Social Icons

Pages

Tuesday, November 13, 2018

TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာရှိ KANE GEM STONE ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်

TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာရှိ Kane Gem Stone  ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်
-
နေပြည်တော်  နိုဝင်ဘာ  ၁၂
-
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာရှိ မန္တလေးမြို့နေ ဦးအိုက်လှ ပိုင်ဆိုင်သည့် Kane Gem Stone ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ  ဝန်ထမ်း ၂ ဦးအား  TNLAအကြမ်းဖက် သောင်းကျန်းသူများက နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဆက်ကြေးတောင်းခံစာ ပေးပို့ထားခြင်းနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
-
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် ညနေ ၅  နာရီခွဲခန့်တွင် TNLA  အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးတို့သည် အရပ်ဝတ်များဖြင့် ပစ္စတို ၁ လက်၊  လက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်လျက် ဆိုင်ကယ် ၂ စီးမောင်းနှင်၍ ကျပ်ပြင်ကျေးရွာရှိ အဆိုပါကုမ္ပဏီ လုပ်ကွက်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း၊ ကုမ္ပဏီဝန်ထမ်း ၆ ဦးအား နားနေဆောင်ရှေ့တွင် စု၍ထိုင်ခိုင်းပြီး  လွန်ခဲ့သည့်  ၇  လခန့်က ၎င်းတို့ TNLAအကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ကုမ္ပဏီထံသို့ ဆက်ကြေးပေးဆောင်ရန်  အကြောင်းကြားစာ ပေးပို့ထားခဲ့သော်လည်း ကုမ္ပဏီမှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခဲ့ခြင်းမရှိသည့်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး မန်နေဂျာ ဦးအောင်စည် ၃၅ နှစ်၊ (ဘ) ဦးအောင်ခိုင် နှင့် ဒုတိယမန်နေဂျာ ဦးဌေးလွင် ၄ဝ နှစ်၊ (ဘ) ဦးကျော်မြင့်တို့နှစ်ဦးကို ကုမ္ပဏီပိုင် လင်ခရူဇာအမျိုးအစား မော်တော်ယာဉ်၊ MDY/8K----ယာဉ်နှင့်အတူ ကျပ်ပြင်-မိုးကုတ်-မိုးမိတ်ကားလမ်းအတိုင်း ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ တိုင်ကြားပါက ကုမ္ပဏီအား မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
-
သို့ဖြစ်၍ မော်တော်ယာဉ်နှင့်အတူ ကုမ္ပဏီဝန်ထမ်း ၂ ဦးအား ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်သွားသည့် TNLA အကြမ်းဖက် သောင်းကျန်းသူများအား ဖမ်းဆီးရမိစေရေး တပ်မတော်စစ်ကြောင်းများက ပိတ်ဆို့ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...