Social Icons

Pages

Friday, December 7, 2018

သူ့ရွာ သူ့စာ သူ့အရပ် သူ့ဇာတ်ကို အလေးထား

-
နေပြည်တော် ဒီဇင်ဘာ ၇
-
စက်မှုဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများမှ လူဦးရေ ၁၆၇ သန်း နေထိုင်လျက်ရှိသော ဂျပန်နိုင်ငံတွင် လုပ်သား လိုအပ်ချက်ကို ဖြည့်ဆည်းရန် နိုင်ငံခြားသားများ ခေါ်ယူရေးကို အောက်လွှတ်တော်တွင် အချိန်ကြာမြင့်စွာ ဆွေးနွေးကြပြီးနောက် ၂ဝ၁၉ ခုနှစ် ဧပြီမှစတင်ခေါ်ယူရန် သဘောတူညီချက် ရပြီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အချို့၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းစာ တစ်စောင်က ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြထားသည်။
-
ဂျပန်နိုင်ငံသို့ နိုင်ငံခြား လုပ်သားများ ခေါ်ယူရန် လူဝင်မှု ဥပဒေသစ်ကို နိုဝင်ဘာ ၂ ရက်က ပြဋ္ဌာန်းလိုက်သဖြင့် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ အထွေထွေ လုပ်သားများ (Blue-Color workers)ကို ပြည်ဝင်ဗီဇာ နှစ်မျိုးဖြင့် ဝင်ခွင့်ပြုပြီး လုပ်ငန်းကဏ္ဍ ၁၄ မျိုး၌ လုပ်ကိုင်နေထိုင်ခွင့် ငါးနှစ်မှ ၁ဝ နှစ်အထိ ခွင့်ပြုမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်နေသော ဂျပန်နိုင်ငံကို ပို၍တိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်လျက်ရှိရာ လုပ်သားလိုအပ်ချက်နှင့် အသက်အရွယ်ကြီးရင့်သူ ဦးရေတိုးပွားလာခြင်းကြောင့် ကြုံတွေ့နေရသော အခက်အခဲကို ကျော်လွှားနိုင်ရန် လူဝင်မှုဥပဒေသစ် ပြဋ္ဌာန်းလိုက်ပြီဖြစ်သော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိ၊ မရှိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နွေရာသီ အိုလံပစ်ပွဲတော် နီးကပ်လာသည်နှင့်အမျှ လုပ်သားလိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ရေး အမြန်ဆောင်ရွက်ရမည်မှာ ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မဖြစ်မနေ တာဝန်ယူရမည့်ကိစ္စဖြစ်သည်။ ဂျပန်နိုင်ငံက ယခုခေါ်ယူမည့် လုပ်သားများအတွက် လုပ်ငန်း အမျိုးအစားများမှ ကျွမ်းကျင်အဆင့် ရှိရမည့် လုပ်ငန်းများမှာ အတိုင်ပင်ခံလုပ်ငန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ငွေကြေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းတို့ ပါဝင်ကြပြီး ဆောက်လုပ်ရေး လုပ်သားနှင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် လုပ်သားများလည်း ခေါ်ယူမည်ဖြစ် သည်။ အထက်ပါလုပ်ငန်းများသို့ သွားရောက် လုပ်ကိုင်လိုသူများသည် ဂျပန်ဘာသာကို အပြောနှင့်အရေးပါ ကျွမ်းကျင်ရန် လိုအပ်သဖြင့် ယခုအချိန်မှစ၍ သင်ယူလေ့လာ ထားကြရမည်ဖြစ်ကြောင်း သိရသည်။
-
မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင် ရှာဖွေလျက်ရှိကြရာ တရားဝင်သွားသူများ၊ တရားမဝင်သော နည်းလမ်းဖြင့် သွားသူများဟူ၍ရှိကြသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရင်း ခွင့်ပြုသက်တမ်း ကုန်ဆုံးသွားသော အမျိုးသား ၃၂ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ကို နိုဝင်ဘာ၂ဝ ရက် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီရဲတပ်ဖွဲ့နယ်ခြားစောင့်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဌာနခွဲ(၇) ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်၌ စနစ်တကျပြန်လည် လွှဲပြောင်းပေးကြောင်းသိရသည်။ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများမှ အထောက်အထားမဲ့ဖြစ်နေသူများ၊ ဗီဇာသက်တမ်း ကျော်နေသူများ၊ အလည်ဝင်ရောက် ခွင့်ပြုထားသည့်ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသူများ စသည့် ပုံစံအမျိုးမျိုးရှိနေသည့် တရားမဝင်လုပ်သားများရှိကြသည်။ အဆိုပါတရားမဝင် လုပ်သားများကို ထိုင်းအစိုးရက ထိုင်းရိုးရာ မီးမျှောပွဲမတိုင်မီ ရှာဖွေဖမ်းဆီးမှုများ နေရာတိုင်း ပြုလုပ်မည်ဖြစ်သဖြင့် နေရပ်ပြန်လာသည့် မြန်မာလုပ်သားများမှာ နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ လူဦးရေ ၂ဝဝဝ ဝန်းကျင်အထိ ရှိကြောင်း မီဒီယာများတွင်ဖော်ပြထားသည်။ ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသား စီမံခန့်ခွဲမှု ဥပဒေသစ်အရ တရားမဝင် လုပ်သားဖမ်းဆီးမှုကို မကြာခဏပြုလုပ်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်အတွင်း နေရပ်ပြန်မြန်မာလုပ်သားဦးရေ သောင်းချီရှိကြောင်း သိရသည်။
-
ဒေသတွင်း မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာနိုင်ငံသား ၁၄၅ ဦးတို့အား ထိုင်းနိုင်ငံ ရနောင်းခရိုင် ကလပ်ဘူလီမြို့နယ်၌ နိုဝင်ဘာ၁၄ ရက် နံနက် ၁ နာရီတွင် ထိုင်းနိုင်ငံအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပုဂ္ဂလိကသတင်းစာ တစ်စောင်၌ ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ နေထိုင်ကြသူများဖြစ်ပြီး ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ စက်လှေဖြင့် ခိုးဝင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
-
အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများသည် သူ့ရွာနှင့်သူ့စာ၊ သူ့အရပ်နှင့်သူ့ဇာတ် ဆိုရိုးစကားကို အလေးထား၍ မိမိသွားရောက် အလုပ်လုပ်ကိုင်မည့် နိုင်ငံသုံး ဘာသာစကားနှင့် စာပေကျွမ်းကျင်မှု ရှိအောင် ကြိုတင်သင်ယူ လေ့လာကြရမည်ဖြစ်သည်။ ထို့အတူ သက်ဆိုင်ရာ နိုင်ငံက ပြဋ္ဌာန်းထားသော တရားဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လူမှုရေးကျင့်ဝတ်တို့ကိုလည်း စောင့်ထိန်းကြရမည်ဖြစ်သည်။ သို့မှသာ တစ်ရွာပြောင်း၍ သူကောင်းဖြစ်နိုင်ကြောင်း မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...