Social Icons

Pages

Monday, January 14, 2019

ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ပူတာအိုမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်  ပူတာအိုမြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
-
နေပြည်တော်  ဇန်နဝါရီ  ၁၃ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည်  ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း၊ အခြေခံ အိမ်တွင်းမှု စက်ချုပ်နှင့် သိုးမွေးထိုးသင်တန်းတို့ တွင်တက်ရောက်နေသော သင်တန်းသူများ၏ သင်ကြား လေ့ကျင့်နေမှုများ၊ သင်တန်းသူ အိပ်ဆောင်နှင့် စားရိပ်သာတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
-
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူ တစ်ဦးက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး  တို့ကိုတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ဖြည့်ဆည်းပေးပြီး ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာ အပြင် စည်းကမ်း၏တန်ဖိုး၊   အချိန်ကို တန်ဖိုးထား စနစ်တကျ ခွဲဝေအသုံးချရေး၊  ပေါင်းသင်းဆက်ဆံရေးနှင့်  ကျန်းမာ သန်စွမ်းရေး တို့ကို လေ့ကျင့်ပေးသည့် အပြင် စာဖတ်ခြင်းအလေ့အကျင့် ကောင်းများကို ပြုစုပျိုး ထောင်ရန် မှာကြားပြီး ကျောင်းသား၊  ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးသည်။ 
-
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည်  နယ်စပ်ဒေသနေ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသ လူငယ်များ ပိုမိုလက်ခံ သင်ကြားပေးနိုင် ရေးအတွက် ဆောက်လုပ်လျက်ရှိသော ကျောင်းသားသုံးထပ် အိပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ  တာဝန်ရှိသူ တစ်ဦးက တည်ဆောက်ရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။ 
-
ထို့နောက်  ပြည်ထောင်စု ဝန်ကြီးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင်သို့သွား ရောက်နိုင်မည့် အထက်ရှန် ခေါင်- ဝါဆာဒမ်း- နမ်ရိုထု-ဇီယာဒမ်း မြေသားလမ်း ၂၂ မိုင်အနက် ဆောင်ရွက်ပြီးစီး နေသော မြေသားလမ်း (၁/၇)မိုင်ကို ကြည့်ရှု စစ်ဆေးသည်။ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ၂ဝ၁၈- ၂ဝ၁၉ (ပထမခြောက်လ) ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်နေသော  ပူတာအို- နမ်ထွမ်ခူး ကျောက်လမ်း (၇/၄)မိုင် တည်ဆောက်ပြီးစီးမှု၊ ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာ အုပ်စုနှင့် မကပ်မုန် ကျေးရွာအုပ်စု ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း၊ လန်းတောင်ကျေးရွာ အုပ်စုမှ မာမိန်ကျေးရွာနှင့် မာမိန် ရှီးဒီကျေးရွာချင်း ဆက်လမ်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်ချက်များနှင့် ဇီးအွန်-လန်းတောင် ကျောက်လမ်းဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။ 
-
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသများ၏ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း  ရေရှည် တည်တံ့မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...