Social Icons

Pages

Showing posts with label စစ်ရေးသတင်း. Show all posts
Showing posts with label စစ်ရေးသတင်း. Show all posts

Wednesday, June 25, 2014

တာလီဘန် အကြမ်းဖက်သမားများနှင့် ငြိမ်းချမ်းရေးလည်း မလုပ်နိုင် ထိန်းလည်း မထိန်းချုပ်နိုင်သေးသော ပါကစ္စတန်နိုင်ငံ


ကိုကိုဟန်

ပါကစ္စတန် အစိုးရသည် တာလီဘန် အကြမ်းဖက် သမားများ ပုန်းအောင်းရာ နေရာများကို လေတပ်မှ ဗုံးကြဲတိုက်ခိုက် ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်သည်။ အစိုးရတပ်များ စစ်ဆင်ရေး လုပ်သည့်အခါ တာလီဘန် တို့သည် ပို၍ တောနက်ရာသို့ ခိုလှုံခဲ့ကြပြီး ပြောက်ကျား နည်းစနစ်ဖြင့် ပြန်လည် တုံ့ပြန် တိုက်ခိုက်မြဲ ဖြစ်သည်။ အစိုးရတပ်များ ပြန်လည် ဆုတ်ခွာ သွားသည့် အချိန်တွင် တာလီဘန် တို့သည် မူလအတိုင်း ကျေးရွာ၊ မြို့များကို သိမ်းပိုက်မြဲ သိမ်းပိုက် ထားခဲ့ ကြသည်။

တာလီဘန် တို့သည် တရားမဝင် သတ္တု တူးဖော်ခြင်း၊ မူးယစ်ဆေးဝါး လုပ်ငန်း၊ ပြန်ပေးဆွဲခြင်း နှင့် ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ကို လုပ်ဆောင် လာသောကြောင့် ၄င်းအဖွဲ့၏ ရပ်တည်မှုသည် ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ်မှ အကျိုးအမြတ် အတွက် ဆောင်ရွက် နေသော ရာဇဝတ်မှု အဖွဲ့အစည်း တစ်ခုသို့ ပြောင်းလဲ လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပိတ်ဆို့ အရေးယူ မှုဆိုင်ရာ စောင့်ကြည့် လေ့လာသူ များက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် မေလက ပါကစ္စတန် နိုင်ငံ၌ အလုပ်အရှုပ်ဆုံး နှင့် အကြီးမားဆုံး လေဆိပ်ကြီး ဖြစ်သည့် ကရာချိမြို့ ဂျင်နား နိုင်ငံတကာ လေဆိပ်၌ လူ ၂၉ ဦး သေစေခဲ့သော တိုက်ခိုက်မှုကို ပြုလုပ်သူမှာ ပါကစ္စတန် တာလီဘန် အဖွဲ့၏ လက်ချက် ဖြစ်ကြောင်း ၄င်းအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရှာဟီဒူလာရှာဟစ် က ပြောကြား ခဲ့သည်။

၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ က အမေရိကန် ဒရုန်း မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံး သွားရသော တာလီဘန် အကြီးအကဲ ဟာကီမူလာ မဲဆွတ် ( Hakimullah Mehsud ) အတွက် လက်စားချေ လိုသည့်  အတွက် ယင်း လေဆိပ်ကို တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း AP သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည့် အပြင် ထာဝရ အပစ်အခတ် ရပ်စဲရေး မရမချင်း အဆိုပါ တိုက်ခိုက်မှုမျိုး ကို ဆက်လက် ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း သတိပေး ပြောကြား ခဲ့သည်။

တာလီဘန် အကြမ်းဖက်သမား လက်နက်ကိုင် ၁ဝ ဦးသည် လေဆိပ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ကဲ့သို့ ရဲယူနီဖောင်းများ ဝတ်ဆင်၍ ရဲ အယောင်ဆောင် ကာ လေဆိပ် ကို စက်သေနတ်များ၊ ရော့ကက် လောင်ချာ များဖြင့် စတင် ပစ်ခတ်၍ လုံခြုံရေး ရဲတပ် ဖွဲ့ဝင်များ နှင့် ၅ နာရီကြာ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

