Social Icons

Pages

Wednesday, August 15, 2018

ကျေးဇူးမမေ့ဟု ဆိုရာတွင်


ဆောင်းပါး ၁၅-၈-၂ဝ၁၈

လောကကို အလှဆင်သော ကျက်သရေ မင်္ဂလာဝေဖြာကာ လူသားတို့ကို နိုးထစေသော နံနက်ချိန်ခါတွင် မကြာခဏဆိုသလို ကြားရတတ်သော ဂီတတေးသွားသံကို သတိထားမိ၏။ အဆိုတော်ကြီးသန်းသန်းမေ၏ ကျေးဇူး တင်ပါတယ် သီချင်းဖြစ်သည်။

ဆယ်စုနှစ်များစွာ ကြားရကာ နားရည်ဝခဲ့သည်။ မရိုးနိုင်သော၊ အသုံးတွင်သော စကားရပ်စာသားတေးသွားဟု ဆိုချင်ပေသည်။ တစ်ဦးနှင့်တစ်ဦး ကူညီမှုပေးသည့်အခါ၊ ကြင်နာမှုပေးသည့်အခါ၊ လုံခြုံမှုပေးသည့်အခါ၊ စောင့်ရှောက်ခြင်း ကိစ္စများစွာတွင် အလွယ်တကူ ပြောလေ့ရှိသော နှုတ်ထွက်စကားဖြစ်၏။ နူးညံ့ညင်သာနားဝင်ချိုလှ၏။

အသုံးတွင်သလောက် အဓိပ္ပာယ်ကျယ်ဝန်းပေသည်။တစ်ကြိမ်တစ်ခါနှင့် ပြီးသည်လည်းရှိ၏။ အကြိမ်ကြိမ် အခါခါ ကျေးဇူးတင်ရသည်လည်း ရှိ၏။ လူသားတစ်ဦးချင်း၊ အသင်းအပင်း၊ နိုင်ငံရေးရာအထိ ကျယ်ပြန့်လေသည်။ အလွှာစုံ၊ ဆူကြုံနိမ့်မြင့်၊ တိုင်းခြားပြည်ရွာ၊ ဒေသနှင့်လူမျိုးမခွဲခြား သုံးစွဲပေသော ကျေးဇူးစကားဟုဆိုချင်၏။ စာပေစကားဖြင့် ပြောရပါက ဘာသာရေးနှင့် လူမှုရေးအသွင် ကျေးဇူးတော်နေ့ဟု ခမ်းနားစွာသုံးစွဲပေသည်။

ကျေးဇူးတရားနှင့် မကင်းသော လောကကြီးတွင် ပေးဆပ်ခြင်းနှင့် ရယူခြင်း ကိစ္စတွေလည်း သက်ဝင်ပေသည်။ကျယ်ပြန့်ပေသော လူမှုလောက၏ ယဉ်ကျေးမှုလည်းဖြစ်ပေသည်။ မြန်မာ့စရိုက် ကျေးဇူးကား စိတ်ဝင်စားဖွယ် အမှီသဟဲပြုလျက်ရှိပေသည်။ မကုန်ခန်းနိုင်သော ကျေးဇူးစကားပင်ဖြစ်ပါ၏။ကြွယ်ဝသောဝေါဟာရ ကျေးဇူးဆိုသည့် စကားရပ်တွင် ကျေးဇူးကြီး၊ ကျေးဇူးကန်း၊ ကျေးဇူးမကင်း၊ ကျေးဇူးခံ ကျေးဇူးစား၊ ကျေးဇူးဂုဏ်၊ ကျေးဇူးရှင် ကျေးစွပ်၊ ကျေးဇူးဆပ်၊ ကျေးဇူးတင်၊ ကျေးဇူးပြု၊ ကျေးဇူးများ၊ ကျေးဇူးမဲ့၊ ကျေးဇူးရှိ၊ ကျေးဇူးသိ၊ ကျေးဇူးတရားနားလည်၊ ကျေးဇူးစကား၊ စာပေ့ကျေးဇူး၊ လူမှုစီးပွားကျေးဇူး၊ အကျိုးကျေးဇူး၊ ကျေးဇူးသစ္စာ၊ကျေးဇူးမရှိ၊ ကျေးဇူးမသိ၊ တုံ့လှည့်ကျေးဇူး စသည်ဖြင့် ထွေပြားစွာ အလျဉ်းသင့်စွာ သုံးစွဲသည်ကို နေ့စဉ်တွေ့နိုင်၏။ ကျေးဇူးသိတတ်ခြင်းကို အားပေးခြင်း၊ ကျေးဇူးကို မမေ့ဖို့၊ ကျေးဇူးတရားရှိမှုကို ပြန်လည်ပေးဆပ်ဖို့ သွန်သင်သော နီတိသြဝါဒစကား များပြားပေသည်။

