Social Icons

Pages

Showing posts with label စစ်ရေးလေ့ကျင့်မှု. Show all posts
Showing posts with label စစ်ရေးလေ့ကျင့်မှု. Show all posts

Friday, March 17, 2017

ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း ( Combined Fleet Exercise ) ဆောင်ရွက်ရန်အတွက် သတိပေးချက် ထုတ်ပြန်ကြေညာ




နေပြည်တော် ၊ ၁၇-၃-၂၀၁၇

တပ်မတော်(ရေ) စစ်ရေယာဉ် များသည် ၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ် ခြင်းများအား ကိုကိုးကျွန်း ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄ဝ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅ဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃ဝ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထား ရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ ငယ်များ၊ ကုန်တင်/ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ် သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Sunday, September 25, 2016

အချိန် ၊ ငွေ ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့်နေခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စွမ်းရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်ဖြစ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ ၊ စစ်သည်များအား အမှာစကား ပြောကြားစဉ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့် အကူလက်ရုံးတပ်များမှ အရာရှိ ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်စဉ်

နေပြည်တော် ၊ ၂၅-၉-၂၀၁၆

အချိန် ၊ ငွေ ၊ လုပ်အားများစွာ အကုန်အကျခံပြီး လေ့ကျင့် နေခြင်းသည် တပ်မတော်၏ အဓိကတာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို စွမ်းရည် ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန် ဖြစ်ကြောင်း ၊ ယခု ပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပြည်ပရန် ကာကွယ်ရေး အတွက် သမားရိုးကျစစ် ဆင်နွှဲနိုင်ရန် အဓိကရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၊ ကာကွယ်ရေး ၊ စစ်ရေး ဆိုသည်မှာ ကောက်ကာ ငင်ကာ လုပ်၍မရဘဲ ကြိုတင် ပြင်ဆင်မှု ၊ လေ့ကျင့်မှု များကို စဉ်ဆက်မပြတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ၊ တစ်ဦးချင်း ၊ တစ်ဖွဲ့ချင်း အလိုက် လေ့ကျင့်သား ပြည့်ဝအောင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းအောင် ဆောင်ရွက်ကြ ရမည်ဖြစ် ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း)(လေ)၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည်မြင့်မား စေရန် ရည်ရွယ်၍ မိတ္ထီလာတပ်နယ် တွင်ပြုလုပ်သော တပ်မတော် (ကြည်း) (လေ) ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နှင့် စစ်ဦးစီးတက္ကသိုလ် တို့မှ သင်တန်းသား အရာရှိကြီးများ နှင့် ပြည်တွင်း သတင်းမီဒီယာ များ တက်ရောက် ကြသည်။

ဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်းရှိ ရှင်းလင်းဆောင်၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်က လေ့ကျင့်ခန်း အကြောင်းအရာနှင့် ပတ်သက်၍ သဲမြေပုံဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် လေ့ကျင့်ခန်းအား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင်ကြရာ လေ့ကျင့်ခန်းတွင် ပါဝင်လုပ်ဆောင် ကြမည့် ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့ များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ်၊ ၄င်းမှ ခွဲလွှတ်ရပ်၊ ၄င်းမှစီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင်ပုံစံဖြင့် တပ်ဖြန့်မှုအား ဆောင်ရွက် ကြသည်။

ထိုသို့ ဆောင်ရွက်နေစဉ် အတွင်း လေကြောင်းချီ တပ်ဖွဲ့များက ရန်သူ့အုပ်ချုပ် ထောက်ပံ့ရေး စခန်းနေရာအား စီးနင်း တိုက်ခိုက်ရန် ပြင်ဆင်ခြင်း၊ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့ ဝင်များက ရန်သူ့ ဆက်သွယ်ရေးနှင့် ရေဒါစခန်း နေရာအား စီးနင်းတိုက်ခိုက်ခြင်း၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ် များဖြင့် ရန်သူ့ပစ်မှတ် အသီးသီးအား ကြိုတင် ချေမှုန်းခြင်း၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ အတွဲလိုက်ဒုံးများ ပစ်ခတ်ခြင်း၊ ခြေလျင်အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက်ကြပြီး တိုက်ပွဲပုံစံ အဆင့်လိုက် အတိုင်း ခြေလျင်နှင့် သံချပ်ကာတပ်ဖွဲ့ များက ထိုးဖောက် ဝင်ရောက်၍ ရန်သူကိုချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက် အသီးသီးကို သိမ်းပိုက်ကြသည်။

ယင်းနောက် ရန်သူ၏နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် များအား မိမိ အမြောက်တပ်ဖွဲ့ များမှ ပစ်ခတ်ချေမှုန်းခြင်း၊ တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်းပြီး စီးနင်း တိုက်ခိုက်ခြင်းနှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း၊ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို အရေးပေါ် လူနာတင်ယာဉ် များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီး လူနာများကို ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ မိမိတပ်များ အတွက် လေကြောင်းမှ ခဲယမ်း၊ ရိက္ခာချပေးခြင်း များအား ဆောင်ရွက်ကြပြီး လေ့ကျင့်ခန်းကို ပြီးဆုံးရပ်နား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန်ရှိသူများနှင့် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်းတွင် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာ ၌ တပ်မတော်အား Standard Army အဖြစ် တည်ဆောက်ရာတွင် ယခုလို လေ့ကျင့်မှုများမှ ရရှိလာသည့် အတွေ့အကြုံများ အပေါ် မူတည်ပြီး ဖော်ထုတ်  သုံးသပ်ချက် များက များစွာ အထောက်အကူ ဖြစ်စေကြောင်း၊ လေ့ကျင့်စဉ် ကာလအတွင်း ရာသီဥတု အခြေအနေ ကြောင့် လေယာဉ်၊ ရဟတ်ယာဉ်များ အပါအဝင် ချိန်းယာဉ်၊ ဘီးယာဉ်၊ ယန္တရားများ အားလုံး သွားလာရန် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရ သော်လည်း နည်းလမ်း ပေါင်းစုံဖြင့် ကျော်ဖြတ်နိုင် ခဲ့ကြောင်း၊ စစ်မြေပြင် တွင်လည်း ယင်းအခက်အခဲ မျိုးကို အခြေအနေ အချိန်အခါ နေရာမရွေး ကြုံတွေ့ နိုင်ခြင်းကြောင့် မည်သို့ ကျော်လွှားရ မည်ကို တွေးဆ ပြင်ဆင်မှု၊ လေ့ကျင့်မှု များပြု လုပ်ကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လေကြောင်းမှ ပစ်ခတ်ချေမှုန်း ခြင်းနှင့် ပတ်သက်၍လည်း ခေတ်သစ်စစ်ပွဲ များတွင် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ မတူညီသော လေယာဉ်၊ ရဟတ်ယာဉ် အမျိုးအစား များဖြင့် အချိန်ကိုက် ဝင်ရောက်ပြီး ပစ်မှတ်များကို တိကျစွာ ပစ်ခတ်ချေမှုန်း ၍ မြေပြင်တပ် များကို အနီးကပ် လေကြောင်း ပစ်ကူပေး နိုင်ခြင်းမှာ လေ့ကျင့်သား ပြည့်ဝမှု၊ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်း ကြောင့် ဖြစ်ကြောင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များကို စွမ်းအားပြည့် သုံးနိုင်အောင် ဆောင်ရွက်ရမည့် အပြင် စွမ်းအားဖြည့် ပေးရန်လည်း လိုအပ်ကြောင်း ထည့်သွင်း ပြောကြားသည်။

