကျော်၊ ဧရာဝတီတိုင်း ဒေသကြီးတွင်စိုက်ဧက ၆၁ဝဝဝ ကျော်၊ ကချင်ပြည်နယ်တွင် စိုက်ဧက ၄ဝဝဝဝကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၂ဝဝဝ ကျော်၊ ကရင်ပြည်နယ်တွင် စိုက်ဧက ၁၃ဝဝဝကျော်၊ ရှမ်းပြည်နယ်တွင် စိုက်ဧက၂၁ဝဝဝကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် စိုက်ဧက ၁၁ဝဝဝကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ဧက ၁၁ဝဝဝ နှင့် အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အနည်းငယ်စီ စိုက်ပျိုးမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး၏ ငှက်ပျောထွက်ရှိမှု နှုန်းမှာနှစ်စဉ် ငှက်ပျောခိုင်စုစုပေါင်း ၂၃ သန်းခန့်ထွက်ရှိနေပြီး ယခုနှစ်တွင် ငှက်ပျောစိုက်ပျိုးမှု တိုးတက်များပြား လာနေသဖြင့် ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းထိ ပိုမိုထွက်ရှိလာနိုင်သည်။ မြန်မာနိုင်ငံတွင် ငှက်ပျောကို ဇွန်လ၊ ဇူလိုင်လတို့တွင် စိုက်ပျိုးလေ့ရှိပြီး ထွက်ရှိချိန်မှာ အောက်တိုဘာလမှ ဧပြီလထိဖြစ်သည်။ မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးနေသည့် ငှက်ပျောအမျိုးအစားများမှာ ရွှေနီ၊ ရခိုင်၊ ဖီးကြမ်း၊သီးမွှေး၊ ဝက်မလွတ် စသည့်ငှက် ပျောမျိုးများ ဖြစ်သည်။

လက်ရှိပြည်တွင်း ငှက်ပျောဈေးကွက် အခြေအနေမှာ ဝါတွင်းကာလဖြစ်နေ၍ ဈေးနှုန်းများကျဆင်း နေကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 8, 2018

ဧရာဝတီတိုင်းဒေသကြီး သဲဖြူချောင်းနှင့် ချောင်းသာလေးချောင်း တိမ်ကောနေသည့်အတွက် မိုးစပါးဧက ၁ဝဝဝ ကျော်ရေလွှမ်း



အင်္ဂပူ ၈-၈-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ သဲဖြူချောင်းနှင့် ချောင်းသာလေးချောင်း တိမ်ကောနေသည့်အတွက် လယ်စိုက်ပျိုး ချိန်များတွင် လယ်စိုက်ဧက ၁ဝဝဝ ကျော် နှစ်စဉ်ရေလွှမ်းမိုးမှု ဒဏ်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ချောင်းနှစ်ချောင်း တိမ်ကောလာခြင်းကြောင့် အနီးရှိ လက်ပံကိုင်း၊ သက်တောကူး၊ တောင်နီ၊ အောက်ကျင်း၊ တောင်နီကုန်း၊ စစ်ကွင်း၊ မရမ်းမြောင်း၊ ပေါက်ပင်ကွင်းနှင့် တာချောင်းစသည့် ကျေးရွာများမှ လယ်မြေများ နှစ်စဉ်ရေမြုပ်ခြင်းကို ခံစားနေရကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်း လယ်စိုက်ဧက တစ်သိန်းခွဲကျော်ရှိရာ နခြံကျေးရွာအုပ်စုအတွင်း လယ်စိုက်ဧက ၃၈ဝဝကျော်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ လယ်စိုက်ပျိုးဧက ၁ဝဝဝကျော် ရေလွှမ်းမိုးခြင်း ခံနေရသဖြင့် ဒေသခံအများစုမှာ ချောင်းသာလေးချောင်းနှင့် သဲဖြူချောင်း တိမ်ကောနေခြင်းကို ပြန်လည် တူးဖော်ပေးရန်နှင့် နန်ကသူရေပေးဝေရေး ဆည်မြောင်းက ရေနုတ်ပြွန်များကိုလည်း လုံလုံလောက်လောက် တပ်ဆင်ပေးရန် လိုလားနေကြကြောင်း သိရသည်။

