Social Icons

Pages

Tuesday, September 19, 2017

ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်၏ ရုပ်ကလာပ်တော်အား ယာယီစံကျောင်းသို့ ပင့်ဆောင်ပူဇော်


ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဇေယျ၏ ရုပ်ကလာပ်တော်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး ဖူးမြော်ကြည်ညိုစဉ်။

သံဃာတော်များထံမှပူဇော်ပွဲ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက် တည်ကြစဉ်။

နေပြည်တော် ၁၉-၉-၂၀၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဓမ္မောဒယပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအာဇေယျ (သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၇၁ ဝါ) သည်ဇူလိုင် ၁၁ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်၏ ရုပ်ကလာပ်တော်အား ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။

အဆိုပါ ပူဇော်ပွဲသို့ တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကအဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ၊ ကျိုင်းတုံမြို့၊ သီလ ဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက် လာကြသူများက သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်၏ဓာတ်ပုံနှင့် အဆောင်အယောင်များကိုပင့်ဆောင်တော်မူကြပြီး သံဃာတော်များ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တိုင်းမှူး၊အစိုးရ အဖွဲ့ဝင်များ၊ ဒါယကာ၊ဒါယိကာမများနှင့် ဆွေတော်မျိုးတော်များက ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်အား ယာယီစံကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ကြသည်။

ထို့ပြင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၏ ရုပ်ကလာပ် တော်အား သွားရောက်ဖူးမြော်ကြပြီး အန္တိမဈာပန ပူဇာသဘင်ပြုလုပ်မည့် ထပ်ဟိုဆယ်ကျားခေါင်းကျောင်းရှိ စံကျောင်းတော်၊ ဓမ္မာရုံ နှင့်လောင်တိုက်တော် ဆောက်လုပ်နေမှုနှင့် ပင့်ဆောင်မည့် ကရဝိက်ပြာသာဒ်တို့ကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ အန္တိမဈာပနပူဇာသဘင်ကို အောက်တိုဘာ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...