တင့်တပ်ဖွဲ့၏ အရေးပါမှုနှင့် ပတ်သက်၍ မိမိနိုင်ငံ၏ မြေမျက်နှာ သွင်ပြင်မှာ တင့်တပ်ဖွဲ့၏ စစ်ဆင်နိုင်မှု အနေအထား များစွာရှိခြင်း ကြောင့် ယခုပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း သည် နိုင်ငံအတွက် လွန်စွာ အရေးပါကြောင်း၊ တင့်တပ်ဖွဲ့၏ စွမ်းပကား ကိုလည်း ပိုမိုမြှင့်တင် ရမည်ဖြစ်ကြောင်း၊ အမြောက် တပ်ဖွဲ့၏ ပစ်အား အပါအဝင် ကြည်း၊ လေ ပူးပေါင်း ပစ်အားနှင့် စစ်ကစားမှုကို အခြေခံ ထားသော လေ၊ ကြည်း စစ်ဆင်မှု သဘောတရားသည် ပြည်ပအန္တရာယ် ကို တွန်းလှန် ကာကွယ်ရာတွင် ဆင်နွှဲရမည့် သမားရိုးကျ စစ်၏ အခြေခံပင် ဖြစ်ကြောင်း ပြောကြားသည်။

အုပ်ချုပ် ထောက်ပံ့မှု ကောင်းခြင်းသည် စစ်ပွဲ အောင်နိုင်မှု၏ ၅ဝ ရာခိုင်နှုန်းကို သေချာစေ နိုင်ကြောင်း၊ ယာဉ်၊ ယန္တရား၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ ရိက္ခာ၊ စက်သုံးဆီ၊ သောက်သုံးရေ စသည်ဖြင့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများကို စစ်မြေပြင်တွင် အလေးထား တွက်ချက်စဉ်းစား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထို့အတူ ဆေးတပ်ဖွဲ့ လုပ်ငန်းများ ဖြစ်သည့် စစ်မြေပြင်လူနာ ရွှေ့ထုတ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဓာတုလက်နက် ဘေးအန္တရာယ် ကာကွယ်မှုများ၊ လူသားချင်း စာနာ ထောက်ထားမှုဖြင့် အကူအညီပေး ဆေးဝါး ကုသမှုများ ကိုလည်း ကျွမ်းကျင် နိုင်နင်းစွာ လုပ်ဆောင်နိုင် ရမည် ဖြစ်ကြောင်း၊ ၄င်းအပြင် စစ်မြေပြင်တွင် လူသားချင်း စာနာ ထောက်ထားမှုနှင့် ပတ်သက်၍ မိမိတို့၏ စစ်သည်တော် ကျင့်ဝတ်၊ ဂျီနီဗာ ကွန်ဗင်းရှင်း ပါ ကျင့်ဝတ် များနှင့်အညီ တပ်ဖွဲ့ဝင် အားလုံးက တိကျစွာ လိုက်နာလုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ ပြည်ပရန်ကို ကာကွယ်ရာတွင် လည်းကောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာတွင် လည်းကောင်း၊ ဒေသခံ ပြည်သူလူထုအနေဖြင့် မြေစာပင်အဖြစ် ကြားညှပ်ခံစား နေရသည်ကို တွေ့ကြုံ ရကြောင်း၊ စစ်မြေပြင်တွင် ရန်သူ၊ မိတ်ဆွေ မခွဲခြားနိုင် သေးသည့် အချိန်နှင့် ရန်သူဟု သတ်မှတ်၍ မရသည့် အချိန်တို့တွင် ပြဋ္ဌာန်း သတ်မှတ် ထားသည့် ကျင့်ဝတ် စည်းကမ်းများနှင့် အညီသာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ မညီညွတ်ပါက ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း ခံရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ လေ့ကျင့်ခန်း တစ်ခုလုံး၏ အနှစ်သာရ မှာ လေ့ကျင့်ခန်းတွင် ပါဝင်သည့် ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာ နှင့်အခြား လက်ရုံးတပ်ဖွဲ့ အားလုံး၏ ဟန်ချက်ညီ အချိန်ကိုက် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်းတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ယုံကြည်မှု ရှိခြင်း၊ အချိန်တိကျမှု နှင့် အချိန်အား တန်ဖိုးထား လေးစားမှုရှိခြင်း၊ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်း၊ အမိန့်နာခံမှု ကောင်းမွန်ခြင်း တို့ကို အားသာချက် အဖြစ် တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်း များတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက် များကို သင်ခန်းစာ ဖော်ထုတ်၍ တပ်ဖွဲ့အလိုက် လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ပြင်ဆင်ဖြည့်စွက် စီမံဆောင်ရွက် ခြင်းဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပိုမို တိုးတက်မြင့်မား၍ စွမ်းရည်ရှိသည့် တပ်မတော် ဖြစ်လာမည် ဖြစ်ကြောင်း မှာကြားသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရှုရပ်ကုန်း၌ လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် ခြေလျင်နှင့် အကူလက်ရုံးတပ် များမှ အရာရှိ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။

အဆိုပါ လေ့ကျင့်ခန်းသို့ ပြည်တွင်း သတင်းမီဒီယာ များလည်း တက်ရောက် သတင်းရယူ ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သတင်းမီဒီယာ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်းသတင်း ရရှိသည်။ (၁၀၀) 


မြေပြင်မှ မြေပြင်ပစ်ဒုံးဖြင့် ပစ်ခတ်မှု လေ့ကျင့်စဉ်
တံတားထိုးယာဉ်ဖြင့် တံတားထိုးပြိး တင့်ကားဖြတ်သန်းစဉ်



တပ်မတော်(ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း ဆောင်ရွက်စဉ်

တိုက်လေယာဉ်များဖြင့် ပစ်မှတ်ကို ပစ်ခတ်မှုလေ့ကျင့်စဉ်

 


မြ၀တီနေ့စဉ် ၊ စာ(၃၂)

Sunday, February 28, 2016

တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016 ) ပြုလုပ်ဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို 
ဦးဆောင်မည့် တာဝန်ရေ တပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်းတင်ပြစဉ်


နေပြည်တော် ၊ ၂၈-၂-၂၀၁၆

တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေ ကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်ရန် အတွက် စွမ်းရည်ထက်မြက် မြင့်မားသော တပ်မတော် ဖြစ်စေရေး တည်ဆောက်လျက် ရှိပြီး ကာကွယ်ရေး စွမ်းအား မြှင့်တင်ရေး အတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) လေ့ကျင့်ခန်း များကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက် ရှိသည်။ ယမန်နေ့တွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစုပ င်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို လေ့ကျင့်ပြုလုပ် ဆောင်ရွက် ကြသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များတွင် အနောက်ဘက် အစွန်ဆုံး၌ရှိပြီး အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံ အကြား တည်ရှိနေသဖြင့် မြေ အနေအထားအရ မဟာဗျူဟာမြောက် အရေးပါကြောင်း၊ ရေပြင် အနေအထား အရ ကြည့်ပါကလည်း ဘင်္ဂလား ပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာ တို့နှင့် ဆက်စပ်နေသည့် ရေပြင်ကို ပိုင်ဆိုင်ထားကြောင်း၊ ယင်းသို့ မြေအနေအထား၊ ရေပြင် အနေအထား များကြောင့် အရေးပါသော နိုင်ငံတစ်ခု ဖြစ်၍ နိုင်ငံ ကာကွယ်ရေး အတွက် အမြဲသတိရှိရန်၊ ပြင်ဆင်ထားရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဆိုပါ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များကို အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြား ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်(ရေ) ဝတ်စုံအား ဂုဏ်ပြု ဝတ်ဆင်၍ ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက် (ကိုကိုးကျွန်းဒေသ) ၌ ပြုလုပ်သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့နှင့်အတူ အကဲကြည့် စစ်ရေယာဉ်- အောင်ဇေယျ ပေါ်မှ လိုက်ပါကြည့်ရှု အားပေးသည်။

စစ်ရေယာဉ် - အောင်ဇေယျ ပေါ်တွင် တာဝန်ကျ တပ်ဖွဲ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုပြီး လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေ တပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်းတင်ပြပြီး တိုက်စစ်နှုတ်မိန့် ပေးသည်။ ယင်းနောက် တာဝန်ရေ တပ်မမှူး နှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည် ထွက်ခွာပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်းကို အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြသည်။

ဦးစွာ တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ (NAVY SEALs) က ချေမှုန်းရေး စက်တပ် ရော်ဘာလှေ လေးစင်း၊ ရဟတ်ယာဉ် နှစ်စင်းတို့ဖြင့် ရန်သူ့ရေယာဉ် တစ်စင်းအား ဝင်ရောက် စီးနင်း၍ ဖမ်းဆီးခံ ဓားစာခံ နှစ်ဦးကို ကယ်ဆယ်ခြင်း၊ ရန်သူ့ စစ်ရေယာဉ်ကို ဖောက်ခွဲ နှစ်မြှုပ်ခြင်း တို့အား သရုပ်ပြ ဆောင်ရွက်ကြ သည်။ ယင်းနောက် ရန်သူ့ ပစ်ခတ်မှုကြောင့် မီးလောင်နေသော ကုန်သွယ်ရေယာဉ် တစ်စင်းကို ဘက်စုံသုံး တွဲဆွဲ စစ်ရေယာဉ် နှစ်စင်းဖြင့် ပင်လယ်ပြင် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခန်းကို ဆောင်ရွက်သည်။ လေ့ကျင့်ခန်းများ အပြီးတွင် လေ့ကျင့်ခန်း၌ ပါဝင်ကြသော ရဟတ်ယာဉ်နှင့် တပ်မတော်(ရေ) အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ချီတက် အလေးပြု ကြသည်။