"ချောင်းသာ လေးချောင်းကလဲ ကောနေတယ်ပြီးတော့ သဲဖြူချောင်းကလဲ တချို့နေရာတွေမှာ ကောနေတယ်။ ကျဉ်းနေတယ်။ အဲလိုတွေဖြစ်နေတော့ ရေထုတ်လုပ်မှု နည်းနေပြီး အခုလိုရေကြီး ရေလျှံဖြစ်ပေါ်နေတာပါ။ ဒါကြောင့်ကျွန်တော်တို့က ချောင်းတွေ၊ မြောင်းတွေကို တူးဖော်ဖို့ လိုအပ်ပါတယ်။ ရေကို လျှော့ချနိုင်ဖို့ဆိုရင် ချောင်းသာလေးချောင်းရော၊ သဲဖြူချောင်းရော တချို့နေရာတွေကို ပြန်လည်တူးဖော် ဖို့လိုပါတယ်။အဲ့လိုဆောင်ရွက်ဖို့ဆိုရင်တော့ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး တွေကနေ ဒီဖြစ်စဉ် ကြုံတွေ့နေရတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို တင်ပြရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီး အစိုးရကို တင်ပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, July 23, 2018

မတ္တရာမြို့တွင် တစ်ပိုင်တစ်နိုင် ကွမ်းခြံလုပ်ငန်းမှ တစ်ပိုင်တစ်နိုင် မာလကာလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်သူ ပိုများလာ



မတ္တရာ ၂၃-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် တစ်ပိုင်တစ်နိုင် ကွမ်းခြံလုပ်ငန်းမှ တစ်ပိုင်တစ်နိုင် မာလကာ လုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်သူ ပိုများလာကြောင်း မတ္တရာဒေသခံ များထံမှ သိရသည်။

"ကွမ်းခြံအထွက်နှုန်းက ရာသီဥတု အပေါ်မူတည်ပါတယ်။ စိုက်ပျိုး စရိတ်ကြီးတယ်။ အရှုံးများပါတယ်။ မာလကာက မျိုးစေ့ထည့်၊ ရေလောင်း စိုက်ပျိုးလို့ရပါတယ်။ ရာသီဥတုဒဏ်လဲ ခံနိုင်တယ်။ အသီးစတင်သီးချိန်ဆေးဖျန်းတာလုပ်ပေးရင် အထွက်နှုန်း ကောင်းပါတယ်။ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးတာ သိပ်မရှိပါဘူး။ ပုံမှန်ဝင်ငွေရပါတယ်။ ဒါကြောင့်ကွမ်းခြံ တစ်ပိုင်တစ်နိုင် လုပ်နေသူတွေက မာလကာကို ပြောင်းလဲစိုက်ပျိုးလာကြပါတယ်"ဟု မာလကာ စိုက်ပျိုးသူ ကိုကျော်ကျော်က ပြောပြသည်။

၂ဝဝဝပြည့်နှစ်က မတ္တရာမြို့အနီးဝန်းကျင်ရှိ ကျေးရွာတစ်ရွာတွင် မာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ ၁ဝ ဦးခန့်သာရှိခဲ့ရာမှ ယခုအခါ စိုက်ပျိုးသူဦးရေ ၁ဝဝကျော် ရှိလာခဲ့ကြောင်း သိရသည်။

မတ္တရာမြို့ အနီးဝန်းကျင်ရှိ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ်(၅)၊ ရှမ်းတော၊ သီလကုန်း၊ ရှမ်းမြောက်၊ ပလိပ်ကုန်း၊ တံငါတောင်၊ တံငါမြောက်၊ ပန်းယျ စသည့် ကျေးရွာများတွင် မာလကာစိုက်ပျိုး ကြပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးသူ ပိုများလာခဲ့သည်။