''သူတို့ဟာ စနစ်တကျ လေ့ကျင့်ထား သူတွေ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက် တိုက်ခိုက်မှုကို စနစ်တကျ ပြင်ဆင်ပြီးမှ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ စစ်သွေးကြွ အကြမ်းဖက် သမားတွေဟာ လေယာဉ်တွေ၊ အဆောက်အအုံ အချို့ကို ဖျက်ဆီးရန် ကြံရွယ်ခဲ့ သော်လည်း မအောင်မြင် ခဲ့ပါ'' ဟု ဆင်းဒ် ပြည်နယ် ဝန်ကြီးချုပ် အိမ်အလီရှား က သတင်းထောက် များကို ပြောကြား ခဲ့သည်။

ပါကစ္စတန် စစ်တပ် အကြီးအကဲ Rizwan Akhter က ''လေဆိပ်ကို တိုက်တဲ့ အကြမ်းဖက် သမား ၁ဝ ဦးစလုံး သေတဲ့အပြင် အခြား သေတဲ့ သူတွေက လေဆိပ် လုံခြုံရေးနဲ့ လေဆိပ် ဝန်ထမ်း အများဆုံး ဖြစ်ပါတယ်'' ဟု ပြောကြား ခဲ့သည်။ လေဆိပ်ကို တိုက်ခိုက်ခြင်း အပြင် ဘလူးချစ္စတန် ပြည်နယ်၌ အသေခံ ဗုံးခွဲခြင်းကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံး ခဲ့သည်။ ပါကစ္စတန် အစိုးရနှင့် တာလီဘန် တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် အစောပိုင်းက သဘောတူ ခဲ့သော်လည်း မကြာသေးမီ ရက်သတ္တပတ် ကမှ ပျက်ပြား သွားခဲ့သည်။

ပါကစ္စတန် တပ်များက အနောက်မြောက် ဒေသတွင် အကြမ်းဖက်အဖွဲ့၏ ပုန်းခိုရာ နေရာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်သွေးကြွ ဟု သံသယရှိသူ ဒါဇင်နှင့် ချီ၍ သေခဲ့ရသည့် အပြင် အရပ်သူ၊ အရပ်သား များပါ လေယာဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ က အိမ်ဖြူတော် ပြန်ကြားရေး ဒုတိယ ဝန်ကြီး Josh Eamest က ''အမေရိကန် ပြည်ထောင်စု ဟာ ဒီလို တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချကြောင်းနဲ့ သေဆုံးသူ ဒဏ်ရာရ သူတို့၏ မိသားစုများနဲ့ အတူ စိတ်မကောင်း ဖြစ်ရပါတယ်။ တာလီဘန် တို့နဲ့ ပါကစ္စတန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှောင့်နှေး နေမှုကို ပြစ်တင်ရှုတ်ချ ပါတယ်'' ဟု ပြောကြား ခဲ့သည်။ ယင်းသို့ တာလီဘန် များ၏ အကြမ်းဖက် မှုများသည် နျူကလီးယား လက်နက်ပိုင် နိုင်ငံဖြစ်သော ပါကစ္စတန်နိုင်ငံ ၏ တည်ငြိမ်မှုကို လှုပ်ယမ်းပစ် လိုက်ခြင်း ဖြစ်ကြောင်း၊ ကရာချိမြို့သည် ပါကစ္စတန် နိုင်ငံ၏ စီးပွားရေး အချက်အချာ မြို့ကြီးဖြစ်၍ လေဆိပ် ကို တိုက်ခိုက်ခြင်း သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ထိုးနှက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှာရစ် သည် ၂ဝ၁၃ ခုနှစ် မေလတွင် တက်ခဲ့ပြီး ယခု လေဆိပ် တိုက်ခိုက်မှု သည် သူ့အတွက် ပထမဆုံး အကြိမ် တိုက်ခိုက် ခံရမှုဖြစ်၍ နောက်ထပ် လုပ်လာ နိုင်သေးကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် မေလက ကရာချိမြို့ရှိ Mehran Naval Base ရေတပ် စခန်းကြီးကို တာလီဘန် များက ဝင်တိုက် ခဲ့စဉ်က လူအများအပြား သေဆုံး ခဲ့ရပြီး လေယာဉ်များပါ ဖျက်ဆီးခံ ခဲ့ရ၍ ရူပီး ဘီလီယံ များစွာ ပျက်စီး ဆုံးရှုံးခဲ့ ရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ ညက လေဆိပ် တိုက်ခိုက်မှု ကြောင့် လေဆိပ် ကုန်လှောင်ရုံ မီးလောင် ပေါက်ကွဲခဲ့သည်။ ထိုညက တိုက်ပွဲ များကြောင့် လေဆိပ် လုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့ပြီး ဂျင်နား လေဆိပ်သို့ ပျံသန်းဝင် လာမည့် လေယာဉ်များကို လမ်းလွှဲခဲ့ ရကာ တနင်္လာနေ့ နေ့လယ်ပိုင်း ကျမှ လေဆိပ်ကို ပြန်လည် ဖွင့်လှစ် ပေးနိုင် ခဲ့သည်။

အကြမ်းဖက် သမား ၁ဝ ဦး သေရာတွင် ခုနစ်ဦးသည် လေဆိပ် လုံခြုံရေး တပ်ဖွဲ့က တိုက်ခိုက်၍ သေရခြင်း ဖြစ်ပြီး သုံးဦးက မိမိကိုယ်ကို အသေခံ ဗုံးခွဲ သွားခြင်း ဖြစ်သည်။ တာလီဘန် များသည် သူတို့ လိုလားသော မည်သည့် နေရာကို မဆို တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း၊ လူအများကို ချောက်ချား၍ ကြောက်အောင် လုပ်ကာ အစိုးရ၏ အဓိက လုံခြုံရေး ယန္တရားကို ချိုးဖောက် ပစ်နိုင်ကြောင်း နှင့် လုံခြုံရေး တင်းကျပ် ထားသော နေရာ၊ အစောင့် အရှောက် ထူထပ်သော မည်သည့် နေရာများကို မဆို ဝင်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပြသ လိုက်ခြင်း ဖြစ်သည်။ 

''ကျွန်တော့်အထင် ပြောရရင် အစိုးရစစ်တပ် က အခု တာလီဘန်တွေ လုပ်သလိုမျိုး တကယ့် ပြောင်မြောက်တဲ့ နည်းဗျူဟာမျိုး နှင့် မလုပ်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါတယ်'' ဟု ကာကွယ်ရေး နှင့် လုံခြုံရေး စာရေးဆရာ Ayesha Siddiqa ကပြောသည်။

''စဉ်းစားကြည့် ပါဗျာ။ လေဆိပ်ဆိုတာ လုံခြုံရေး စိတ်ချရတဲ့ နေရာလို့ သတ်မှတ် ခံယူထားတာ။ အခုလို ဆိုတော့ ကရာချိမြို့ လမ်းပေါ်မှာ လိုပဲ လုံခြုံမှု မရှိဘူး။ ယုတ်စွအဆုံး ကိုယ့်အိမ်မှာ တောင်မှ လုံခြုံ ဘေးကင်းပါ တော့မလား၊ ကျွန်တော်တို့ အားလုံးဟာ ယနေ့ တိုက်ခိုက်သော တာလီဘန် တို့ရဲ့သားကောင် လေးတွေပါ။ ရင်းနှီးသူတွေ သေသွားတယ် ဗျာ။ မိသားစုတွေ၊ သူငယ်ချင်း တွေ ပါသွား တယ်ဗျာ'' ဟု ပါကစ္စတန် ပြည်သူတစ်ဦး ဖြစ်သူ အုဆမာအာမက် ဆိုသော လူငယ် တစ်ဦးက ကြေကွဲ ဝမ်းနည်းစွာ ပြောလေသည်။

သို့သော် ပါကစ္စတန် အစိုးရ စစ်တပ်များ သည် တင့်ကားများ၊ မြေပြင် စစ်တပ်များ နှင့် ဂျက် တိုက်လေယာဉ် များဖြင့်ပါ တာလီဘန် တို့ အဓိက ခိုအောင်းရာ ဝါဇီရစ္စတန် မြောက်ပိုင်းသို့ စေလွှတ် ထိုးစစ်ဆင်လျက် ရှိသည်။ ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှာရစ် က ''လက်ရှိ ပြုလုပ်နေသော ထိုးစစ်မှာ ပါကစ္စတန် နယ်မြေကို ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်သွား မယ့်အပြင် တာလီဘန် တို့အား ငြိမ်းချမ်းရေး ကို တွန်းပို့ ပါလိမ့်မယ်။ ဒီ စစ်ဆင်ရေး က ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို သေချာပေါက် ဆောင်ကြဉ်း ပေးပါလိမ့်မယ်။ ပါကစ္စတန် နယ်မြေကို အကြမ်းဖက် သမားတွေ အတွက် ခိုအောင်းဖို့ နေရာ မပေးနိုင် တော့ပါဘူး'' ဟု ပြောကြား ခဲ့သည်။