ထို့နောက် လေ့ကျင့်ခန်း အစီအစဉ် အရ စစ်ရေယာဉ် များသည် သတ်မှတ်ပုံပြု Formation 5  ပုံစံဖြင့် မောင်းနှင်ချီတက် ကြသည်။ ချီတက်စဉ် Circular Formation ပုံစံပြောင်းလဲ ချီတက်ပြီး ရေအောက်ရန် ကာကွယ်ရေး စစ်ဆင်မှု လေ့ကျင့်ခန်း ကိုလည်းကောင်း၊ Diamond Formation ပုံစံပြောင်းလဲ၍ ရန်သူ့ လေယာဉ်များအား လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့ လေ့ကျင့် ပစ်ခတ်မှု ကိုလည်းကောင်း၊ ဆက်လက်ပြီး Arrow Head Formation ပုံစံသို့ပြောင်းလဲ ၍ အီလက်ထရွန်နစ် စစ်ဆင်မှု လေ့ကျင့်ခန်းနှင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်များ ပစ်ခတ်မှု လေ့ကျင့်ခန်းကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ ကြပြီး နောက်ဆုံးတွင် ရည်မှန်းချက် ဖြစ်သည့် ရန်သူ့ပင်မ စစ်ရေယာဉ် အုပ်ကို တိုက်ခိုက် ချေမှုန်းရန် အတွက် Cruising Formation နှင့် Battle Line Formation ပုံစံများသို့ အဆင့်ဆင့် ပြောင်းလဲ၍ မိမိစစ်ရေယာဉ် များရှိ အမြောက်ကြီးများ၊ ဒုံးပျံများဖြင့် ပစ်ခတ် ချေမှုန်းသည့် လေ့ကျင့်ခန်း များကို ဆောင်ရွက်ခဲ့ ကြသည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် စီးနင်းလိုက်ပါ လာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ် များက Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ) တို့ထံ လေ့ကျင့်ခန်း အထိမ်းအမှတ် လက်ဆောင် ပစ္စည်းကို ပေးအပ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ရေယာဉ်- အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) တွင် ပါဝင် ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် လုပ်ငန်းတာဝန်များ အောင်မြင် ပြီးမြောက်မှု အတွက် ချီးကျူး ဂုဏ်ပြုကြောင်း၊ လေ့ကျင့်ခန်း ဆိုသည်မှာ စွမ်းရည်ထက်မြက် စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ရေးပိုင်းတွင် ချက်ချင်းလက်ငင်း လုပ်ဆောင်၍ မရကြောင်း၊ လူ၊ လက်နက်၊ စစ်အတတ် ပညာများ အကျွမ်းတဝင် ဖြစ်နေအောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်း များသည် အမြဲတမ်း လေ့ကျင့်နေရန် ပြင်ဆင်နေရန် လိုအပ်ကြောင်း၊ ထိုသို့လေ့ကျင့် ရာတွင်လည်း ကြိုတင် စီစဉ်သော တိုက်စစ် လေ့ကျင့်ခန်းများ သာမက အချိန်မရွေး ဖြစ်ပေါ်လာနိုင် သည်များကို ရင်ဆိုင်နိုင်စွမ်း ရှိစေရန် ရုတ်ခြည်းတိုက်စစ် လေ့ကျင့်ခန်း များကို ပါ လေ့ကျင့် ဆောင်ရွက်ကြ ရမှာဖြစ်ကြောင်း၊ တာဝန်ပေးအပ် ထားသည့် စစ်ဆင်ရေး ရေပြင်အလိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သည့် လေ့ကျင့်မှုများ ကိုပါ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ရေတပ်စွမ်းအား မြှင့်တင်ရေး နှင့် ပတ်သက်၍လည်း မြန်မာ့ကမ်းရိုးတန်း အရှည်သည် ရေမိုင် ၁၂၆ဝ နှင့် ကုန်းမိုင် ၁၄၅ဝ ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရေမိုင် ၃ဝ၄ ဒသမ ၂၈ မိုင်၊ အိန္ဒိယ နိုင်ငံနှင့် ရေမိုင် ၅၉၂ ဒသမ ဝ၃ မိုင်၊ ထိုင်းနိုင်ငံ နှင့် ရေမိုင် ၁၉၅ ဒသမ ၃၂ မိုင် နယ်နိမိတ်ထိစပ် နေကြောင်း၊ ၄င်းအပြင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန် သွင်းကုန် များ၏ ၈၇ ရာခိုင်နှုန်း ခန့်မှာလည်း ဘင်္ဂလား ပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ ဆက်စပ် ရေပြင်ကို အသုံးပြု သွားလာ နေရကြောင်း၊ နိုင်ငံ၏ အဓိကဝင်ငွေ ရရှိနေသည့် ကမ်းနီး၊ ကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့များ၊ ရေအောက် သယံဇာတ ဖြစ်သည့် ငါးနှင့် ရေထွက်ပစ္စည်း များလည်း များစွာ ထွက်ရှိကြောင်း၊ ယင်း လုပ်ငန်းများကို လုံခြုံစွာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် တပ်မတော်(ရေ) အနေဖြင့် စွမ်းအား အပြည့်အဝ ရှိရန် လိုအပ်သဖြင့် ရေတပ်စွမ်းအား မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ယခင်ပြင်ပ နိုင်ငံများမှ ဝယ်ယူ ရသည်များ ရှိသကဲ့သို့ ကိုယ်တိုင် ဆောက်လုပ် နိုင်အောင် ကြိုးစား လုပ်ဆောင်ခြင်းဖြင့် မိမိတို့ တပ်မတော် အနေဖြင့် တည်ဆောက် ခဲ့သည့် စစ်ရေယာဉ် များစွာရှိကြောင်း၊ ဆက်လက်လည်း ယခုထက်ပိုမို ခေတ်မီသည့် အဆင့်မြင့် စစ်ရေယာဉ်များ တည်ဆောက်သွား ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေး စွမ်းအား မြင့်မားရေးနှင့် ပတ်သက်၍ မိမိနိုင်ငံတွင် သစ္စာမဲ့သည့် လုပ်ရပ် များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ ရကြောင်း ၊ လွတ်လပ်ရေး ဆိုသည်မှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ဆုံးရှုံးသွား နိုင်သော်လည်း ယင်းကို ပြန်လည်ရရှိရန် အတွက် နှစ်ပေါင်းများစွာ ပေးဆပ်မှုပေါင်း များစွာဖြင့် ကြိုးပမ်း လုပ်ဆောင် ရကြောင်း၊ သို့ဖြစ်၍ ကာကွယ်ရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းပကား မြင့်မားရန် အရေးကြီးကြောင်း၊ နိုင်ငံတစ်ခု ရပ်တည်မှု အတွက် နိုင်ငံရေး စွမ်းပကား၊ စီးပွားရေး စွမ်းပကားနှင့် ကာကွယ်ရေး စွမ်းပကား ၃ ခု မြင့်မားနေရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်ထိ ပါတီစုံ ဒီမိုကရေစီ စနစ်၏ ပထမ ခြေလှမ်း လျှောက်လှမ်းခဲ့ရာ တပ်မတော် အနေဖြင့် ယင်း လမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ဖြင့်မယိမ်းမယိုင် လျှောက်လှမ်း နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း လုပ်ဆောင် ခဲ့ကြောင်း၊ အလားတူ ဒုတိယ သက်တမ်းတွင်လည်း ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တည်ငြိမ် အေးချမ်းမှု ရရှိအောင် ကာကွယ် စောင့်ရှောက် ရမည်ဖြစ် သကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း စေရန်လည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း Military Might မြင့်မားရန် လိုအပ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်မှ စတင်၍ ရေတပ် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ရာ ယခု ၃ ကြိမ်မြောက် လေ့ကျင့်ခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း နှစ်စဉ် လေ့ကျင့်ပြုလုပ် သွားမည်ဖြစ်၍ ယခုထက် ပိုမိုကောင်းမွန် ပြည့်စုံအောင် ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ရဟတ်ယာဉ်ဖြင့် ရန်သူ့ရေယာဉ်တစ်စင်းအား ၀င်ရောက်စီးနင်း၍ ဖမ်းဆီးခံဓားစာခံနှစ်ဦးကို ကယ်ဆယ်ခြင်း သရုပ်ပြစဉ်

ရန်သူ့ ပစ်ခတ်မှုကြောင့် မီးလောင်နေသော ကုန်သွယ်ရေယာဉ်တစ်စင်းကို ဘက်စုံသုံး တွဲဆွဲစစ်ရေယာဉ် နှစ်စင်းဖြင့် ပင်လယ်ပြင် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခန်း ဆောင်ရွက်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016) လေ့ကျင့် ဆောင်ရွက်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise- Sea Shield 2016) လေ့ကျင့် ဆောင်ရွက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက် အလေးပြုကြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အထိမ်းအမှတ် လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

စစ်ရေယာဉ် တပ်ပေါင်းစာ ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ပြည်တွင်း မီဒီယာများမှ သတင်းထောက်များက သတင်းယူစဉ်

ထိုသို့ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ပြုလုပ်နေမှုကို ပြည်တွင်း သတင်းမီဒီယာ များမှ သတင်းထောက် များလည်း စစ်ရေယာဉ်- အောင်ဇေယျ နှင့် အတူ လိုက်ပါပြီး သတင်းရယူခဲ့ ကြသည်။

တပ်မတော်(ရေ) မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာ အာဏာ ခိုင်မာစေရန်နှင့် တပ်မတော်(ရေ) ရှိ စစ်ရေယာဉ် များကို အသင့်ဖြစ်မှု ၃ ရပ်ဖြင့် စစ်ဆင်မှု နယ်ပယ် ၄ ရပ်တွင် ကျွမ်းကျင် ပိုင်နိုင်စွာ တိုက်ပွဲဝင်နိုင် စေရန် ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ကို ၂ဝ၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပြုလုပ် ခဲ့သည်။ ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) သည် ၃ ကြိမ်မြောက် ဖြစ်ပြီး စစ်ရေယာဉ် မျိုးစုံ ၂ဝ စင်းကျော် ပါဝင်လေ့ကျင့် ခဲ့ကြပြီး ထိုသို့ ပစ်ခတ်မှုနှင့် လက်တွေ့ စစ်ကစား လှုပ်ရှားမှုကို ပေါင်းစပ် လေ့ကျင့်ခြင်းဖြင့် စစ်ရေယာဉ် များနှင့် စစ်သည်များ၏ စွမ်းရည် တိုးတက် လာစေမည် ဖြစ်ကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၃၂၊ ၁၅ ၊ ၁၆ ၊ ၁၇)

Tuesday, August 25, 2015

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း Gotanba မြို့အနီးတွင် ကျင်းပပြုလုပ်သော Fuji Fire Power Exercise (2015) သို့ တက်ရောက် လေ့လာ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား ဂျပန်နိုင်ငံ ကာကွယ်ရေး ၀န်ကြီး Mr. Gen Nakatani က ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