၂ဝဝဝပြည့်နှစ်က မာလကာ သီးတစ်လုံးလျှင် ငွေကျပ် ၄ဝဝ မှ ၅ဝဝခန့်ဈေးရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း စိုက်ပျိုးသူ များလာခြင်းကြောင့် မာလကာသီး တစ်လုံးလျှင် ငွေကျပ် ၁၅ဝ ဝန်းကျင်သာ ဈေးရရှိကြောင်း၊ မိမိခြံထွက် မာလကာသီးများ အမြန်ရောင်းချ ရရေးအတွက် ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးလျှော့ရောင်းချ မှုများကြောင့် ယခုနှစ်တွင် မာလကာသီး ဈေးကောင်း မရကြောင်း မတ္တရာမြို့ရှိ မာလကာစိုက်ပျိုး ရောင်းချသူတချို့က ပြောပြသည်။

မာလကာသီးသည် တစ်နှစ်ပတ် လုံးထွက်ရှိပြီး တစ်ပိုင်တစ်နိုင် မာလကာလုပ်ငန်း တစ်ခုလျှင် တစ်ရာသီအတွင်း မာလကာသီး အလုံးရေ ၅ဝဝဝ ထွက်ရှိရာ ပုံမှန်မိသားစုဝင်ငွေ ငွေကျပ်သုံးသိန်းမှ ငါးသိန်းကြားရရှိကြောင်း သိရသည်။

#Themyawadydaily

Monday, July 9, 2018

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မြေအောက်ရေ အသုံးများသဖြင့် ဆားဓာတ်များ မြေပေါ်တက်၍ စိုက်ပျိုးပင်များ ထိခိုက်နိုင်



မုံရွာ ၁၉-၇-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးရှိ လယ်ယာမြေများသည် စိမ့်ကိုင်သောမြေ အများစုဖြစ်ပြီး ဘုတလင်၊အရာတော်၊ ချောင်းဦး၊ မုံရွာဒေသတို့တွင် မြေအောက်ရေ အသုံးများသည့် အတွက်ဆားဓာတ်များ မြေပေါ်တက်လာ၍
စိုက်ပျိုးပင်များ ထိခိုက်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာထံမှ သိရသည်။

တောင်သူများ အနေဖြင့် လယ်ယာမြေတွင် လိုအပ်သည့် ဓာတ်များ ပြုပြင်ရမည့် အခြေအနေများကို သိရှိစစ်ဆေးလိုပါက မြေနမူနာများကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးဌာနသို့ ပေးပို့စစ်ဆေး နိုင်ကြောင်း သိရသည်။

"မြေပျက်တာအကြောင်း အမျိုးမျိုးရှိတယ်။ ရွှေတူးတာများတဲ့ ဟုမ္မလင်းဒေသဆိုရင် ပြဒါးအများ ဆုံးသုံးလို့ မြေပျက်တာတွေများတယ်။ ဒီစစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှာတော့ ပြဒါးကို မစစ်နိုင်သေးဘူး။ တောင်သူတွေ အနေနဲ့ ကိုယ့်မြေကောင်း၊ မကောင်းစစ်ဆေးတာ ကိုယ့်အတွက် အကျိုးရှိပါတယ်။ ကုန်ကျစရိတ်က ကိုယ်စစ်ချင်တဲ့ အပေါ်မူတည်ပြီး ကုန်ကျမှု ရှိပေမယ့် ကိုယ့်တစ်သက် လုပ်စားမယ့် လယ်ယာမြေကိုတော့ စစ်ဆေး ထားသင့်တယ်ဆိုတာ တောင်သူ အများစုသိဖို့ လိုအပ်နေပါသေးတယ်။ အထွက်လျော့သွားရင် အဖြေရှာဖို့လိုတယ်။ သီးနှံ အထွက်တိုးဖို့၊ ဈေးကွက်ဝင် သီးနှံဖြစ်ဖို့ဆိုရင် မြေစစ်တာကို လုပ်ထားဖို့လိုပါတယ်"ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာက ပြောပြသည်။

ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေများပေါ်မူတည်၍ မြေယာများတွင် လိုအပ်သည့်ဓာတ်များ ထည့်သွင်းရန်ကိုလည်း တွက်ချက်ပေးနေပြီး စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဓာတ်ခွဲခန်း အနေဖြင့် မြေချဉ်ငံကိန်း PH Level နှင့် နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်၊ ဆားဓာတ်တို့ကို စစ်ဆေးပေးနိုင်ကြောင်း သိရသည်။

