Social Icons

Pages

Showing posts with label ကုန်သွယ်ရေး. Show all posts
Showing posts with label ကုန်သွယ်ရေး. Show all posts

Thursday, October 4, 2018

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများဆက်လက်မြင့်တက်


ရန်ကုန် အောက်တိုဘာ ၃ 
-
ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းလာသော်လည်း စင်ကာပူနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသောကြောင့် ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း 
မြင့်မြတ်ထွဋ်ခေါင် စက်သုံးဆီအရောင်းဆိုင် အထွေထွေမန်နေဂျာ ဦးတင်မင်းလွင် ထံမှ သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ဈေးနှုန်းပေါက်ဈေး ကျဆင်းလာသော်လည်း ပြင်ပပေါက်ဈေးများမှာ 
အနည်းငယ်သာကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသည် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ အဓိကထား တင်သွင်းနေရသဖြင့် ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ စက်သုံးဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိ
ကြောင်း သိရသည်။ 
-
''ကမ္ဘာ့ရေနံဈေးအတက်အကျက တိုက်ရိုက်မပတ်သက်ပါဘူး။ စင်ကာပူရေနံဈေး အတက်အကျက မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိတယ်။ စက်သုံးဆီဈေးမြင့်တက်နေတာက စင်ကာပူဒိုင်ဈေး မြင့်တက်နေလို့ပါ'' ဟု 

ဦးတင်မင်းလွင်ကပြောသည်။ 
-
ထို့ပြင် ကမ္ဘာ့ရေနံစိမ်းဈေးမှာ 1 barrel လျှင် ယခင်ခြောက်ရက်ခန့်က အမေရိကန် ဒေါ်လာ ၇ဝ ခန့်သာရှိသော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်နေသဖြင့် စင်ကာပူ 
ပေါက်ဈေးမှာ နေ့စဉ် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဝန်းကျင် မြင့်တက်နေခြင်းဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများသည် ရောင်းချ သူ၏ လက်ကျန်ဆီ ရှိခြင်း၊ မရှိခြင်းထက် ရောင်းချသည့်နေ့တွင် ဖြစ်ပေါ်နေသည့် 
အမေရိကန်ဒေါ်လာဈေးနှုန်းနှင့် ဆီဈေး နှုန်းများပေါ် အခြေခံကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောသည်။ 
-
''အဓိက စက်သုံးဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင် အဲဒီနေ့မှာဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းရယ်၊ ဆီပေါက်ဈေးရယ်၊ တွက်ချက်ထားတဲ့ဆိပ်ကမ်းရောက်တန်ဖိုးနဲ့ ဆိုင်အရောက် အရင်းဈေးနှုန်းတွေပေါ်မှာပဲ 
သုံးသပ်ပေးစေလိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒေါ်လာဈေးနဲ့တွက်မယ်ဆိုရင် ဒီနေ့ဖြစ်ပေါ်နေတဲ့ဆီဈေးက တက်တာဖြစ်ချင်ဖြစ်မယ်၊ ကျတာဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ အင်မတန် မှန်းဆရခက်ပါတယ်။ ဒီနေ့ 
တစ်ရက်ဈေးကိုကြည့်မယ်ဆိုရင် ဒီနေ့ တစ်ရက်မှာဖြစ်ပေါ်နေတဲ့ အမေရိကန် ဒေါ်လာဈေးနဲ့ ဆီဈေးကိုပဲ အခြေခံပြီးတွက်ရင် ရောင်းတဲ့ဈေးတွေက ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်
တဲ့နေရာမှာ ပိုပြီးအဆင်ပြေမှာပါ'' ဟု ဒေါက်တာဝင်းမြင့်ကပြောသည်။ 
-
စက်သုံးဆီဈေးနှုန်းများမှာ ယခုရက်ပိုင်းတွင် ဒီဇယ် 500 ppm တစ်လီတာလျှင် ငွေကျပ် ၁ဝဝ၅ ကျပ်မှ ၁ဝ၇၅ ကျပ်အထိ လည်းကောင်း၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၁ဝ၁၅ ကျပ်မှ ၁ဝ၈၅ ကျပ်အထိ
လည်းကောင်း၊ အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၉၇၅ ကျပ်မှ ၁ဝ၄၅ ကျပ်အထိ လည်းကောင်း၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၁ဝ၂၅ ကျပ်မှ ၁ဝ၉၅ ကျပ်အထိလည်းကောင်း ဈေးနှုန်းများ ဆက်လက်
မြင့်တက်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, September 12, 2018

ယခုနှစ်မီနီဘတ်ဂျက် ငါးလတာကာလအတွင်း နိုင်ငံပေါင်း ၄ဝ ကျော်ကို ဆန်တန်ချိန် ၇၇၈၃၆၈ ဒသမ ၃၃ မက်ထရစ်တန် တင်ပို့ထား


နေပြည်တော် ၁၂-၉-၂ဝ၁၈

ယခုမီနီဘတ်ဂျက်ကာလ ငါးလတာအတွင်း ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ ဆန်တန်ချိန် ၇၇၈၃၆၈ ဒသမ ၃၃ မက်ထရစ်တန်ကို တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၄၈၄သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

ထိုသို့တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှ တင်ပို့ခဲ့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့မှုပိုမို များပြားကြောင်း သိရသည်။

ထိုသို့တင်ပို့ရာတွင် ဆန်အပြင် ဆန်ကွဲကိုပါ တင်ပို့လျက်ရှိပြီး မီနီဘတ်ဂျက် ငါးလတာအတွင်း ဆန်ကွဲမက်ထရစ် တန်ချိန်ပေါင်း ၂ဝ၅၄၂၃ ဒသမ ၇၁ တန်ကိုလည်း နိုင်ငံပေါင်း ၁၅ နိုင်ငံထိ တင်ပို့ထားနိုင်ခဲ့ပြီး ဆန်ကွဲပို့ကုန် ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၆၉၇သန်း ရရှိထားကြောင်း သိရသည်။

ယခုမီနီဘတ်ဂျက်ကာလ ငါးလတာ အချိန်အတွင်း မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၉၈၃၇၉၂ ဒသမ ဝ၄ မက်ထရစ်တန်ကို နိုင်ငံပေါင်း ၅၇နိုင်ငံသို့ တင်ပို့ထားနိုင်ခဲ့ပြီး ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေအဖြစ်အမေရိကန် ဒေါ်လာ ၃၄၁ ဒသမ ၁၈၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, August 24, 2018

ဘိလပ်မြေဈေးကွက် အေးနေသော်လည်း ပြည်ပမှ မှာယူတင်သွင်းမှုများပြား



နေပြည်တော် ၂၄-၈-၂ဝ၁၈

မိုးကာလ ဘိလပ်မြေ ဈေးကွက် အေးစက်နေသော်လည်း ပြည်ပမှ ဘိလပ်မြေ မှာယူတင်သွင်းမှု သိသိသာသာတိုးတက် များပြားလာနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်း များအရ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများသည် မိုးကာလတွင် ရာသီဥတု အခြေအနေများအရ လုပ်ငန်းတွင်ကျယ်မှု မရှိသောကြောင့် အချို့သော ဆောက်လုပ်ရေး လုပ်ငန်းများသည် လုပ်ငန်းများကို လျှော့ချလုပ်ကိုင် ဆောင်ရွက်နေကြပြီး အချို့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ လုပ်ငန်းများ ရပ်ဆိုင်းနေကြပြီး ပွင့်လင်းရာသီ ရောက်မှသာ အရှိန်အဟုန်မြင့်၍ ပြန်လည်လုပ်ကိုင် ဆောင်ရွက်လေ့ရှိသည်။ ထို့ကြောင့် မိုးဦးကာလဇွန်လမှ စတင်ကာ ဆောက်လုပ် ရေးလုပ်ငန်းများ၏ အဓိကလိုအပ်ချက် ဖြစ်သည့် ဘိလပ်မြေဈေးကွက် များမှာလည်း ဈေးကွက်အေးစက် နေခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းဘိလပ်မြေ ဈေးကွက်အေးစက် နေသော်လည်း သြဂုတ်လဆန်းပိုင်းတွင် ပြည်ပမှ ဘိလပ်မြေတင်သွင်းမှာ ယူမှုများမှာ သိသိသာသာမြင့်တက် လာခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန သတင်းများအရ သြဂုတ် ၅ ရက်မှ ၁၁ရက်အတွင်းတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃၅၈၂၅တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၅၂၉ ဒသမ ၄၅တန်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတန်ချိန် ၁၂ဝ၃ဝ တန်တင်သွင်း ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်မှ သြဂုတ် ၄ရက်အတွင်းက ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ ဘိလပ်မြေတန်ချိန် ၃၄၃ဝ ဒသမ ၄၆၃တန်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဘိလပ်မြေတန်ချိန် ၁၃၇၆တန် တင်သွင်းခဲ့ရသောကြောင့် သြဂုတ်လဆန်းပိုင်းတွင် ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ပြည်တွင်း ဈေးကွက်အေးစက် နေပြီးပြည်ပမှ တင်သွင်းမှု မြင့်တက်နေခြင်းမှာ မကြာမီရောက်ရှိ လာတော့မည့် ပွင့်လင်းရာသီအတွက် ကြိုတင်မှာယူ နေမှုများနှင့် ယခင်မှာယူထားသည့် ဘိလပ်မြေတင်သွင်းမှု များကြောင့် ဖြစ်ကြောင်း ဈေးကွက်သတင်းများအရ သိရသည်။

#Themyawadydaily

Monday, August 20, 2018

ဧပြီ၊မေ၊ဇွန်လအတွင်း ပုဇွန်တန်ချိန် ၁၂ဝဝဝဝကျော် ပြည်ပသို့ တင်ပို့ထား ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၉ သန်းကျော်ရရှိ



နေပြည်တော် ၂ဝ-၈-၂ဝ၁၈

ယခုခြောက်လတာ ဘတ်ဂျက်ကာလ ဧပြီ၊ မေ၊ ဇွန်လအတွင်း မြန်မာ့ရေထွက်ကုန် ပုစွန်တန်ချိန် ၁၂၃၅၁၅ ဒသမ ၅၉၄ တန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၄၉ဒသမ ၃သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်)မှ သိရသည်။

ယခုခြောက်လတာ ဘတ်ဂျက်ကာလဖြစ်သည့် ၂ဝ၁၈ ခုနှစ် ဧပြီလမှ ဇွန်လထိ မြန်မာ့ရေထွက်ကုန် ပုစွန်တန်ချိန် ၁၂၃၅၁၅ ဒသမ ၅၉၄ တန်ကို ပြည်ပနိုင်ငံများသို့ နယ်စပ်စခန်းများနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၄၉ ဒသမ ၃ သန်းရရှိထားကြောင်း၊ လက်ရှိချိန်သည် ပုစွန်များတွင် ရောဂါကျတတ်သည့် အချိန်ဖြစ်၍ အထူးဂရုစိုက် မွေးမြူနေရပြီး ပြည်ပသို့ တင်ပို့မှုတွင်လည်း အနည်းငယ် လျော့ကျလျက်ရှိကြောင်း သိရသည်။