Fuji Fire Power Exercise (2015) လေ့ကျင့်နေမှုကို တွေ့ရစဉ်

Fuji Fire Power Exercise (2015) လေ့ကျင့်နေမှုကို ဂျပန်ပြည်သူများ ကြည့်ရှု လေ့လာစဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၅

ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ် ၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် သြဂုတ် ၂၃ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် Gotanba မြို့အနီး ဖူဂျီတောင်ခြေ ရှိ လေ့ကျင့်ရေး ကွင်းတွင် ကျင်းပ ပြုလုပ်သော Fuji Fire Power Exercise (2015) သို့ တက်ရောက် လေ့လာ ကြည့်ရှုသည်။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့်အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အရာရှိကြီးများ၊ ဂျပန်နိုင်ငံတွင် လေ့လာရေးခရီး ရောက်ရှိ နေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်ကျော်ဇော ဦးဆောင်သော အရာရှိကြီးများ တက်ရောက် ကြည့်ရှု လေ့လာကြသည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့မှ Major General Harada လိုက်ပါ၍ လေ့ကျင့်ခန်း နေရာသို့ ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိသည်။

အဆိုပါ လေ့ကျင့်ခန်းအား ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Mr. Gen Nakatani က အဖွင့် အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးသည်။ လေ့ကျင့်ခန်း ၏ ပထမပိုင်းတွင် ခြေလျင် နှင့် လက်ရုံး တပ်ဖွဲ့များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် များ၏ ပစ်အားများကို သရုပ်ပြသ ခဲ့သည်။

ဒုတိယပိုင်းအား လေ၊ ကြည်း ပူးပေါင်း စစ်ဆင်ရေး ခေတ်သစ်စစ် သဘောတရား များအား အခြေခံ၍ ကျည်စစ် ကျည်မှန်များဖြင့် လေ့ကျင့်ခန်း များအလိုက် ပစ်ခတ်ခြင်း ဆောင်ရွက် ခဲ့သည်။

Fuji Fire Power  Exercise (2015) လေ့ကျင့်ခန်းတွင် စစ်သည် ၃၃၇၄ ဦး၊ တင့် ၂၇ စီး၊ သံချပ်ကာ ၅၅ စီး၊ စိန်ပြောင်း ၆ဝ လက်၊ ပဲ့ထိန်းဒုံးကျည် ၁၈ စင်း၊ လေယာဉ်/ ရဟတ်ယာဉ် ၂ဝ စင်း ပါဝင်ခဲ့ပြီး ခဲယမ်း ၃၆ မက်ထရစ် တန် (တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂ဝ မီလီယံ) အသုံးပြု ခဲ့သည်။ ၄င်းလေ့ကျင့်ခန်း အား ၁၉၆၆ ခုနှစ်မှ စတင်၍ ဂျပန်ပြည်သူ လူထုက ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့အပေါ် ယုံကြည်မှုနှင့် နားလည်မှုကို တိုးမြှင့် နိုင်စေရန် ပြည်သူများအား ဖိတ်ကြား ပြသခဲ့ခြင်းဖြစ်ပြီး ယခု လေ့ကျင့်ခန်း ၌လည်း ပြည်သူလူထု ခြောက်သောင်း ကျော် တက်ရောက် လေ့လာကြည့်ရှု ခဲ့ကြသည်။

ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပြန်လည် ထွက်ခွာရာ တာဝန်ရှိ အရာရှိကြီး များနှင့် ပစ်အား သရုပ်ပြပွဲသို့ တက်ရောက် လာသော ပြည်သူများက နှုတ်ဆက် ခဲ့ကြပြီး တည်းခိုရာ ဟိုတယ်သို့ ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်တွင် ပြန်လည် ရောက်ရှိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

Thursday, April 9, 2015

တပ်မတော်(ရေ )မှ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 )ဆောင်ရွက်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုစဉ်

နေပြည်တော် ၊ ၉-၄-၂ဝ၁၅

တပ်မတော် အနေဖြင့် နိုင်ငံတော်၏ မြေထု၊ ရေထုနှင့်လေထုတို့ကို လုံခြုံစွာ ကာကွယ်စောင့် ရှောက်ရန် အင်အား တောင့်တင်း၍ စွမ်းရည် ထက်မြက် မြင့်မားသော တပ်မတော် တည်ဆောက် ရေးအတွက် အစဉ်အမြဲ အကောင်အထည်ဖော် လေ့ကျင့် တည်ဆောက်လျက် ရှိသည်။ ထိုသို့ လေ့ကျင့် တည်ဆောက်ရာတွင် တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ပင်လယ်ပြင် ရေထု၊ လေထုအတွင်း အချုပ်အခြာ အာဏာ ခိုင်မာစေရန် နှင့် နိုင်ငံတော်၏ ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ရည်ရွယ်၍ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2015) အား ယမန်နေ့ နံနက်ပိုင်း၌ မြန်မာ့ရေပိုင်နက် မာန်အောင်ကျွန်း အနီး (ကျောက်ဖြူဒေသ) ပင်လယ်ပြင်တွင် စစ်ရေယာဉ် ၂ဝ ကျော်ဖြင့် လေ့ကျင့်ရေး ဆောင်ရွက်ခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ရေ)အား ဂုဏ်ပြုသော အားဖြင့် တပ်မတော်(ရေ) ဝတ်စုံ ဝတ်ဆင်၍ တက်ရောက် ကြည့်ရှုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် သတင်း မီဒီယာများ တက်ရောက် ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
စစ်ရေယာဉ် အောင်ဇေယျပေါ်တွင် လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေတပ်မမှူး က
 လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာကို ရှင်းလင်း တင်ပြစဉ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း 
( Combined Fleet Exercise - Sea Shield 2015 ) သို့ တက်ရောက်ကြသူများ 
အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်စဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေယာဉ် အောင်ဇေယျပေါ်သို့ ရောက်ရှိပြီး တာဝန်ကျတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ သည်။ ထို့နောက် စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား လေ့ကျင့်ခန်းကို ဦးဆောင်မည့် တာဝန်ရေတပ်မမှူး က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ဖြစ်စဉ် အကြောင်းအရာ ကို ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေငုပ်အထူး တပ်ဖွဲ့ ( NAVY SEALs ) က ရန်သူ့ နယ်မြေ အတွင်းရှိ ဆီတင်ရေယာဉ် တစ်စီးအား စီးနင်း၍ ဖောက်ခွဲနစ်မြှုပ် ပိတ်ဆို့ခြင်း လေ့ကျင့်ခန်းအား ကြည့်ရှုကြသည်။

ဆက်လက်၍ တာဝန်ရေ တပ်မမှူးနှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည်ထွက်ခွာပြီး လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

လေ့ကျင့်ရာတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်များ လက်တွေ့ ပစ်ခတ်ခြင်း၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြင့် လက်တွေ့ ပစ်ခတ်ခြင်း၊ ၁ဝဝ မီလီမီတာ အမြောက်ကြီး များဖြင့် လက်တွေ့ ပစ်ခတ်ခြင်းများ အပါအဝင် ပစ်မှတ်ရေယာဉ် တစ်စီးအား ပဲ့ထိန်းဒုံးပျံဖြင့် လက်တွေ့ပစ်ခတ် နစ်မြှုပ်ခြင်းများ လေ့ကျင့် ဆောင်ရွက် နိုင်ခဲ့သည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက စစ်ရေယာဉ် အောင်ဇေယျ ပေါ်တွင် စီးနင်း လိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စစ်ရေယာဉ် အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် အောင်ဇေယျ ပေါ်မှ စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) တွင်ပါဝင် ခဲ့ကြသော စစ်ရေယာဉ်မှူး များနှင့် အရာရှိ၊ စစ်သည်များအား လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း 
( Combined Fleet Exercise - Sea Shield 2015 ) တွင် ပါဝင်ခဲ့ကြသော စစ်ရေယာဉ်မှူး 
များနှင့် အရာရှိ ၊ စစ်သည်များအား လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားစဉ်


စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) လေ့ကျင့် ဆောင်ရွက်စဉ်

ထိုသို့ ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က Sea Shield - 2015 လေ့ကျင့်ခန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် အတွက် ပါဝင်ကြသည့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၊ စစ်ရေယာဉ် အဖွဲ့များ အားလုံးကို ချီးကျူးဂုဏ်ပြု မှတ်တမ်းတင် ပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကမ်းရိုးတန်း အရှည် ၁၂၄၇ မိုင်၊ မြန်မာ့ပိုင်နက် ပင်လယ် အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၄ဝဝဝ ကျော် ရှိပါကြောင်း၊ ၄င်းအပြင် ကျွန်းပေါင်း ၁၂ဝဝ ကျော်ရှိပြီး ရေပေါ်ရေအောက် သယံဇာတ များစွာရှိ၍ ရေကြောင်း အကျိုးစီးပွား များပြားပါကြောင်း၊ တည်နေရာ အရလည်း အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်စပ်တည်ရှိပြီး မဟာဗျူဟာ အရ အရေးပါခြင်း တို့ကြောင့် ဖြစ်လာနိုင်ဖွယ် ရှိသော ရန်ပြုမှု မှန်သမျှကို ရင်ဆိုင်နိုင်ရန်၊ ကာကွယ်နိုင်ရန် တပ်မတော်(ရေ) အနေဖြင့် ပြင်ဆင်လေ့ကျင့် နေရမည် ဖြစ်ပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် အမြဲအသင့် ဖြစ်စေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) ကို အင်အား တည်ဆောက်ပေးခြင်း၊ ယင်း အင်အားများကို လေ့ကျင့်ပေးခြင်း၊ တပ်များ၏ စွမ်းရည်မြှင့်တင် ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တပ်မတော်(ရေ) အနေဖြင့်လည်း အသင့်ဖြစ်မှု ၃ခု ဖြစ်သည့် တပ်ဖွဲ့ဝင်များ အသင့် ဖြစ်မှု၊ စစ်ရေယာဉ်များ အသင့်ဖြစ်မှု၊ အီလက်ထရောနစ် အသင့်ဖြစ်မှု များကို ရေတပ်သား အဆင့်မှ စစ်ရေယာဉ်မှူး များအထိ စဉ်ဆက်မပြတ် လေ့ကျင့် နေရမှာဖြစ်ကြောင်း၊ လေ့ကျင့်ရေး ဆိုသည်မှာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည် မြှင့်တင်သည့် အခန်းကဏ္ဍ ဖြစ်ပါကြောင်း၊ မည်သည့် အလုပ်မဆို လုပ်ငန်းနှင့် အကျွမ်းတဝင် ရှိမှသာ အောင်မြင်မှု ရမှာဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာတွင် တပ်မတော်(ရေ) အနေဖြင့် ရေပြင်၊ ရေအောက်၊ ကမ်းခြေ စစ်ဆင်ရေး များကို အီလက်ထရောနစ် စစ်ဆင်မှုဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုကြောင်း၊ ယင်း အကြောင်းအချက် အားလုံးကို အကျွမ်းတဝင် ရှိမှသာ ရည်မှန်းချက် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း၊ Maritime Security သည် သက်ဆိုင်ရာ တိုင်းပြည် သာမက နိုင်ငံတကာ ကပါ စိတ်ဝင်စား ပါကြောင်း၊ ၄င်းအပြင် HADR ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ မှာလည်း မလွဲမသွေ ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်၍ ယင်းလုပ်ငန်း တာဝန်များကို နိုင်ငံတော်နှင့် တပ်မတော် အနေဖြင့် တပ်မတော်(ရေ) ၏ တည်ဆောက်ရေး အပိုင်းကို လုပ်ဆောင်ပေး နေပြီး တပ်များ၏ စွမ်းရည် မြင့်မားရေးကို တစ်ဦးချင်း လေ့ကျင့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်း၏ အားသာချက်၊ အားနည်းချက် များကို သေချာစွာ ဖော်ထုတ်၍ ရေတပ် စွမ်းပကား မြင့်မားရေး အတွက် တပ်မတော်(ရေ) ၏ ဆောင်ပုဒ် ဖြစ်သည့် ရွှေပင်လယ်ကို ကာကွယ် စောင့်ရှောက် နိုင်စွမ်း ရှိသူများဖြစ်အောင် ကြိုးစားအားထုတ် လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြုဆုငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် စစ်ရေယာဉ် ၂၁ စီးဖြင့် Sea Shield 2014 အား ဆောင်ရွက် နိုင်ခဲ့ပြီး ယမန်နေ့ ပြုလုပ်ခဲ့သည့် စစ်ရေယာဉ် တပ်ပေါင်းစု ပင်လယ်ပြင် စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exercise - Sea Shield 2015 ) တွင် စစ်ရေယာဉ် မျိုးစုံ ၂၂ စီး အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၈၆ ဦးတို့ ပါဝင်လေ့ကျင့် ခဲ့ကြသည်။

နိုင်ငံတော်ပိုင် ပင်လယ်ပြင်အား မည်သည့် ကျူးကျော်မှုမျိုး ကိုမဆို ကာကွယ်နိုင်ရေး နှင့် ပင်လယ်ပြင်မှ အမျိုးသား အကျိုးစီးပွားများကို ကာကွယ်နိုင်ရေး အတွက် ပင်လယ်ပြင် ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း များကို နှစ်စဉ်ပြုလုပ်၍ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်စေပြီး ပစ်ခတ်မှုနှင့် လက်တွေ့ စစ်ကစားလှုပ်ရှားမှု ပေါင်းစပ် လေ့ကျင့်ခြင်းဖြင့် စစ်ရေယာဉ်နှင့် စစ်သည်များ စွမ်းရည်ကိုလည်း တိုးမြင့်စေမည် ဖြစ်ကြောင်း သိရှိရသည်။

စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း ( Combined Fleet Exercise - Sea Shield 2015 ) လေ့ကျင့် ဆောင်ရွက်စဉ်





#Themyawadydaily

Sunday, March 22, 2015

ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း ( Combined Fleet Exercise ) ဆောင်ရွက်ရန်အတွက် သတိပေးချက် ထုတ်ပြန်



