Social Icons

Pages

Wednesday, July 11, 2018

ရွှေတိဂုံစေတီ ဂေါပကအဖွဲ့၏ ရွှေဆိုင်းဈေး ပြိုင်တင်ဒါ ပြောင်းလဲပေးရေး မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်



မန္တလေး ၁၁-၇-၂ဝ၁၈

ရွှေတိဂုံစေတီ ဂေါပကအဖွဲ့၏ ရွှေဆိုင်း ဈေးပြိုင်တင်ဒါ ပြောင်းလဲ ပေးရေးအတွက် မန္တလေးမြို့တွင် မန္တလေးမြို့ခံ မြန်မာ့ရိုးရာ လက်မှုရွှေဆိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားဦးရေ ၂ဝဝ ခန့်သည် ယနေ့နံနက် ၉ နာရီက ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အောင်တံခွန် ရွှေဆိုင်းလုပ်ငန်းရှင် ဦးဇော်မင်းအောင်က ပြောပြ၍ သိရသည်။

"မြန်မာ့လက်မှု အနုပညာဖြစ်တဲ့ ရွှေဆိုင်းလုပ်ငန်းက လူပေါင်းများစွာကို အလုပ်အကိုင် ဖန်တီးပေးတာပါ။ ဒီကိစ္စကို အလေးထားဆောင်ရွက် ပေးစေချင်ပါတယ်။ ရွှေတိဂုံစေတီ ရွှေဆိုင်းတင်ဒါက တစ်ဦးတစ်ယောက်တည်း ပိုင်တဲ့လုပ်ငန်းအတွက် မဟုတ်ဘဲ မြန်မာလက်မှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘောရော အလုပ်သမားအလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ပါ အခုလိုတောင်းဆိုတာပါ"ဟု ၎င်းက ပြောပြသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ၇၇ လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၌ နံနက်၉နာရီတွင် စတင်စုဝေးပြီး ၇၇လမ်းနှင့် ၇၈လမ်းကြား၊ ၃၆လမ်းထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ၎င်းမှ ၃၆လမ်းအတိုင်း ၇၃လမ်းထိ၊ ၎င်းမှ ၃၅လမ်းထိ၊ ၎င်းမှ ၆၂လမ်းထိ၊ ၎င်းမှ မနော်ရမံ္မဟစ်တိုင်ကွင်းတွင် ဟောပြောပွဲပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် လူအများ အလုပ်အကိုင်အခွင့်အလမ်းများ မပျောက်ရေး၊ မြန်မာ့လက်မှု ရွှေဆိုင်းလုပ်ငန်း အစဉ်တည်တံ့ရေး၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ တင်ဒါ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲပေးရေး၊ မြန်မာ့လက်မှု အနုပညာလုပ်ငန်းကို ကူညီအားပေး အသိအမှတ်ပြု ထိန်းသိမ်းရေး၊ လက်မှုလုပ်ငန်းရှင်အများ၏ အလုပ်အကိုင်များတည်မြဲအောင် လက်မှုရွှေဆိုင်းများဖြင့် ရွှေသင်္ကန်း ကပ်လှူရာတွင် ရွှေတိဂုံစေတီဂေါပကအနေဖြင့် အသုံးပြုရေး ဟူသောတောင်းဆိုချက် ငါးချက်ဖြင့် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ရွှေတိဂုံစေတီ ဂေါပကအဖွဲ့သည် ရွှေဆိုင်းလိုအပ်ချက် အပေါ်မူတည်၍ သုံးနှစ်တစ်ကြိမ် တင်ဒါခေါ်ယူကာ ရွှေဆိုင်းများဝယ်ယူ လေ့ရှိပြီး ယခင်က မြန်မာ့ရိုးရာလက်မှု ရွှေဆိုင်းတစ်မျိုးတည်းသာ အသုံးပြုခဲ့သည်။

"စက်မှုနဲ့ လက်မှုကြိုပိုင်ခိုင်းတဲ့ အခါမှာ အခုလိုပြဿနာတွေ ဖြစ်လာတာပါ။ အရည်အသွေး သာလွန်ပေမယ့် တင်ဒါမရတဲ့အတွက် ရွှေဆိုင်းလုပ်ငန်းတွေ အခက်အခဲဖြစ်နေသလို အလုပ်သမားတွေလဲ အခက်အခဲရှိနေလို့ အခုလို တောင်းဆိုရတာပါ။ တောင်းဆိုချက်တွေကို လက်မခံရင် လုပ်ငန်းတွေရပ်ဆိုင်း သွားမှာဖြစ်သလို အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မှာပါ။ ပြေလည်အောင် ညှိနှိုင်းဖြေရှင်း မပေးမချင်း တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု တံခွန်ရွှေဆိုင်း လုပ်ငန်းရှင် ဒေါ်မီမီသင်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...