သို့ဖြစ်၍ နိုင်ငံ တစ်နိုင်ငံ၌ ပြည်သူများ၏ လုံခြုံ ဘေးကင်းရေး သည် အလွန်တရာမှ အရေးကြီး ပါသည်။ ယခုလည်း လုံခြုံရေး ကျိုးပေါက် နေသော ပါကစ္စတန် နိုင်ငံ၌ ပြည်သူ လူထုမှာလည်း ဘယ်သွားသွား ဗုံးကွဲမလား ဆိုသည့် ကြောက်စိတ်တွေ ဝင်နေ ကြရသည့် အခြေအနေ မျိုးရှိ နေသည်။ ထို့ကြောင့် ပါကစ္စတန် နိုင်ငံ အနေဖြင့် ထို မပြီးဆုံး နိုင်သော ပြဿနာများကို ဖြေရှင်းရန် စစ်ရေး အရထက် နိုင်ငံရေးအရ ဖြေရှင်းရေး ကသာ ရေရှည်တွင် ပို၍ အကျိုးရှိမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။ ။ 

#Themyawadydaily

Wednesday, February 26, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း အား ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ကြည့်ရှုစဉ်

နေပြည်တော် ၊ ၂၆-၂-၂၀၁၄

တပ်မတော် ၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍ ပြုလုပ်သော တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် စစ်ဦးစီး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်း ရှိ ရှင်းလင်းဆောင် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်း တွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင် တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်း အား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြရာ လေ့ကျင့်ခန်း တွင် ပါဝင် လုပ်ဆောင် ကြမည့် ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ် ၊ ၄င်းမှ ခွဲလွှတ်ရပ် ၊ ၄င်းမှ စီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင် ပုံစံဖြင့် တပ်ဖြန့်မှု အား ဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက် နေစဉ်အတွင်း အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာ အား စီးနင်းခြင်း ၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ် များနှင့် ရန်သူ့ ပစ်မှတ် နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း ၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း ၊ အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း ၊ ခြေလျင် အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း များနှင့် ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက် ကြပြီး တိုင်ပွဲဝင် ပုံစံ အဆင့်ဆင့် အတိုင်း ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များက ရည်မှန်းချက် အသီးသီး သို့ ဖောက်ဝင်၍ ရန်သူကို ချေမှုန်း တိုက်ခိုက်ခြင်း များ ဆောင်ရွက် ကြသည်။

အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာအား စီးနင်းခြင်း လေ့ကျင့်စဉ်

အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ်ဖြင့် အမြောက်ရွှေ့ပြောင်းခြင်း လေ့ကျင့်စဉ်

တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူယူ ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

ယင်းနောက် ရန်သူ၏ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့များအား အမြောက် တပ်ဖွဲ့များမှ ပစ်ခတ် ချေမှုန်းကြပြီး တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်း စီးနင်း တိုက်ခိုက်ခြင်း နှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း များအား ဆောင်ရွက် ကြပြီး လေ့ကျင့်ခန်း ပြီးဆုံး ရပ်နား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန် ရှိသူများ နှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်း တွင် လေ့ကျင့်ခန်း နှင့် ပတ်သက်၍ အမှာစကား ပြောကြား ခဲ့ပြီး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် ခြေလျင် ၊ အကူ လက်ရုံးတပ် များမှ အရာရှိ ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။ အလားတူ လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တပ်မတော်(လေ) မှ လေသူရဲ များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ ၊ စစ်ဦးစီး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် မိတ္ထီလာ တပ်နယ်မှ အရာရှိ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံပွဲ အသီးသီး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒ မှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော် အား ကာကွယ်ရန် ဖြစ်ကြောင်း ၊ မိမိတို့ တပ်မတော် အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Standart Army အဖြစ် တည်ဆောက်လျက် ရှိကြောင်း ၊ ယင်းသို့ တည်ဆောက် ရာတွင် လူ ၊ လက်နက် ၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ မိမိ၏ စစ်လက်နက် ပစ္စည်း ကိရိယာ များအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်ရန် လိုကြောင်း ၊ သို့ဖြစ်၍ စစ်မြေပြင် ကဲ့သို့ အတွေ့အကြုံမျိုး ရရှိစေရန် တပ်ဆင် ထားသည့် လက်နက် ၊ ပစ္စည်း ကိရိယာ ၊ ယန္တရား များဖြင့် လေ့ကျင့်ခန်း များ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၊ စစ်ဆင်ရေး အောင်မြင် စေရန် အတွက် တပ်များတွင် တိုက်ပွဲ စွမ်းအားရှိရန် အရေးကြီးကြောင်း ၊ ထို့အပြင် ယနေ့ အချိန်ကာလ တွင် IT နည်းပညာများ လွန်စွာ တိုးတက် လာမှုကြောင့် အဆင့်မြင့် နည်းပညာ အသုံးပြု၍ သတင်း အချက်အလက် များ ရယူခြင်းဖြင့် စစ်ဆင်ရေး နှင့် နည်းပညာ မြင့်မားသည့် လက်နက်များ ၏ စွမ်းပကားသည် တိုက်ပွဲကို အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း ၊ လုပ်ငန်း တာဝန် ထမ်းဆောင်မှု အတွက် ကျန်းမာ ကြံ့ခိုင်ရန် လိုအပ်ကြောင်း ၊ ကျန်းမာ ကြံ့ခိုင်မှု ရှိစေရန် အားကစား များကို စနစ်တကျ အားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အလားတူ မိမိ စစ်လက်နက် ပစ္စည်းများ၏ စွမ်းပကား ကို ထိရောက်စွာ အသုံးချ နိုင်ရန် လိုအပ်ကြောင်း ၊ နေ့စဉ် ဆောင်ရွက်ရမည့် သမားစဉ် လုပ်ငန်းများ သည်လည်း စစ်သား ပီသရေး ၊ လေ့ကျင့်ရေး တို့အတွက် များစွာ အထောက် အကူပြုကြောင်း ၊ ထို့အပြင် ညီညွတ် မျှတသော ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ရှိရမည် ဖြစ်ကြောင်း ၊ ဆောင်ရွက် ပေးသင့်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ် များကိုလည်း မှန်မှန် ကန်ကန် ဆောင်ရွက် ကြရန် လိုကြောင်း ဖြင့် အမှာစကား ပြောကြား သည်။