"ဖရဲ၊ သခွားတွေကို ဧကရာချီစိုက်ပြီး ဓာတ်မြေသြဇာတွေ သုံးရတဲ့ ချောင်းဦးမြို့နယ်မှာ မြေယာအရည်အသွေး တွေကို အများဆုံး စစ်ဆေးပေးရတာ တွေရှိပါတယ်။ စစ်ဆေးလိုတဲ့ မြေနမူနာတွေကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနကို တိုက်ရိုက်ပို့လို့ ရသလို နီးစပ်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွေကနေလဲ ပေးပို့စစ်ဆေးလို့ ရပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, June 19, 2018

မင်းဘူး (စကု) မြို့နယ်တွင် နှမ်းစိုက်ခင်းများ ရေနစ်ပျက်စီးသော်လည်း နှမ်းဈေး မြင့်တက်လာ၍ တောင်သူများပြန်လည် စိုက်ပျိုးနေ



မင်းဘူး ၁၉-၆-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း ခြောက်ရက်တိုင် မိုးဆက်တိုက်ရွာသွန်း ခဲ့ခြင်းကြောင့် စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများ ရေနစ်ပျက်စီးခဲ့ သော်လည်း ယခုလပိုင်းတွင် နှမ်းဈေးမြင့်တက် နေသဖြင့် ထပ်မံထွန် ယက်စိုက်ပျိုးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်းရှိ ကျောက်တန်း၊ရေမျက်၊ မောင်းမကန်၊ ရေတွင်းကုန်း၊ ပေါက်ပင်တွင်း၊ ဆင်လမ်းကြီး၊ မုန်ထောင်၊ သီးကုန်း၊ ဆင်ခေါင်း၊ ကုန်းသာ စသည့်ကျေးရွာများတွင် မိုးရွာသွန်းမှုများခဲ့၍ နှမ်းခင်းများ ပျက်စီးခဲ့ကြောင်းသိရသည်။"တစ်နယ်လုံးက နှမ်းတောင်သူ တော်တော်များများ စိုက်ခင်းတွေ ပျက်စီးခဲ့ကြတယ်။ ပျက်သွားတဲ့ နှမ်းစိုက်ခင်းတွေကို ပြန်မစိုက်ဘဲနေတာ။ နှမ်းဈေးက ကောင်းနေတော့ ပျက်တဲ့နေရာတွေ ထပ်ပြီးထွန်ယက် စိုက်ပျိုးနေပါတယ်" ဟု မင်းဘူးမြို့နယ် ရေမျက်ကျေးရွာမှ တောင်သူ ကိုမင်းမင်းဦးက ပြောပြသည်။

ယခုလက်ရှိတွင် နှမ်းဖြူတစ် တင်းလျှင် ငွေကျပ် ၅၁ဝဝဝ၊ နှမ်းနက်တစ်တင်းလျှင် ငွေကျပ်၄၈ဝဝဝ၊ နှမ်းနီ၊နှမ်းညိုတစ်တင်းလျှင် ငွေကျပ် ၃၆ဝဝဝ ရှိပြီး တရုတ်နိုင်ငံက မှာယူမှုများပြား နေသောကြောင့် ယခုကဲ့သို့ ဈေးမြင့်တက် လာခြင်းဖြစ်ကြောင်း မကွေးမြို့ရှိ နှမ်း ကုန်သည်ကြီးများထံမှ သိရသည်။

"အခု နှမ်းဈေးက ကောင်းနေတော့ ပျက်သွားတဲ့ အခင်းတွေကို အစားထိုးပြန်စိုက်နေတယ်။ နွေနှမ်းစိုက်တဲ့ စကုနယ်၊ပွင့်ဖြူနယ်တွေက နှမ်းခင်းတွေ ရေနစ်ပျက်စီးကုန်တယ်။ နှမ်းပေါ်ချိန် နှမ်းအထွက်နည်းမှာကြောင့် နှမ်းဈေးတွေ မြင့်တက်ခဲ့တာပါ။ အရင်နှစ်က နှမ်းဈေးမကောင်းတော့ အခုလို ရေနစ်ခဲ့တဲ့အခင်းတွေကို ပြန်မစိုက်ခဲ့ကြဘူး။ ပြန်စိုက်မယ်ဆို စိုက်ပျိုးစရိတ်က တက်လာမှာပါ။ ဒါပေမဲ့ နှမ်းဈေးကောင်းတော့ ဒေသကတောင်သူတွေ ပျက်သွားတဲ့ အခင်းတွေကို ပြန်ပြီး စိုက်နေကြတယ်"ဟု မင်းဘူးမြို့နယ် ပေါက်ပင်တွင်း ကျေးရွာမှ တောင်သူ ကိုဝင်းလှိုင်က ပြောပြသည်။

#Themyawadydaily

Friday, April 27, 2018

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပြန်လည်သိမ်းယူမည့် ဆီအုန်းစိုက်ပျိုးမြေများကို တိကျမှန်ကန်မှုရှိ မရှိ စစ်ဆေးပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည်



မြိတ် ၂၇-၄-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ မူလခွင့်ပြုထားသည့် ဆီအုန်းစိုက်ပျိုး မြေများအနက်မှ ပြန်လည်သိမ်းယူမည့် ဆီအုန်း စိုက်ပျိုးမြေများ တိကျမှန်ကန်မှုရှိ၊ မရှိကို တိုင်းဒေသကြီး အစိုးရမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပြီးပါက အတည်ပြု ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

''တနင်္သာရီတိုင်း ဒေသကြီးရဲ့ ဆီအုန်းနဲ့ ပတ်သက်ပြီး မူလခွင့်ပြု ထားတဲ့ပမာဏရှိတယ်။ ပြန်သိမ်းသင့်တဲ့ ပမာဏရှိတယ်။ အဲဒီအပိုင်းမှာ တိုင်းဒေသကြီး အစိုးရက ပိုသေချာအောင် ထပ်ပြီးအတည်ပြု စစ်ဆေးချင်တယ်ဆိုလို့ MIC ရဲ့ ပြန်သိမ်းမယ့် ပမာဏနဲ့ ဆက်လက်ခွင့်ပြုမယ့် ပမာဏကို ပိုတိကျတဲ့ ပမာဏထွက်ရှိအောင် စစ်ဆေးဖို့ တိုင်းဒေသကြီးအစိုးရကို လွှဲပြောင်းထားပါတယ်'' ဟု ဦးအောင်နိုင်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ပြုထားသည့် လုပ်ငန်းငါးခုရှိပြီး အဆိုပါလုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ခွင့်ပြုရန်သင့်၊ မသင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြန်လည်သိမ်းယူရမည့် အခြေအနေ ရှိသည့်အတွက် ပြန်လည်သိမ်းယူရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည် သိမ်းယူသင့်သည့် မြေပမာဏနှင့် ဆက်လက်ခွင့်ပြုမည့် ပမာဏမှာ ထွက်ရှိနေပြီ ဖြစ်သော်လည်း ပိုမိုတိကျ မှန်ကန်သော အဖြေထွက်ပေါ် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကာအတည်ပြုချက် ရရှိပြီးမှသာ ပြန်လည်သိမ်းယူရမည့် မြေပမာဏကို ထုတ်ပြန်ပေးမည် ဖြစ်သည်။

ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရ၏ စစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရန် MIC အနေဖြင့် နှိုးဆော်စာများ ပေးပို့ထားကြောင်း သိရသည်။ MIC အနေဖြင့် မူလကဲ့သို့ ဆီအုန်းစိုက်ပျိုးမြေများ ခွင့်ပြုပေးတော့မည် မဟုတ်ဘဲ ဆီအုန်းစိုက်ပျိုးသင့်သည့် မြေနေရာများကိုသာ စိုက်ပျိုးခွင့် ပြုမည်ဖြစ်ပြီး စိုက်ပျိုးရန် မသင့်သည့် မြေနေရာများကို ပြန်လည်သိမ်းဆည်း နိုင်ရန်ဆောင်ရွက် နေခြင်းဖြစ်သည်။