"လောလောဆယ် ဒါက သုံးလတာအတွက် ရထားတဲ့စာရင်းပါ။ ဇူလိုင်လကနေ သြဂုတ်လထိစာရင်းက မချုပ်ရသေးတော့ ပြောပြဖို့ အဆင်သင့်မဖြစ်သေးလို့ပါ။ အခုချိန်က ပုစွန်တွေမှာ ရောဂါတစ်မျိုး ကျတတ်တဲ့အချိန်ဖြစ်နေတော့ မွေးတဲ့သူတွေလဲ ဂရုစိုက်နေကြရတယ်။ နယ်စပ်ဒေသတွေမှာ ရေကြီးလို့ လမ်းတွေ ပျက်တာတွေရော ဖြစ်နေတော့ နယ်စပ်က ရေထွက်ကုန်တင်ပို့ တာကတော့ နှေးနေပါသေးတယ်"ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ခင်က ပြောပြသည်။

လက်ရှိတွင် ပြည်တွင်းပုစွန် မွေးမြူရေးကန်အချို့မှာ မိုးများ၍ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များဖြင့် ရင်ဆိုင်နေရကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနက ပျက်စီးသည့် ပုစွန်မွေးမြူရေးကန်များကို ပုစွန်သားပေါက်များ ပံ့ပိုးမည့်အစီအစဉ်မရှိကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, August 9, 2018

ယခုနှစ်ကုန်သွယ်မှုလိုငွေ သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထား



ရန်ကုန် ၉-၈-၂ဝ၁၈

ယခုနှစ်၏ ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထားပြီး ပို့ကုန် ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းထံမှ သိရသည်။

''ဒီနှစ်အတွက် ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံ သတ်မှတ်ထားပြီး ပို့ကုန်ကို ပိုမိုတင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက လိုအပ်တဲ့ ကုန်စည်တွေ တင်သွင်းရတာတွေကြောင့် Investment Item တွေ ပိုလာရင်တော့ ကုန်သွယ်မှုလိုငွေက ဒါထက် ပိုရှိနိုင်ပါတယ်'' ဟု ဦးရန်နိုင်ထွန်း ကပြောသည်။

ယခင်နှစ်က ကုန်သွယ်မှုလိုငွေမှာ ၁ ဘီလီယံခန့် ဖော်ပြထားပြီး ယခုနှစ်အတွက် ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်၏ ကုန်သွယ်မှု ပမာဏမှာ ၃၃ ဒသမ ၅၃၂ ဘီလီယံ ရရှိခဲ့၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံး ကုန်သွယ်မှု ပမာဏရရှိခဲ့ခြင်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကုန်သွယ်မှု ပမာဏမှာ ၁၁ ဘီလီယံ ရှိကာ ယင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

''နိုင်ငံက တည်ဆောက်နေဆဲ ကာလဖြစ်လို့ ကုန်သွယ်မှုလိုငွေက ရှိနေပါတယ်။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတယ်။ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။ အဲဒီလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာတဲ့အခါ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်တွေ သွင်းလာတာ ရှိလာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှု အရ လိုအပ်တဲ့ လုပ်ငန်းတွေအတွက် ဆောင်ရွက်ရတဲ့ ငွေတွေ ပိုမိုကုန်ကျလာတာ ဖြစ်မယ်။ ဒါပေမဲ့ အဲဒီလိုကုန်ကျလာတဲ့ ငွေတွေက တစ်ဖက်က နိုင်ငံဝင်ငွေအနေနဲ့ ဝင်လာတာတွေဖြစ်တယ်။ ကုန်သွယ်မှု အပေါ်မှာ တစ်ခုတည်းကြည့်လို့ မရဘူး'' ဟု ဦးရန်နိုင်ထွန်း ကပြောသည်။

ပို့ကုန်သွင်းကုန်၏ ပမာဏပေါ်ကြည့်၍ တစ်ဖက်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့်ဝင်လာသည့် ငွေများကို Balance ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, August 7, 2018

ယခုမီနီဘတ်ဂျက် လေးလတာအတွင်း နိုင်ငံပေါင်း ၅၀ ကျော်ကို ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ရှစ်သိန်းကျော် တင်ပို့ထားပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိ



နေပြည်တော် ၇-၈-၂ဝ၁၈

ယခု မီနီဘတ်ဂျက်ဖြစ်သည့် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လတာကာလတွင် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၇ရက်ထိ လေးလတာ ကာလအတွင်း နိုင်ငံပေါင်း ၅၅ နိုင်ငံကို မြန်မာ့ဆန်နှင့် ဆန်ကွဲမက်ထရစ်တန် ၈ဝ၂- ၂၁၂ဒသမ၅၇တန်ထိ တင်ပို့ထားကာ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၇၇၅သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ယခုနှစ် ဧပြီလမှ ဇူလိုင် ၂၇ ရက်အတွင်းထိ ပြည်ပနိုင်ငံပေါင်း ၅၅ နိုင်ငံသို့ မြန်မာ့ဆန်မက်ထရစ်တန် ၆၂ဝ၅၁၁ ဒသမ ၈၆တန်နှင့် ဆန်ကွဲမက်ထရစ်တန် ၁၈၁၇ဝဝ ဒသမ ၇၁တန်ဆန်နှင့် ဆန်ကွဲစုစုပေါင်း မက်ထရစ်တန် ၈ဝ၂၂၁၂ ဒသမ ၅၇ တန်ထိ တင်ပို့ထားနိုင်ြပီး ပို့ကုန်ဝင်ငွေအဖြစ် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၃၄၇သန်း၊ ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄ဒသမ၄၂၈သန်း စုစုပေါင်းပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၇၇၅သန်းရရှိ ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

"ဆန်နဲ့ ဆန်ကွဲတွေကိုတော့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကရော ပင်လယ်ရေကြောင်း လမ်းကနေပါ တင်ပို့နေတာပါ။ ခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ လျော့ကျမှု လေးတွေရှိနေပေမယ့် ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့နေရပါတယ်။ တရုတ်ကိုတော့ ဆန်တင်ပို့မှု နည်းနည်းကျတာပေါ့။ သူတို့က အရန်ဆန်သိုလှောင်တဲ့ အနေအထားတွေ ရှိနေတော့လေ။ ခုဆန်နဲ့ဆန်ကွဲမှာလဲ နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့မှာ နယ်စပ်က သွားတာပိုများပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

ထို့သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတင်ပို့မှုမှာ ၄၄၄ဝ၄၁ ဒသမ ၆ မက်ထရစ်တန် တင်ပို့ထားကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၈၈ သန်း၊ ပင်လယ်ရေကြောင်းဖြင့်တင်ပို့မှုမှ ၃၅၈၁၇ဝ ဒသမ ၉၇ မက်ထရစ်တန် တင်ပို့ထားကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ဝ၈၇ သန်းတို့ရရှိထားပြီး နယ်စပ်တင်ပို့မှုမှ ပိုမိုတင်ပို့နိုင်ကာ ပို့ကုန်ဝင်ငွေမှာလည်း ပင်လယ်ရေလမ်းကြောင်းမှ တင်ပို့မှုထက် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စာရင်းများအရ သိရသည်။

#Themyawadydaily

Friday, July 13, 2018

ဘဏ္ဍာနှစ် ၁၇ နှစ်တာကာလအတွင်း ကုန်သွယ်မှုပမာဏ ၆၂ ဆ ကျော်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့



နေပြည်တော် ၁၃-၇-၂ဝ၁၈

၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏမှာ အဆပေါင်း ၆၂ ဆကျော်ထိ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများဖွင့်လှစ်ကာ ကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက် လျက်ရှိရာ တရုတ်နိုင်ငံနှင့် အများဆုံးကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက် လျက်ရှိသည်။ ထို့ကြောင့် မြန်မာတရုတ် နယ်စပ်ဒေသရှိ နယ်စပ်ကုန်သွယ်ရေး စခန်းများ၏ ကုန်သွယ်မှု ပမာဏမှာလည်း တဖြည်းဖြည်းမြင့်တက် လာခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများအနက် လွယ်ဂျယ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏမှာ ၂ဝဝ၁- ၂ဝဝ၂ဘဏ္ဍာနှစ်မှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လွယ်ဂျယ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏမှာ အဆပေါင်း ၆၂ဆကျော်ထိ ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက် နိုင်ခဲ့သည်။

လွယ်ဂျယ် ကုန်သွယ်ရေး စခန်းသည် တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်းကျေးရွာနှင့် ကပ်လျက်ရှိနေသည့် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် ၁၉၉၈ခုနှစ် သြဂုတ်၂၃ ရက်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖွင့်လှစ် ဆောင်ရွက်ရာတွင် ၂ဝဝ၁-၂ဝဝ၂ဘဏ္ဍာနှစ်တွင် ပို့ကုန်အမေရိကန် ဒေါ်လာ၂ဒသမ၁၃၅သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ဒသမ၆ဝ၆သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ ၃ဒသမ ၇၄၁သန်း သာဆောင်ရွက်နိုင်ခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၂၂၁ဒသမ၂၃၄သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃ဒသမ၂၆၈သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ၂၃၄ဒသမ၅ဝ၂သန်းထိ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုတန်ဖိုး အဆပေါင်း ၆၂ဆကျော် တိုးတက်ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွယ်ဂျယ်ကုန်သွယ်ရေး စခန်း၏ အဓိကတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဆန်၊ ဆန်ကွဲ၊ပြောင်း၊ တစ်ရှူးငှက်ပျော၊ ဖရဲသီး၊ရော်ဘာနှင့်ကြံ စသည့်ပို့ကုန် ပစ္စည်းများဖြစ်သည်။ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းအနေဖြင့် ကုန်သွယ်မှု ပမာဏတိုးမြှင့် လာခဲ့ခြင်းမှာ ဆန်တင်ပို့မှုများ ပိုမိုလာသောကြောင့် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, July 12, 2018

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ



နေပြည်တော် ၁၂-၇-၂ဝ၁၈

မြန်မာနိုင်ငံက ထွက်ရှိသည့် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန်နှင့် နှစ်နိုင်ငံကုန် ပစ္စည်းများ အပြန်အလှန်တင်ပို့ နိုင်ရန်အတွက် ဇွန်လ ဒုတိယပတ်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် (MRF) မှ ကိုယ်စားလှယ်များ သွားရောက်၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့်လယ်ယာ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရ ချင်းနားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုး နိုင်ရန်အတွက် တရုတ်နိုင်ငံပြည်နယ် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး တရုတ်နိုင်ငံ ဗဟိုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရရှိ ထားခြင်းမရှိ သေးသဖြင့် MoU လက်မှတ်ရေးထိုး နိုင်ခြင်းမရှိ သေးကြောင်း၊ အဆိုပါ MoU ရေးထိုးရာ၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ပြောင်း၊ သကြားနှင့် ရော်ဘာ အစရှိသည့် လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန် ပစ္စည်းများကို ယခုနှစ်အတွင်း တန်ချိန် တစ်သန်းတင်ပို့နိုင်ရန် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုမျိုး အစိုးရချင်းနားလည်မှု စာချွန်လွှာ MoU ကို အစက ဇွန်လအတွင်း ရေးထိုးသွားဖို့ စီစဉ်ထားခဲ့တာပါ။ လောလောဆယ် တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရရှိသေးတာကြောင့် ရေးထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရသေးပေမယ့် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကတော့ရရှိ ထားပြီးဖြစ်ပါတယ်။ အခုလိုမျိုးနယ်စပ်က နေတင်ပို့နိုင်ရင် ကုန်ပစ္စည်းသယ်ယူစရိတ်လဲ သက်သာသွားမှာပါ"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