နေပြည်တော် ၊ ၂၂-၃-၂၀၁၅

တပ်မတော်(ရေ ) စစ်ရေယာဉ်များသည် ၂ဝ၁၅ ခုနှစ်၊ မတ် ၂၇ ရက်မှ ဧပြီ ၆ ရက်အတွင်း ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း များအား မာန်အောင်ကျွန်း အနောက်ဘက် ရေပြင်တွင် လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point AA မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ်၊ Point BB မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ် ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက် တို့အား ထုတ်ပြန် ကြေညာ ထားရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ ငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ် သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ် များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်း ငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာအပ် ပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, June 25, 2014

ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့အဖွဲ့လိုက် သင်္ဘောရွက်လွှင့် မောင်းနှင်မှုတွင် စင်ကာပူရေတပ် ပါဝင်လေ့ကျင့်



စင်ကာပူ ၊ ၂၅-၆-၂၀၁၄

စင်ကာပူ ရေတပ်မှ S-70 B Seahawk ရေတပ် ရဟတ်ယာဉ် တစ်စင်း တင်ဆောင် လာသော Formidable အတန်းအစား RSS Intrepid ကိုယ်ပျောက် ဖရီးဂိတ် သင်္ဘောတစ်စီး သည် ဇွန်လ ၁၄ ရက်မှ ၂၄ ရက်အထိ
ဂူအမ်ကျွန်း မှ ဟာဝိုင်အီကျွန်း သို့ အဖွဲ့လိုက် သင်္ဘော ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။ 

ထို့အပြင် ဘရူနိုင်း၊ တရုတ်နှင့် အမေရိကန် ရေတပ်တို့မှ စစ်သင်္ဘော ၈ စီးတို့လည်း အဆိုပါ ရွက်လွှင့် မောင်းနှင်မှု တွင် ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရသည်။ ရွက်လွှင့် မောင်းနှင်မှု ပြုလုပ်စဉ် အမြောက် ပစ်ခတ်မှုများ နှင့် လှုပ်ရှား စစ်ကစားမှု လေ့ကျင့်ခန်း များကဲ့သို့သော ရေတပ်ဆိုင်ရာ စစ်ဆင်မှု များကို ဆက်တိုက် ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောများ သည် ဟာဝိုင်အီကျွန်း ကမ်းလွန်၌ ဇွန်လ ၂၆ ရက်မှ သြဂုတ်လ ၁ ရက်အထိ အမေရိကန် နိုင်ငံက ဦးစီး ပြုလုပ်မည့် Rim of the Pacific ရေတပ် စစ်ရေး လေ့ကျင့်ခန်း တွင်လည်း ပူးပေါင်း ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဖွဲ့လိုက် ရွက်လွှင့် မောင်းနှင်မှုသည် စင်ကာပူ ရေတပ်အတွက် ဘရူနိုင်း၊ တရုတ်၊ အမေရိကန် နိုင်ငံ ရေတပ်တို့နှင့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် အခွင့်အရေး တစ်ရပ် ဖြစ်စေပြီး ၄ နိုင်ငံ ရေတပ်ဖွဲ့များ အကြား အပြန်အလှန် ဆက်ဆံရေး ပိုမို တောင့်တင်း ခိုင်မာ စေခဲ့ကြောင်း နှင့် ပင်လယ်ပြင် တွင် အပြန်အလှန် အကျိုးပြုမှုများ ဆောင်ရွက် ရာ၌လည်း ရေတပ် အမျိုးမျိုးမှ တပ်ဖွဲ့ဝင်များ အကြား အပြန်အလှန် ယုံကြည်မှု နှင့် နားလည်မှု ပိုမို ခိုင်မာ စေနိုင်ကြောင်း RSS Intrepaid သင်္ဘော အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်မှူးကြီး Aaron Beng ကပြောကြားခဲ့ပါသည်။

#Themyawadydaily

Sunday, March 23, 2014

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထု တို့ကို လုံခြုံစွာ ကာကွယ်ရေးနှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ကြိုးစားဆောင်ရွက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ်များ ပူးပေါင်း လေ့ကျင့်ခန်း 
( Combined Fleet Exercise-Sea Shield 2014 ) 
အား ကြည့်ရှု စစ်ဆေးစဉ်


နေပြည်တော် ၊ ၂၃-၃-၂၀၁၄

တပ်မတော်(ရေ)မှ နိုင်ငံတော်ပိုင် ရေပြင် နယ်နိမိတ် ပင်လယ်ပြင် အတွင်း ရေထု၊ လေထုတို့ကို လုံခြုံစွာ ကာကွယ်ရေး နှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက် လာစေရန် ရည်ရွယ်၍ စစ်နည်းဗျူဟာ အဆင့် စစ်ရေယာဉ် များ ပူးပေါင်း လေ့ကျင့်ခန်း (Combined Fleet Exercise-Sea Shield 2014) အား ယမန်နေ့ နံနက်ပိုင်း၌ မြန်မာရေပိုင်နက် (ကိုကိုးကျွန်း ဒေသ)တွင် ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှု စစ်ဆေးသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေယာဉ်- အောင်ဇေယျ ပေါ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လေ့ကျင့်ခန်းကို ဦးဆောင်သည့် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးအောင်က လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး က လေ့ကျင့်ခန်း နှင့် ပတ်သက်၍ 
အကြောင်းအရာ ဖြစ်စဉ်ကို ရှင်းလင်း တင်ပြစဉ်

ထို့နောက် လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး နှင့် စစ်ရေယာဉ်မှူး များသည် သက်ဆိုင်ရာ စစ်ရေယာဉ် များသို့ ပြန်လည် ထွက်ခွာပြီး လေ့ကျင့်ခန်းအား အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ကြိုတင် ပြင်ဆင်ခြင်းမှ စတင်၍ ရန်သူ့ ရေယာဉ်များထံ ချီတက် ချဉ်းကပ်ခြင်း၊ ရန်သူ ရေယာဉ်များနှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း၊ ရေယာဉ်များ ပြန်လည် စုဖွဲ့ခြင်း၊ ပြင်ဆင်ခြင်း တို့ကို အပိုင်းလိုက် ဆောင်ရွက် ခဲ့သည်။ ရန်သူကို ချေမှုန်းရန် စတင် ချီတက်ချိန်မှ ချေမှုန်း ပြီးစီးချိန်ထိ Single Line Formation ၊ Diamond Formation ၊ Circular Formation ၊ Cruising Formation ၊ Formation Arrow Head နှင့် Line Abreast Formation များဖြင့် ရန်သူ၏ တုံ့ပြန် တိုက်ခိုက်မှု အလိုက် တပ်ဖြန့် စစ်ကစားမှုများ လေ့ကျင့်ခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ အပိုင်းများ အလိုက် ရှေ့ပြေး ကင်းထောက်မှု နှင့် ယောင်ပြ တိုက်ခိုက်မှုများ၊ အီလက်ထရွန်နစ် စစ်ဆင်မှုများ၊ လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ရေငုပ်သင်္ဘော ရန် ကာကွယ်ရေး စစ်ဆင်မှုများ၊ ဒုံးပျံ/ မြန်နှုန်းမြှင့် ပစ်မှတ် ရေယာဉ်များရန် ကာကွယ်ရေး စစ်ဆင်မှုများကို အဆင့်ဆင့် လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ရာတွင် သင်္ဘော တစ်စင်းအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်တွေ့ ပစ်ခတ်ခြင်း အပါအဝင် လက်တွေ့ ပစ်ခတ်မှု အများအပြားဖြင့် လေ့ကျင့်ခဲ့သည်။

လေ့ကျင့်ခန်း ပြီးဆုံးချိန်တွင် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက စစ်ရေယာဉ် - အောင်ဇေယျ ပေါ်တွင် စီးနင်း လိုက်ပါ လာသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Fleet Review ဖြင့် ချီတက် အလေးပြု ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 လေ့ကျင့်ခန်း တွင်ပါဝင်ခဲ့သည့် စစ်ရေယာဉ်များက 
Fleet Review ဖြင့် ချီတက် အလေးပြုစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် - အောင်ဇေယျ ၏ ဧည့်သည်တော် မှတ်တမ်းတွင် လေ့ကျင့်ခန်း အထိမ်းအမှတ် အမှတ်တရ လက်မှတ် ရေးထိုးသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် - အောင်ဇေယျပေါ်မှနေ၍ လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော စစ်ရေယာဉ်မှူး များနှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ/ စစ်သည်များအား လေ့ကျင့်ခန်း များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကား ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 လေ့ကျင့်ခန်း ကွပ်ကဲရေးမှူး ၊ လေ့ကျင့်ခန်းတွင် ပါဝင် ဆောင်ရွက်ကြသော 
စစ်ရေယာဉ်မှူးများ နှင့် စစ်ရေယာဉ် အသီးသီးပေါ်ရှိ အရာရှိ စစ်သည်များအား
 လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် အမှာစကား ပြောကြားစဉ်


ထိုသို့ ပြောကြား ရာတွင် တပ်မတော်(ရေ) ၏ သမိုင်းတွင် အကောင်းဆုံး လေ့ကျင့်ခဲ့သည့် လေ့ကျင့်ခန်း အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ “မြန်မာ့ ပင်လယ် ဒို့ကာကွယ်”ဟူသော ဆောင်ပုဒ်နှင့် အညီ မိမိတို့၏ ပင်လယ်ပြင် ကို အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက် ကာကွယ် နိုင်သည်ကို သက်သေပြ နိုင်ခဲ့ကြောင်း၊ မြန်မာ့ ရေပိုင်နက် သည် ကြီးမား ကျယ်ပြန့် သောကြောင့် တပ်မတော် (ရေ) သာမက တပ်မတော် (ကြည်း) နှင့် တပ်မတော်(လေ) တို့ပါ ပူးပေါင်း ကာကွယ်ရမည် ဖြစ်ကြောင်း။

ယခင်က ရေပြင်ပိုင်နက်ကို ကာကွယ်ရာတွင် သင်္ဘောသေး များဖြင့် ကမ်းခြေမှ ကာကွယ်ရခြင်း ဖြစ်၍ ရန်သူအတွက် အခြေအနေ ဖန်တီးနိုင်ခွင့် ပိုမိုရရှိစေကြောင်း၊ ယခု လေ့ကျင့်ခန်း တွင် ရန်သူ၏ အခြေအနေ ဖန်တီး နိုင်ခွင့်ကို ပိုင်နက် ရေပြင်တွင် ဟန့်တား ဖျက်ဆီး နိုင်သည့် အခွင့်အရေးကို တပ်မတော်(ရေ) အနေဖြင့် ရယူ ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ ပိုပြီး ဝမ်းမြောက် ဂုဏ်ယူရသည်မှာ မြန်မာ့ တပ်မတော်မှ တည်ဆောက် ထုတ်လုပ်သည့် စစ်ရေယာဉ် များကို အမာခံထား လေ့ကျင့် ဆောင်ရွက် နိုင်ခြင်း ဖြစ်ကြောင်း။

အာရှ၊ ပစိဖိတ်ဒေသ သည် ကမ္ဘာပေါ်တွင် အရေးပါသော နေရာဒေသ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သည်လည်း အာရှ၊ ပစိဖိတ်ဒေသ ကို ထိန်းချုပ်ရာတွင် မဟာဗျူဟာ အရ ဆက်စပ် အရေးပါကြောင်း၊ နိုင်ငံတော်၏ ရေပြင်/ လေပြင် / မြေပြင် ပိုင်နက် သုံးခုလုံးအား သူ့နေရာ နှင့်သူ ထိန်းသိမ်း ကာကွယ်နိုင်ရန် လိုကြောင်း၊ အနာဂတ်တွင် Blue Water Navy ကို သွားနိုင်ရမည် ဖြစ်ကြောင်း၊ စစ်၏ အခြေခံ သဘောတရား ဖြစ်သည့် ပစ်အားနှင့် စစ်ကစားမှု ကို ပိုင်နိုင်စွာ ပေါင်းစပ် အသုံးချ ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ခန်း တွင် ပါဝင်ေ ဆာင်ရွက် ကြသည့် အရာရှိ/ စစ်သည် များသည် တပ်မတော်၏ သမိုင်းကြောင်းကို ပစ္စုပ္ပန် ကာလတွင် ကိုယ်တိုင်ပါဝင် ရေးသား နေသူများ ဖြစ်ကြောင်း၊ ယခု လေ့ကျင့်ခန်း ကို အလေးအနက် ထား ဆောင်ရွက်ပြီး နောင်တွင် ယခုထက် ပိုမို ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက် ခြင်းဖြင့် အနာဂတ် မျိုးဆက်သစ် များအတွက် လက်ဆင့်ကမ်း အမွေများ ပေးဝေ ရမည် ဖြစ်ကြောင်း၊ အချုပ်အားဖြင့် ဤ လေ့ကျင့်ခန်းသည် တပ်မတော် (ရေ)၏ အခန်းကဏ္ဍကို သမိုင်းတစ်ခေတ် ဖော်ဆောင် နိုင်သည်ဟု ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်ခန်း တွင် ပါဝင်သည့် အရာရှိ/ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေ နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

ယခု လေ့ကျင့်ခဲ့သည့် Combined Fleet Exercise-Sea Shield 2014 သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် ကြည်း၊ လေ၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း နှင့် ဆက်စပ် လေ့ကျင့် ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ခန်း တွင် ထောက်ပံ့ရေး စစ်ရေယာဉ်များ အပါအဝင် စစ်ရေယာဉ် မျိုးစုံ ၂ဝ စင်း ပါဝင် လေ့ကျင့် ခဲ့ကြောင်း သိရှိရသည်။




စစ်နည်းဗျူဟာအဆင့် စစ်ရေယာဉ် လေ့ကျင့်ခန်း  ( Combined Fleet Exercise-Sea Shield 2014 ) မှ ရန်သူ့ရေယာဉ်များထံ ချီတက်ချဉ်းကပ်ခြင်း ၊ ရန်သူ့ရေယာဉ်များ နှင့် ရေပြင် တိုက်စစ် ဆင်နွှဲခြင်း လေ့ကျင့်စဉ် 


Related Posts Plugin for WordPress, Blogger...