လက်ရှိတွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြန်မာနိုင်ငံသား ကုမ္ပဏီဖြစ်သည့် Shwe Kanbawza Company Limited နှင့် နိုင်ငံခြားသား ကုမ္ပဏီလေးခု ဖြစ်သည့် Myanmar Auto Corporation (MAC)၊ Myanmar Royal Prestige Plantation Co.,Ltd.၊ Myanmar Stark Prestige Plantation Co.,Ltd.၊ Srisuban Myanmar Co.,Ltd. တို့ကို MIC မှ ဆီအုန်းစိုက်ပျိုးခွင့် ခွင့်ပြုထားကြောင်း သိရသည်။

#Themyawadydaily

Friday, March 30, 2018

နွေစပါး စံပြကွက်အတွင်းသို့ ဥကပ်ပါးနကျယ် လွှတ်ခြင်း အခမ်းအနားကျင်းပ



ပခုက္ကူ ၃၀-၃-၂ဝ၁၈

ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ကြီးမှူး၍ ကြီးရွာမြစ်ရေတင် ကွင်းအမှတ် (၃၁၄) ဦးပိုင်အမှတ် (၃၈) ရှိ တောင်သူ ဦးမိုးကျော်၏ SRI နွေစပါး ၁ဝ ဧကစံပြကွက် အတွင်းသို့ ယနေ့နံနက် ၈ နာရီတွင် ဥကပ်ပါး နကျယ်လွှတ်ခြင်း အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နွေစပါး စံပြကွက်အတွင်း ပေ ၃ဝ အကွာပတ်လည်တွင် ဥကပ်ပါးနကျယ် ကတ်များကို လိုက်လံချိတ်ဆွဲရာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစန်းလွင်တို့က ကြည့်ရှု အားပေးသည်။

အဆိုပါ ဥကပ်ပါးနကျယ် ကတ်တစ်ကတ်လျှင် ဥပေါင်းတစ်ထောင်ခန့် ပါဝင်ပြီး တစ်ဧကလျှင်ကတ် ၄ဝ နှုန်းဖြင့် ၁ဝ ဧကအတွက် ကတ်ပေါင်း ၄ဝဝ ချိတ်ဆွဲပေးကြသည်။ ဥကပ်ပါးနကျယ်မှ ငါးရက်အတွင်း အကောင်များ ပေါက်ပြီးဖျက်ပိုး အင်းဆက်များကို သဘာဝနည်းဖြင့် နှိမ်နင်းနည်း ဖြစ်သောကြောင့် ပိုးသတ်ဆေး သုံးစွဲမှုလျှော့ချ နိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။

ပခုက္ကူမြို့နယ်တွင် ကြီးရွာမြစ်ရေတင်၊ ရွှေတန့်တစ် မြစ်ရေတင်နှင့် ကုက္ကိုလှမြစ်ရေတင် ဧရိယာအတွင်း နွေစပါး ၁၃၆၂ ဧက စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

#Themyawadydaily

Thursday, February 15, 2018

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ပြည်ပဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက် နိုင်မည့် ထောပတ်သီးစိုက်ပျိုးရေးဇုန် တည်ထောင်ရန်စီစဉ်နေ



နေပြည်တော် ၁၅-၂-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ပြည်ပဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက် နိုင်မည့်ထောပတ်သီး စိုက်ပျိုးရေးဇုန်တစ်ခု တည်ထောင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

အဆိုပါ ထောပတ်သီး စိုက်ပျိုးရေးဇုန်ကို အကျယ်အဝန်း မြေဧက ၂၅ဝဝဝကျော်ထိ ဆောင်ရွက်ရန် ခန့်မှန်းထားပြီး တောင်သူဦးရေ ၁၅ဝဝ ခန့် ပါဝင်နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးမည့်ထောပတ်သီး မျိုးအနေဖြင့် မိရိုးဖလာစိုက်ပျိုးနေသည့်မျိုးများအပြင် ကမ္ဘာ့ဈေးကွက်ဝင် မျိုးများကိုလည်း စိုက်ပျိုးနိုင်ရန် စီစဉ်နေကြောင်း၊ အဆိုပါထောပတ်သီး စိုက်ပျိုးရေး ဇုန်အတွက် မြေနေရာကို နိုင်ငံတော်အစိုးရက စီစဉ်ပေးမည်ဖြစ်ပြီး ဇုန်အတွင်း တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်ရုံတစ်ခုကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