စာတောပေတောတွင် လောကပါလတရား၊ သဘောတရား၊ လူသားနှင့်သတ္တဝါ အသီးသီးအမှီသဟဲ ပြုပေသော ကျေးဇူးတွေ အကြောင်း၊ ပြယုဂ်နှင့်သာဓကတွေကား မြန်မာမှုတွင် ယဉ်ပါးပြီးဖြစ်ပေသည်။ လက်တွေ့ကျဖို့တော့ လိုအပ်ဆဲဟုယူဆပါ၏။ ကျေးဇူးတရားသိခြင်း၊ နားလည်ခြင်း၊ အသိအမှတ်ပြုခြင်း၊ မမေ့ခြင်း၊ ပြန်လည်ပေးဆပ်ခြင်းတို့ကား ဆက်စပ်ကြပေသည်။

အသိသက်သက်မဟုတ်၊ လက်တွေ့အလုပ် ပါဝင်ရမည့် တာဝန်ရှိ၏။ မြန်မာစာပေခရီးသည် ကျေးဇူးတရားက စတင်ခဲ့သည့်အရေးအဖွဲ့ဟု ဆိုချင်၏။ ပုဂံခေတ်စာပေ ကျောက်စာများတွင် ကျေးဇူးဆိုသည့် ဝေါဟာရကို မကြာခဏတွေ့ရသည်။ ထုံးမီစံမျှ ရာဇကုမာရ်ကျောက်စာကို အကဲခတ်စေချင်၏။ ကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်သည် သားအရင်းဖြစ်သော်လည်း ထီးနန်းဆက်ခံခွင့်မရ၏။ မြေးကအရင်း၊ သားကအဖျားဟုဆိုသကဲ့သို့ မြေးတော်အလောင်းစည်သူကို ထီးနန်းပေးခဲ့၏။ သို့သော် သားဖြစ်သူက ငြိုငြင်ခြင်းမရှိ။ ဖခင်ကွယ်လွန်ခါနီးတွင် ရွှေဆင်းတုနှင့်တကွ ကျွန်သုံးရွာကို အလှူပေး၏။ ကျေးဇူးဆပ်၏။ ဖခင်ကလည်း သာဓုခေါ်၏။ မကုန်ခန်းနိုင်သော မိဘမေတ္တာကို သိခြင်း၊ မမေ့ခြင်း၊ ကျေးဇူးဆပ်ခြင်းတို့ပြုခဲ့၏။

သာမန်အချိန်တွင် ကျေးဇူးသိတတ်သော သားသမီးများကို မိဘကချစ်ခင်ပေရာ သေခါနီးနာမကျန်းဖြစ်ချိန်တွင် ပြုစုခြင်း၊ ကျေးဇူးပြုခြင်း၊ တမလွန်သုဂတိလားရာကောင်းဖို့ အလှူဒါနပြုခြင်းဖြစ်ပေရာ အလွန်ပင်လေးစားထိုက်၏။ ကျေးဇူးဂုဏ်ကို သိတတ်ခြင်းနှင့်ပေးဆပ်ခြင်း၊ နောင်အရှည်ကြာ မမေ့မလျော့စေဖို့ ကမ္ပည်းကျောက်စာ ရေးထိုးခြင်းတို့ကို တွေးဆမြင်သာ လက်တွေ့ကျစွာ တွေ့မြင်နိုင်၏။ ယခုတိုင် ပျောက်ပျက်ခြင်းမရှိ၊ မော်ကွန်း တင်ဆဲဖြစ်၏။