ထိုသို့ နှစ်နိုင်ငံကုန် ပစ္စည်းများကို MoU စနစ်ဖြင့် အပြန်အလှန် တင်ပို့နိုင်ပါက တရုတ်နိုင်ငံဘက်မှ လယ်ယာသုံးစက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ သံချောင်းနှင့် လျှပ်စစ်သုံးပစ္စည်းစသည့် ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းမည် ဖြစ်ပြီးလယ်ယာ ထွက်ကုန်များကို တရုတ်နိုင်ငံက ဝယ်ယူရာ၌ နိုင်ငံတကာက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ဈေးကွက်ပေါက်ဈေး အတိုင်းနှစ်ဖက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊လက်ရှိ နယ်စပ်မှ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်က တရားဝင်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ဖြစ်နေသဖြင့် ကုန်သည်များ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ကြောင့် နှစ်နိုင်ငံအပြန်အလှန် ကုန်စည်တင်ပို့မှု MoU ရေးထိုးနိုင်မည်ဆိုပါက မြန်မာနိုင်ငံက ကုန်ပစ္စည်းများအနေဖြင့် နှစ်နိုင်ငံတရားဝင် ကုန်ပစ္စည်းများဖြစ်လာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

#Themyawadydaily

Monday, July 9, 2018

ပြည်တွင်းသို့ တင်သွင်းသကြားများ ပြန်လည်ရောင်းချခွင့်ကြောင့် မန္တလေး-မူဆယ်ကုန်စည် တင်ပို့မှုနှင့်ကာခ ဈေးအနည်းငယ် မြင့်တက်



မန္တလေး ၉-၇-၂ဝ၁၈

ပြည်တွင်းသို့ တင်သွင်းထားသော သကြားများ ပြန်လည်တင်ပို့ ရောင်းချခွင့် ရရှိခြင်းကြောင့် မန္တလေး-မူဆယ်ကုန်စည် တင်ပို့မှု မြင့်တက်လာ သကဲ့သို့ ကုန်စည်ပို့ဆောင်ခ ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းမှ သိရသည်။

"မန္တလေး-မူဆယ် ကားခက နည်းနည်း တက်သွားပါတယ်။ ရန်ကုန်မန္တလေး ကားခက သိပ်မတက်ပါဘူး။ တစ်ပိဿာကို ၇၅ ကျပ်ဝန်းကျင် ဈေးရှိနေပါတယ်။ သကြားကလဲ ၇၅ ကျပ်ဝန်းကျင်၊ ဆန်ကလဲ ၇၅ ကျပ်လောက် ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ထက်စာရင် ဒီအပတ် တစ်ပိဿာကို ၁ဝကျပ်ခန့် ဈေးတက်သွားပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်တာရယ်၊ သကြားတင်သွင်းခွင့် ရတာတွေကြောင့် ကုန်စည်ပို့ဆောင်တဲ့ အရေအတွက်မြင့်လာလို့ အခုလို ဈေးအနည်းငယ် တက်တာပါ"ဟု မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်သူရက ပြောပြသည်။

မန္တလေး-မူဆယ်လမ်းပိုင်းတွင် ဆန်နှင့် သကြားကို အဓိကတင်ပို့ လျက်ရှိရာ ယခုနှစ် ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ငွေကျပ် ၆ဝ၊ ၆၅ကျပ်ခန့် ဈေးရှိခဲ့ပြီး ဇူလိုင်လဆန်းပိုင်းက စတင်၍ တစ်ပိဿာလျှင် ၇၃ကျပ်၊ ၇၇ကျပ်ခန့် ဈေးရှိခဲ့ရာ တစ်ပိဿာလျှင် ၁ဝကျပ်ခန့် ဈေးမြင့်ခဲ့သည်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနှင့် ပြည်တွင်းသို့ တင်သွင်းထားသော ကုန်စည်များကို ပြန်လည်တင်ပို့ခွင့် ရရှိခြင်းကြောင့် ယခုကဲ့သို့ ကုန်စည်ပို့ဆောင်ခ အနည်းငယ် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ပြည်တွင်း သကြားကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုခဲ့ရာမှာ ယခုအခါ ပြည်တွင်းသို့ တင်သွင်းထားသော သကြားများကို ပြည်ပသို့ တင်ပို့ခွင့်ရခဲ့ခြင်းကြောင့် ကုန်စည်တင်ပို့သူ မြင့်တက်လာခြင်းကြောင့် ဈေးအနည်းငယ် မြင့်တက်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် အသင်းမှ အဖွဲ့ဝင် လုပ်ငန်းရှင်တချို့က ဆိုသည်။

