-
ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၃
-
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီးဖလား ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲကိုယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
-
အဆိုပါဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ နေရာယူပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင်အားကစား အသင်းများကနိုင်ငံတော်အလံကို အလေးပြုကြသည်။ ဆက်လက်၍ကျောင်းအုပ်ဆရာမကြီးထံ တန်းအပ်ခြင်းဆောင်ရွက်ပြီး ၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ် အစိုးရစက်မှုလက်မှု သိပ္ပံ(ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီးဖလား ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျောင်းအုပ်ဆရာမကြီးက ဖွင့်လှစ်ပေးသည်။
-
ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အားကစားအသင်းများအား လိုက်လံမိတ်ဆက် အားပေးပြီး ပြိုင်ပွဲဝင် အသင်းများက အားကစားအဓိဋ္ဌာန်များ ရွတ်ဆိုကြသည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီးအသင်းဝင် ဘောလုံးသမားများကို ဘာသာရပ်အလိုက် ကျောင်းသူလေးများက ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများ ပေးအပ်ကြသည်။
-
ယင်းနောက် MP(A)အသင်းနှင့် EP(A)အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီးဖလား ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို Civil (A) ၊Civil(B) ၊ MP(A) ၊ MP(B) ၊ EC(A) ၊ EC(B) ၊ EP(A) ၊ EP(B)ဟူ၍ ပြိုင်ပွဲဝင်အသင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment