Social Icons

Pages

Wednesday, February 7, 2018

ဒုဋ္ဌဝတီမြစ်ကမ်းဘေး ဖွင့်လှစ်ထားသည့် အပန်းဖြေ စခန်းအားလုံး ဥပဒေမဲ့ ဖွင့်လှစ်ထားသောကြောင့် အခွန်နှင့်ဒဏ်ကြေးများ ပေးဆောင်ရမည်



မန္တလေး ၇-၂-၂ဝ၁၈

ဒုဋ္ဌဝတီ မြစ်ကမ်းဘေး ဖွင့်လှစ်ထားသည့် အပန်းဖြေ စခန်းအားလုံးသည် ဥပဒေမဲ့ ဖွင့်လှစ်ထားသောကြောင့် အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ရမည် ဖြစ်ကြောင်း ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မန္တလေးမြို့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ပြည်သူလူထု အပန်းဖြေစခန်း အားလုံးသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ ခွင့်ပြုမိန့်ဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဥပဒေမဲ့ ဖွင့်လှစ်ထားခြင်းကြောင့် အစိုးရ  အဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ အခွန်နှင့်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးက ပြောပြသည်။

"ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာ သူတို့က အစိုးရအဖွဲ့ဆီကို ခွင့်ပြုမိန့် တင်ပြထားတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ခွင့်ပြုထားတာ မရှိသေးပါဘူး။ လတ်တလော အခြေအနေအရတော့ ဥပဒေနဲ့မညီဘဲ ဖွင့်နေတယ်လို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့အနေနဲ့က သွားရောက်စစ်ဆေး တယ်ဆိုတာကလဲ အစိုးရအတွက် အထောက်အကူပြုဖို့ သွားတဲ့သဘောပါပဲ။ တွေ့ရှိချက်တွေကို တင်ပြတဲ့သဘောပါပဲ။ သူတို့ အခွန်နဲ့ဒဏ်ကြေးတွေလဲ တက်လာမှာပါ" ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ စစ်ဆေးမှုမှ ရရှိလာသည့် အချက်အလက်များကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် ခုနစ်မိုင် အပန်းဖြေစခန်း၊ ငါးမိုင်အပန်းဖြေစခန်းနှင့် သုံးမိုင်အပန်းဖြေစခန်း အစရှိသည် တို့ဖွင့်လှစ်ထားကာ နေ့စဉ် အများပြည်သူအများအပြား လာရောက် အပန်းဖြေလျက် ရှိနေပြီး အဆိုပါလုပ်ငန်းများ တရားဝင်အခွန်အခများ ပေးဆောင်၍ ဖွင့်လှစ်နိုင်ရန်အတွက် အစီအစဉ်များရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...