Social Icons

Pages

Friday, July 14, 2017

မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတော်ကြီးအား ပတ်လည်ဖူးမြော်နိုင်ရန် လျှောက်လမ်းများ ပြုလုပ်ဆောင်ရွက်မှု လက်ရှိ ၇ဝ ရာခိုင်နှုန်းပြီးစီး



စစ်ကိုင်း ၁၄-၇-၂၀၁၇

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် မြသိန်းတန် စေတီတော်ကြီးအား ပတ်လည်ဖူးမြော်နိုင်ရန် ငွေကျပ် သိန်း ၃ဝဝခန့် အကုန်အကျခံပြီး လျှောက်လမ်းများ ပြုလုပ်ဆောင်ရွက်မှုကို မတ်လကစတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၇ဝရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မင်းကွန်းဒေသ သမိုင်းဝင်လေးဌာန ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ လျှောက်လမ်းသည် အရှည်ပေ ၇ဝဝခန့်နှင့် အကျယ်ရှစ်ပေရှိကြောင်း၊ ယခုလကုန်တွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း မင်းကွန်းဒေသသမိုင်း ဝင်လေးဌာန ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ တွဲဖက်အကျိုး တော်ဆောင် ဆရာတော် ဘဒ္ဒန္တဝိမလာစာရက မြွက်ကြားသည်။

''ဘုရားထဲဝင်တဲ့အခါမှာ ဖိနပ်တွေစီးတယ်။ ဖိနပ်မစီးရလို့ စာတွေကပ်ထားပေမယ့် ဆူးလေးတွေက ရှိတော့ စူးတဲ့အခါ သူတို့အနေနဲ့လဲ ဖိနပ်မစီးလို့ မဖြစ်ဘူးလေ။ ဒီအတိုင်းဆို လျှောက်လမ်းတွေ ပြုလုပ်မှ အဆင်ပြေမယ်။ လျှောက်လမ်းရှိမှ ဆူးမစူးတော့ဘဲ ဖိနပ်လဲချွတ်မှာလေ။ ဒါကြောင့် အစည်းအဝေးလုပ်ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကို စာတင်ပါတယ်။ အဲဒီဌာနရဲ့ ခွင့်ပြုချက်နဲ့ စေတီတော်ကြီးကို ပတ်လည် ဖူးမြော်နိုင်အောင် လျှောက်လမ်းတွေကို ပြုလုပ်တာပါ''ဟု အဆိုပါဆရာတော်က မြွက်ကြားသည်။

မင်းကွန်းဒေသ သမိုင်းဝင် လေးဌာနထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့်ပူးပေါင်း၍ ၂ဝ၁၆ခုနှစ်အတွင်း က သမိုင်းဝင် မြသိန်းတန်စေတီ တော်ကြီး၏ တောင်ဘက်မုခ်ရှိ မြေပို့နေသည့် အုတ်ရိုးများ၊ မုခ်ဦးများကို တူးဖော်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...