Social Icons

Pages

Tuesday, July 18, 2017

မြန်မာ့ သစ်မွှေး ပြည်ပနိုင်ငံများသို့ တင်ပို့မည်



ရန်ကုန် ၁၈-၇-၂၀၁၇

မြန်မာတိုင်းရင်းဆေး ထုတ်လုပ်ရာတွင် ထည့်သွင်း အသုံးပြုသည့် မြန်မာ့သစ်မွှေးကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေး လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ
ဦးသောင်းညွန့်ထံမှ သိရသည်။

''သစ်တောဦးစီးဌာနရဲ့ CITES ခွင့်ပြုချက်ရပါပြီ။ ဒူဘိုင်း၊ ယူအေအီး နိုင်ငံတွေနဲ့ တရုတ် (တိုင်ပေ) ကို တင်ပို့ဖို့ အသင့်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံအနေနဲ့ သစ်မွှေးကို နှစ်ပေါင်း ၅ဝ အတွင်း ပြည်ပကို တရားဝင် တင်ပို့တာ မရှိသေးပါဘူး။ တရားဝင် တင်ပို့လို့ရတာ ဒါပထမဆုံးပါ။ ပြည်ပကို တရားဝင်တင်ပို့ ခွင့်ရတဲ့အတွက် နိုင်ငံအတွက်လည်း အခွန်ရမယ်၊ လုပ်ငန်းရှင်တွေ အနေနဲ့လည်း အကျိုးအမြတ်ရမယ်'' ဟု ဦးသောင်းညွန့်က ပြောသည်။

သစ်မွှေးသည် ကချင်ပြည်နယ်မှ ထွက်ရှိပြီး ယခင်က အဖိုးတန် စီးပွားဖြစ်မှောင်ခို ပစ္စည်းဖြစ်သည်။ သဘာဝ သစ်တောများမှအပ တခြားမည်သည့် နေရာမှ မရနိုင်သော ပစ္စည်းတစ်မျိုးဖြစ်ကာ အအေးပိုင်း တောင်ပေါ် သစ်တောများ တွင်သာ ပေါက်ရောက်သည်။ အဆိုပါ အဖိုးတန်သစ်မွှေးကို မြန်မာနိုင်ငံ၌ ၂ဝဝ၉ ခုနှစ်မှစတင်၍ ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်စိုက်ပျိုးခဲ့ရာ ၂ဝ၁၆ ခုနှစ်အထိ သစ်မွှေးစိုက်ဧက တစ်သောင်းခန့်ရှိပြီး သစ်မွှေး ပင်ပေါင်း ငါးသန်းခန့်ရှိကြောင်း သိရသည်။

သစ်မွှေးပင် တိုင်းတွင် သစ်မွှေး မရှိနိုင်သည့်အပြင် သစ်မွှေးရှိ၊ မရှိကို မျက်မြင် ဆုံးဖြတ်ရန် မလွယ်ကူသဖြင့် သစ်မွှေးရှာသူတို့က သစ်မွှေးပင်များ ခုတ်လှဲခွဲစိတ် ရှာဖွေမှု၊ သဘာဝအလျောက် မျိုးပွား ပေါက်ရောက်မှု
နည်းပါးခြင်း တို့ကြောင့် သဘာဝ သစ်တောများတွင် သစ်မွှေးပင်များ မျိုးသုဉ်းလုနီးပါး ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် သစ်မွှေးမျိုးစိတ်ပေါင်း ၂၈ မျိုးရှိပြီး မြန်မာနိုင်ငံ၌ သစ်မွှေးမျိုးစိတ် နှစ်မျိုးသာရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...