Social Icons

Pages

Tuesday, November 13, 2018

ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရ

ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း ကမ္ဘောဒီးယားအသင်းကို ဂိုးပြတ်အနိုင်ရ
-
ရန်ကုန် နိုဝင်ဘာ ၁၂
-
၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင်ကျင်းပရာ မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
-
မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့်ရှုံးနေသော်လည်း ဒုတိယပိုင်းတွင် လေးဂိုး ပြန်သွင်းကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
-
မြန်မာအသင်းသည် အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် အဖွင့်လှသွားပြီး ဆီမီးဖိုင်နယ် တက်ရောက်ရန် တွန်းအား ဖြစ်စေခဲ့သည်။ မြန်မာ  အသင်းနှင့်ပွဲကို ကမ္ဘောဒီးယားအသင်းနည်းပြချုပ် ဂျပန်လက်ရွေးစင်ဟောင်း ဟွန်ဒါ လာရောက် ကိုင်တွယ်ခဲ့သော်လည်း ရလဒ်ကောင်းမယူနိုင်ဘဲ နှစ်ပွဲဆက်အရှုံးရလဒ်ကြောင့် အုပ်စုတက်ရန် အခွင့်အရေး နည်းသွားပြီဖြစ်သည်။
-
မြန်မာအသင်းသည် ကျော်ဇင်ထက်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကာ ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ ပြည့်ဖြိုးဇော်၊ သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ စည်သူအောင်၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ ဇင်မင်းထွန်း တို့ဖြင့် ပွဲထွက်ခဲ့ပြီး အောင်သူ ကို ပွဲအစတွင်မသုံးဘဲ ဒုတိယပိုင်းအစမှ အသုံးပြုခဲ့သည်။ အောင်သူမပါ သည့် မြန်မာ အသင်းတိုက်စစ်သည် ပထမပိုင်းတွင် လိုအပ်ချက်များခဲ့ပြီး ကမ္ဘောဒီးယား နောက်တန်းကို ထင်သလောက် ခြိမ်းခြောက် နိုင်ခြင်း မရှိခဲ့ပေ။
-
ကမ္ဘောဒီးယားအသင်းသည် ပထမပိုင်းကစား ပုံကောင်းခဲ့ပြီး ၂၂ မိနစ်တွင် ဗာသာနာကာက သွင်းယူခဲ့သည်။ ပထမ ပိုင်းတွင် တိုက်စစ် ကစားပုံအားနည်းခဲ့သည့် မြန်မာအသင်းသည် အောင်သူဝင်လာပြီးနောက်ပိုင်း ဒုတိယပိုင်းတွင် ကစားပုံပြန်ကောင်း လာကာ ၅၉ မိနစ်တွင် လှိုင်းဘိုဘိုက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ချေပဂိုးပြန်ရခဲ့၍ မြန်မာအသင်း စိတ်ဓာတ်တက်သွားပြီး ၆၇ မိနစ်တွင် ကမ္ဘော ဒီးယားအသင်းနောက်ခံလူနှင့် လက်ထိခဲ့၍ ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး အောင်သူက ကန်သွင်းရာ ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။
-
ပယ်နယ်တီ မဝင်သော်လည်း တစ်မိနစ်အကြာတွင် မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး သန်းထက်အောင်က သွင်းယူ ခဲ့ခြင်း ဖြစ်သည်။
-
ယင်းနောက်ပိုင်းတွင် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး နှစ်သင်းစလုံး ဂိုးသွင်းခွင့်များရသော်လည်း မြန်မာအသင်းက အသုံးချ နိုင်ခဲ့၍ ဂိုးများ ထပ်မံရရှိခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၈၃ မိနစ်တွင် စည်သူအောင်၊ ၉ဝ+၃ မိနစ်တွင် လှိုင်းဘိုဘိုတို့ က သွင်းယူခဲ့ သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို နှစ်ဂိုး သွင်းခဲ့သည့် ကွင်းလယ် ကစားသမား လှိုင်းဘိုဘိုက ရရှိခဲ့သည်။
-
မြန်မာ အသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် လာအိုအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...