"မြေနေရာရတာနဲ့ စိုက်ပျိုးရေး လုပ်ငန်းကို စလုပ်တော့မှာပါ။ ဒီဇုန်မှာစိုက်ပျိုးမယ့် တောင်သူတွေလဲ စိုက်ပျိုးဖို့ အသင့်ဖြစ်နေကြပါပြီ။ မြေရပြီဆိုရင် လာမယ့်မိုးဥတုမှာ စိုက်ပျိုးသွားမှာပါ။ မျိုးကိုတော့ လက်ရှိစိုက်ပျိုး နေတဲ့ မိရိုးဖလာမျိုးအပြင် ကမ္ဘာ့ဈေးကွက် ဝင်မျိုးဖြစ်တဲံ့ျေအမျိုးအစား တွေကိုလဲ စိုက်ပျိုးသွားမှာပါ" ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် သူများအသင်းမှ အတွင်းရေးမှူး ဦးလင်းသန့်အောင်က ပြောပြသည်။

၎င်းဇုန်အတွင်း မှထွက်ရှိလာသည့် ထောပတ်သီးများသည် ထုပ်ပိုးမှုမှအစ အရည်အသွေးပါ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှ သစ်သီးဝလံ ပြပွဲများတွင်ပါ ပြသသွားမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို နယ်စပ်မှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရားမဝင်နည်းလမ်းဖြင့် တင်ပို့နေကြရကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရ သည်ဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ထောပတ်သီးများ ဈေးကောင်းရရှိရန်အတွက် တရုတ်နိုင်ငံနှင့် ပထမဆုံး အစိုးရအချင်းချင်း G to G စနစ်ဖြင့် တင်ပို့နိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

မကြာမီ G to G စနစ်ဖြင့် တင်ပို့မည့် တန်ချိန်နှင့်ဈေးနှုန်းများ ထွက်ရှိလာတော့မည် ဖြစ်ကြောင်း၊ ထောပတ်သီး စိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့် မှန်ကန်စွာ ရွေးချယ်နိုင်စေမည့် နည်းလမ်းစာအုပ်ကိုလည်း လာမည့် ဧပြီလခန့်တွင် ထုတ်ဝေနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

#Themyawadydaily

Tuesday, February 13, 2018

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် သီးနှံစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေ



ရေစကြို ၁၃-၂-၂ဝ၁၈

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် ၂ဝ၁၈ ခုနှစ် နွေစပါးဧက ၃၇ဝ နှင့် အခြားနွေသီးနှံ ဧက ၅ဝ စုစုပေါင်းစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေပြီ ဖြစ်ကြောင်း ရွှေချောင်းလျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှ သိရသည်။

ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာမှာ ၂ဝ၁၈ ခုနှစ် နွေစပါး ဧက ၃၇ဝနှင့် အခြားနွေသီးနှံဧက ၅ဝ စုစုပေါင်း စိုက်ဧက ၄၂ဝ ကို ညောင်စောက် ကျေးရွာအုပ်စုအတွင်းရှိ ညောင်စောက်၊ရွှေကျောင်း၊ကျောမကြား ကွင်းများတွင် စိုက်ပျိုးရန် ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း၊ စိုက်ပျိုးရေး နည်းပညာများနှင့် အခြားလိုအပ်ချက်များ ကိုလည်း ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်က ပြောပြသည်။

ယခုအခါ ရွှေချောင်း လျှပ်စစ်မြစ်ရေတင် ဧရိယာတွင် နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် အတွက်မြေယာ ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများကို နွားဖြင့်လည်းကောင်း၊ လက်တွန်းထွန် စက်တို့ဖြင့် လည်းကောင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...