ထို့ကြောင့် ကျေးဇူးတရားက စတင်ခဲ့သော မြန်မာစာပေမှာ ကင်ပွန်းတပ်ခြင်း၏ အယူအတွေး နမူနာကောင်းဖြစ်ပါ၏။ လောကစကား၊ လောကွတ်အရ ကျေးဇူးမမေ့ပါဟု ပြောလေ့ရှိ၏။ နားဝင်ပီယံဖြစ်ပါ၏။ သို့သော်တွေးဆစရာရှိ၏။ စိတ်ချလက်ချ အဓိပ္ပာယ်ကောက်ဖို့ ခဲယဉ်းပေသည်။လက်တွေ့ကျကျကြားဖူးနားဝ ဥပမာတစ်ခုရှိ၏။ ဆယ်စုနှစ်လေးခုခန့်က ဖြစ်သည်။ ဌာနဆိုင်ရာအကြီးအကဲတစ်ဦး၏ အတွေ့အကြုံဖြစ်လေသည်။

တစ်ခါတွင် ဌာနအတွက် အရာရှိငယ်များ ခေါ်ယူသည်။ဝန်ထမ်းလောင်း ရွေးချယ်ဖို့ဖြစ်၏။ လုပ်ငန်းအတော် အပင်ပြီးစီးချိန်ဖြစ်သည်။ တစ်ရက်တွင် သူ့အိမ် မွေးရပ်နယ်မြေမှ ဆွေရိပ်မျိုးရိပ် မကင်းသူ၊ သက်တူရွယ်တူ သိကျွမ်းသူတစ်ဦး ရောက်လာ၏။ အတန်ကြာ စကားပြော၏။ ထိုအခါ သိမှတ်လိုက်ရသည်မှာ သူ၏ဝန်ထမ်းလောင်း ရွေးချယ်မှုတွင် ဆွေမျိုးမကင်းသည့် ဒေသခံလူ၏သားလည်း ပါဝင်ကြောင်း သိရသည်။ သားအတွက် အကူအညီ ပေးစေလိုကြောင်း၊ အခက်အခဲရှိသဖြင့် အကူအညီတောင်းခြင်း ဖြစ်ကြောင်း၊ အလုပ်ရပါက ကျေးဇူးမမေ့ကြောင်း လှလှပပဝေဝေဆာဆာ ပြော၏။ ထိုအခါ အရာရှိကြီးသည် အသေအချာ စဉ်းစား၏။ လူငယ်၏ ဖြေဆိုခဲ့မှုကို ဆန်းစစ်၏။

အထောက်အထားတွေ စိစစ်၏။ ရေးဖြေအောင်ပြီး အခက်အခဲဖြတ်ကျော်ခြင်း ဘာသာရပ်တွင်လည်း အောင်မြင်၏။ အခြေအနေက အလယ်အလတ်တွင်ဖြစ်၏။ အပေါ်တင်လျှင် ရ၏။ အောက်ချလျှင်လည်း ဖြစ်၏။ ထို့ကြောင့် ဆင်ခြင်တုံတရား လက်ကိုင်ထားကာ စိစစ်၏။ ဝန်ထမ်းခန့်လျှင် ရနိုင်ပြီး ကျေးဇူးမမေ့ပါဆိုသည့် စကားလက်ခံ ကြားရပြီးဖြစ်သဖြင့် စိတ်ချလက်ချပင် မြှင့်တင်ပေးလိုက်သည်။ သို့ဖြင့်အလုပ်ရ၏။ သို့သော် ခက်သည်က ကျေးဇူးမမေ့ပါဟု ဆိုသော ရပ်ဆွေရပ်မျိုးသည် ခြေဦးလှည့်ခြင်း အလျှင်းမရှိတော့ပေ။ ခြောက်လခန့်အကြာမှ စဉ်းစားမိ၏။

