-
ရန်ကုန် ဇန်နဝါရီ ၁၃
-
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပေး ချေသည့် ကတ်စနစ်ကို ဇွန်လမှသာ စတင်အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင် အောင်ထံမှ သိရသည်။ YBS ယာဉ်လိုင်းများတွင် လက်ရှိအသုံးပြုနေသော ပုံးအတွင်း ပိုက်ဆံထည့်သည့် စနစ်အစား ကတ်စနစ်ကို ယခုလအတွင်း စမ်းသပ်မှု ပြုလုပ်မည်ဖြစ်ပြီး ဇွန်လမှသာ ယာဉ်လိုင်းအားလုံး ယင်းစနစ်ကို စတင်အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။
-
''ကတ်စနစ်က အသုံးပြုဖို့အားလုံးအဆင်သင့်ဖြစ်နေပြီ။ဗဟိုဘဏ်ကလည်းခွင့်ပြုချက်ရပြီဆို တော့ ဇန်နဝါရီ ၁၆ ရက် YBS ပြေးဆွဲတဲ့ နှစ်နှစ်ပြည့် အခမ်းအနားမှာ ကြေညာဖို့ရှိတယ်။ ဒီစနစ်က ဘာကြောင့် ကြန့်ကြာနေရတာလဲ ဆိုတဲ့အကြောင်းကို သေချာရှင်းပြပါမယ်။ အဲဒီနေ့ မှာပဲ နမူနာအနေနဲ့ စမ်းသပ်ပြမယ်။ မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ကားတွေမှာ အရင်စမ်းသပ် ပြမယ်။ အဲဒါပြီးရင်ဖြည်းဖြည်းချင်း ကတ်စနစ်နဲ့သွားမယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်ပန်းသဉ္ဇာမျိုးက ပြောသည်။
-
YBS ယာဉ်လိုင်းအားလုံးကတ်စနစ်အသုံးပြုမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ Asia Starmar Transport Intelligent ကုမ္ပဏီအား တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီအဖြစ် ရွေးချယ်ကာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။ '' YBS ကားတွေမှာ ကတ်စနစ်ကို လက်ရှိ စမ်းသပ်တပ်ဆင် အသုံးပြုတဲ့ အဆင့်ပဲလုပ်မှာပါ။ တကယ်အသုံးပြုမှာက ဇွန်လလောက်မှ စပြီးအသုံးပြုမှာပါ'' ဟု ဒေါက်တာ မောင်အောင်က ပြောသည်။
-
ယာဉ်စီးခပေးချေသည့် ကတ်စနစ်ကို ယာဉ်အစီးရေ ၄ဝဝဝ တွင် အသုံးပြုမည်ဖြစ် ရာ စီးနင်းမည့် ခရီးသည်များအတွက် ကတ်နှစ်သန်းခန့် ထုတ်လုပ် ရောင်းချပေးမည်ဖြစ် ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှာ ဇန်နဝါရီ ၁၆ ရက်တွင် နှစ်နှစ်ပြည့်ပြီဖြစ်၍ ယင်းအခမ်းအနား၌ မီဒီယာများနှင့် အခမ်းအနားတက် ရောက်လာသူများအားခရီးသည်များ ကတ်စနစ်နှင့် ပတ်သက်၍ အသုံးပြုပုံများကို မိတ်ဆက်ရှင်းလင်း ပေးမည်ဖြစ်ကြောင်းသိရသည်။
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment