Social Icons

Pages

Friday, March 16, 2018

ချင်းတွင်းသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ



မုံရွာ ၁၆-၃-၂ဝ၁၈

ပထမအကြိမ်အဖြစ် ကျင်းပမည့် ချင်းတွင်း သင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပြင်ဆင်မှု များပြုလုပ်လျက် ရှိကြောင်းစစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောပြ၍ သိရသည်။

ချင်းတွင်းသင်္ကြန် ပွဲတော်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်းရန်၊ ဒေသထွက်ကုန်များ ဈေးကွက်ကောင်း ရရှိစေရန်၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပထမအကြိမ်အဖြစ် ဧပြီ ၁၁ရက်မှ ၁၇ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

"ပထမအကြိမ် ကျင်းပမယ့် ချင်းတွင်းသင်္ကြန်ကို ခုနစ်ရက်ကြာ ကျင်းပသွားမှာပါ။ ချင်းတွင်းသင်္ကြန်ကို သဲသောင်ပြင်မှာ မြန်မာ့ရိုးရာ လှည်းယဉ်တွေ၊ မြင်းတွေစီးလို့ရအောင် စီစဉ်ပေးထားမယ်။ Para Motar ၊ သဲပန်းပုပြခန်းတွေပါမယ်။ ဆိုင်ကယ်စတန့် ပြတာတွေပါမယ်။ ကမ်းစပ်မှာနားလို့ ရအောင်တဲလေးတွေ ထိုးထားပေးမယ်။ ရေစိမ်ချင်ရင်လဲ စိမ်နေလို့ရအောင် စီစဉ်ပေးထားမယ်။ ပြခန်းတွေက တော့ဒေသတွင်းက ထွက်တဲ့ စဥ့်ထည်တွေ၊ ခန္တီးဒေသဘက်က ထွက်တဲ့ ပယင်းပစ္စည်းတွေ ပြသထားမယ်။ ရောင်းလဲရောင်းမယ်။ နောက်ပြီး နာဂ၊ ရှမ်းနီ၊ ချင်း၊ ကဒူး၊ ကနန်း စတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့တွေကိုလဲ ဖိတ်ခေါ်ပြသမှာပါ။ ဒါကတော့ တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အထောက်အကူ ဖြစ်စေဖို့အတွက်ပါ။ စားသောက်တန်း တွေပါမယ်၊ ကလေးတွေ ကစားလို့ရမယ့်ကစားကွင်းတွေ စီစဉ်ပေးထားပါမယ်။ လူကြီးတွေအတွက် ကတော့ ရေကစားချင်သူတွေက အစိုခံမဏ္ဍပ်မှာ သွားမယ်။ ရေမစိုချင်ဘူး အေးအေးဆေးဆေး နေချင်တဲ့သူတွေအတွက် အခြောက်ခံမဏ္ဍပ်တွေ စီစဉ်ပေးထားပါမယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...