ထိုအချိန်တွင် ဝန်ထမ်းလောင်း လူငယ်သည် သင်တန်းကြီး တက်နေလေပြီ။ သူ၏ဆင်ခြင်မှုကား မှတ်သားဖွယ် ဖြေသိမ့်စရာ ဖြစ်လေသည်။ သူပြောတာ ဟုတ်တာပေါ့။ ကျေးဇူးမမေ့ဘူးလို့ပဲ ပြောတာ၊ ကျေးဇူးဆပ်မယ်လို့ ပြောတာမဟုတ်ဘူးဟူ၍ ဖြစ်လေသည်။ ထိုအခါကျမှ နေသာထိုင်သာ ရှိပေတော့သည်။ လူမှုလောကတွင် မိမိ၏ အလိုဆန္ဒအတွက် အရေးတကြီး လိုအပ်ပါက အတင်းအကျပ် အကူအညီတောင်းသည်။ ပြီးတော့ ကျေးဇူးတင်ကြောင်း၊ မမေ့ကြောင်း၊ ပြန်ဆပ်မည် ဖြစ်ကြောင်း လွယ်လင့်တကူ အလေးအနက် ကတိကဝတ်ပြုကြသည်။ သို့ရာတွင် ကိစ္စပြီးစီး အောင်မြင်သွားသည့်အခါ မသိကျိုးကျွန်ပြုသည့် သာဓကတွေ များပေသည်။

တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများ ကြုံဖူးမည်ထင်၏။ စာရေးသူပင် ယင်းကိစ္စမျိုး အတော်ပင် ဆုံစည်းဖူးသည်။ အထက်က အဖြစ်အပျက် ကြားဖူးပြီးကတည်းက ကျေးဇူးစကားဆိုကာ ကတိပေးတတ်သူများကို ရှောင်ရှားဖို့ လုံ့လပြုရသည်။ မျှော်လင့်ခြင်းကင်းသော ကျေးဇူးဖြင့် ဆောင်ရွက်ဖို့ အားထုတ်မိပေသည်။ ကျေးဇူးတင်ထိုက်သူ များစွာရှိကြရာ အလွယ်တကူ မေ့ပျောက်ခြင်း ခံရသူ၊ အမေ့ခံပုဂ္ဂိုလ်တွေ များလှ၏။ထုထည်ကြီးမား ထင်ရှားသူများသာ ကောင်းချီးပေးအသိအမှတ်ပြုခြင်းခံရသည်ကများ၏။

ကမ္ဘာ့ကျေးဇူးရှင်ကြီးများ စာအုပ်ကို ဖတ်ဖူးပါ၏။ လောကကြီးကို ကောင်းကျိုးပြုသူများအတွက် မမေ့သော ကျေးဇူးကိုလှစ်မပြခြင်းဖြစ်သည်။နိုင်ငံများစွာတွင် ကျေးဇူးရှင် ရုပ်တု၊ ဗိမာန်များ တွေ့ရတတ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင် ဂျော့ဝါရှင်တန်၊ အိန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ဂျိုဆေရီဇော် စသူတို့ဖြစ်၏။ ကျေးဇူးတင်စရာတွေများလှသော လောကကြီးတွင် ဘာသာရေး၊ သာသနာရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍစုံလင်ပေ၏။ တုနှိုင်းစရာမရှိဖြစ်ရသော မိဘ၊ ဆရာစသည့် ကျေးဇူးရှင်တွေလည်းရှိ၏။

မမေ့မလျော့ဖို့သာဖြစ်လေသည်။ မှတ်တမ်းကမ္ပည်းတင် မော်ကွန်းထိုးတင်သူတွေလည်း ရှိကြောင်း တွေ့ရမည်ဖြစ်၏။ အမှတ်မထင် ကျေးဇူးမှ သိသာသည့် ကျေးဇူးရှင်များအား အလျဉ်းသင့်သလို မမေ့ဖို့သာရှိပေ၏။ စီးပွားလူမှုကိစ္စများတွင် စာပေကျေးဇူးကြောင့် ဘဝပြောင်းသူတွေ များစွာရှိ၏။အောင်မြင်မှုရချိန်တွင် တုံ့ပြန်ပေးဆပ်ခြင်းများ တွေ့ရသည်။ ခေတ်တစ်လျှောက် မြန်မာစာပေတွင် စာပေကျေးဇူး ခံစားရသူတွေရှိပြီး ပြန်လည် အသိအမှတ်ပြုခြင်းကို မြန်မာမှုအသွင် ထင်ဟပ်ပေသည်။ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က ဖြစ်၏။ ဘုရင်နှင့်မိဖုရားစိတ် အခန့်မသင့်ဖြစ်ချိန်တွင် တွင်းသင်းမင်းကြီးက ဘလ္လာတိယပျို့ရေးသားဆက်သ၏။ ထို့ကြောင့် ဘုရင်နှင့်မိဖုရား အဆင်ပြေ၏။