တိုက်လေယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

ရဟတ်ယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သင်တန်းသား အရာရှိကြီး များနှင့် တပ်နယ်မှ အရာရှိ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

Thursday, September 12, 2013

Mission Action 2013 ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်း သည် ပူးပေါင်းစစ်ဆင်မှု စွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များ ပြောကြား


၁၂-၉-၂၀၁၃

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)သည် နန်ကျင်းနှင့် ကွမ်ကျိုး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များမှ တပ်ဖွဲ့ဝင် ၄ဝ,ဝဝဝ ကျော် ပါဝင်သော Mission Action 2013 ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်းကို စက်တင်ဘာ ၁ဝ ရက်မှ စတင်ကျင်းပ ပြုလုပ်လျက် ရှိကြောင်းနှင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ ၏ ကြည်းတပ်နှင့် လေတပ်ဖွဲ့ဝင် များကြား ပူးပေါင်း စစ်ဆင်ရေး စွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ် လေ့ကျင့်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၁၁ ရက် Newsnow သတင်းတစ်ရပ် အရ သိရသည်။


ထို့အပြင် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင် ကြည်းတပ် တပ်ဖွဲ့ဝင် အသီးသီး အကြား ပူးပေါင်း ဆောင်ရွက်ရေး စွမ်းရည်ကို စမ်းသပ် သွားမည် ဖြစ်ပြီး စစ်ဘက်နှင့် အရပ်ဘက် တပ်ဖွဲ့ဝင်များ အကြား ပူးပေါင်း ဆောင်ရွက်ရေး စွမ်းရည် ရရှိစေရေး အတွက်လည်း လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း သည် နန်ကျင်း နှင့် ကွမ်ကျိုး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် များမှ စစ်သည်များ အတွက် အရေးပါ ကြောင်းနှင့် အဆိုပါ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် နှစ်ခုစလုံးမှာ ထိုင်ဝမ် ၊ သို့မဟုတ် ဗီယက်နမ် နိုင်ငံတို့ကို ထိန်းချုပ် ရာတွင် ကွပ်ကဲမှု ဌာနချုပ် တစ်ခုနှင့် တစ်ခု အပြန်အလှန် ထောက်ပံ့ ကူညီ ပေးသွားရေး ရည်မှန်း ထားကြောင်း ရှန်ဟိုင်း အခြေစိုက် စစ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Ni Lexiong ကပြောကြား ခဲ့သည်။ PLA သည် ကြည်းတပ်ဖွဲ့၏ ခရီးရှည် လှုပ်ရှား စစ်ကစားမှု စွမ်းရည်ကို စမ်းသပ်ရေး အတွက် ၂ဝဝ၉ ခုနှစ် ကလည်း စစ်မြေပြင် ကွပ်ကဲမှု ဌာနချုပ် ၄ ခုမှ အကြီးစား သံချပ်ကာ တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ပါဝင်သော ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကိုလည်း ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...