ဘုရင်က ကျေးဇူးတင်သဖြင့် တွင်းသင်းမင်းကြီးကို ငွေများပုံပေးကာ ကြိုက်သလောက် ယူစေ၏။ စာဆိုက ငွေများကိုယူ၏။ သို့သော် ကိုယ်ကျိုးမသုံးစွဲပေ။ သူ၏မွေးရပ်ဇာတိ မောင်းထောင်ရွာ အရှေ့တွင် ကန်ကြီးတည်၏။ ဘလ္လာတိယ ကန်ဟု အမည်ပေး၏။ ယခုတိုင် ထင်ရှားဆဲဖြစ်၏။ စာပေဂုဏ်ကျေးဇူးကို ပြန်လည်ပေးဆပ်ခြင်း ဖြစ်လေသည်။ ထင်ရှားသော၊ ခရီးပေါက်သော ကျေးဇူးမမေ့ခြင်းဖြစ်ပါ၏။ အမေ့ခံကျေးဇူးတင်သူများ သိသင့်ပါ၏။ A Friend in need is a friend in deep ဟူသော ဆိုရိုးစကားကို ငယ်စဉ်ကပင် မှတ်သားခဲ့ရဖူးပါ၏။

လိုအပ်သောအခါ ကူညီသော မိတ်ဆွေကောင်းဖြစ်ပြီး ကျေးဇူးတင်ထိုက်ခြင်းဖြစ်၏။ မမေ့သင့်၊ မလိုအပ်လှဘဲ ကူညီမှုပေးခြင်းသည် များစွာသက်ရောက်မည် မထင်။ မကြာမတင်ပင် မေ့လျော့သွားဖွယ်သာ ရှိပါမည်။ အများအတွက် စွန့်လွှတ်စွန့်စား ရဲရဲဝံ့ဝံ့ တာဝန်သိစွာ ဆောင်ကြဉ်းသူတို့သည် ကျေးဇူးကြီးမားကြပေသည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် Unknown Soldiers ဆိုသည့် အညတရ စစ်သည်ဗိမာန်များ တွေ့ရလေ့ရှိ၏။

တစ်ခါက ကျေးဇူးကို မထီမဲ့မြင်ပြု၊ ပြက်ရယ်ပြုခြင်းများ ရှိပေရာ စိတ်ထားနိမ့်ကျမှုကို ဖော်ပြရာကျ၏။ အမှောင်ခွင်း၍ အလင်းဆောင်အံ့ဆိုသည့် ဆောင်ပုဒ်အောက်တွင် တာဝန်ထမ်းရွက်ခဲ့ရသော စာရေးသူသည် စာပေကျေးဇူးကို မည်သည့်အခါမှ မေ့မည်မဟုတ်ကြောင်း တင်ပြချင်ပါ၏။ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ဘာသာသာသနာအရိပ်၊ ယဉ်ကျေးမှု၏ အလင်းရောင်၊ ဓလေ့ထုံးစံကောင်းများ၏ ပုံရိပ်များစွာရှိ၏။

ထို့ကြောင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည် ဟူသော စကားရပ် ထင်ရှားစေ၏။ မမေ့မလျော့ခြင်း အလျှင်းမရှိသင့်ခြင်းဖြစ်ပါ၏။ ပေါ့ပေါ့ပါးပါး ကျေးဇူးတရားကို အလွယ်တကူ မေ့လျော့ကြသည်မှာ မဆန်းပါ။ သို့သော် အတိုင်းအဆမဲ့သော စေတနာ၊ မေတ္တာနှင့်ခံ့ထည်သော ကျေးဇူးရှိမှုများကိုကား နှလုံးသွင်းတတ်ဖို့ ကောင်း၏။ ကျေးဇူးတရား၏အနှစ်သာရ အလင်္ကာတွေကား ပြောပြမကုန်ရှိပါ၏။ တစ်ခါတစ်ရံ သတိတရားလေးဖြင့် ဆောင်ကြဉ်းသင့်ပေသည်။ ။ 

မြ၀တီနေ့စဉ်သတင်းစာ စာ (၁၃)

ညွန့်ဟံ (ကြူတော)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...