၂ဝ၁၈ခုနှစ် မေ ၁၂ရက်က မူဆယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန္တလေး-မူဆယ်ကုန်စည် ပို့ဆောင်မှု ၃ဝ ရာခိုင်နှုန်းကျော်ထိ လျော့နည်း သွားခဲ့ပြီးနောက် ယခုအခါ သကြားတင်ပို့ခွင့် ရရှိခြင်းကြောင့် ပုံမှန်ကုန်စည် စီးဆင်းမှု အခြေအနေသို့ ပြန်လည်ရောက်ရှိ ပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 28, 2018

မြန်မာ့ရေထွက်ကုန်များ ဥရောပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်မည်



နေပြည်တော် ၂၈-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ ရေထွက်ကုန်များ အနေဖြင့် ဥရောပနိုင်ငံများ (EU) ဈေးကွက်သို့ လက်ရှိတစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့်သာ တင်ပို့နေရလျက်ရှိပြီး နောက်ပိုင်းတွင် ယခုထက်ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ဥရောပ(EU)၏ စံနှုန်းများနှင့် ကိုက်ညီသည့် ငါးဖမ်းသင်္ဘောများက ဖမ်းမိသည့် ရေထွက်ကုန်များကိုသာ တင်ပို့နေရပြီး ရေငန်ငါးနှင့် ရေငန်ပုစွန်များကိုသာ အဓိကတင်ပို့နေရကြောင်း၊တင်ပို့နိုင်မှုပမာဏမှာ နည်းပါးနေသေးသဖြင့် ဥရောပဈေးကွက်သို့ ယခုထက်မြန်မာ့ ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန်နှင့် ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MYSAP စီမံကိန်းကို လက်ရှိတွင် ဂျာမနီ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ GIZ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ MYSAP စီမံကိန်းကို ရေချိုဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လည်းကောင်း၊ ကမ်းရိုးတန်းဒေသများ ဖြစ်ကြသည့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လည်းကောင်း ပြီးခဲ့သည့် ၂ဝ၁၇ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂ဝ၂၁ခုနှစ်ထိ ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ဥရောပ(EU)နှင့် ဂျာမနီအစိုးရတို့၏ အထောက့်အပံ့ ယူရို၂၂ဒသမ ၅သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

"လက်ရှိမှာတော့ မွေးမြူရေးကန်ဧက တစ်ထောင်လောက်ကိုတော့ ဝန်ကြီးဌာနက အခုဆို ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် MYSAP စီမံကိန်းကို မနှစ်ကစပြီး  ထိုးထားပြီးပါပြီ။ ငါးမွေးသူတွေကလဲ သူတို့ကိုယ်တိုင် သတ်မှတ်စံနှုန်းတွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ တော့လိုပါတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပြသည်။

လက်ရှိ ဥရောပဈေးကွက်သို့ တင်ပို့ရာတွင် ငါးမြစ်ချင်းကိုသာ အများဆုံးတင်ပို့ နေရကြောင်း၊ မြန်မာ့ရေထွက်ကုန်ကို အခြားနိုင်ငံများသို့လည်း တင်ပို့လျက်ရှိရာ တစ်နှစ်လျှင် တန်ချိန်သန်း တစ်ထောင်ခန့်ထိ တင်ပို့နေရပြီး ဥရောပဈေးကွက် သို့လည်း ယခုထက်ပိုမို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ရေထွက်ကုန်များကို ယခုနှစ်ငါးလ တာကာလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ တန်ချိန် နှစ်သောင်းကျော် တင်ပို့ထား နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#Themyawadydaily

Tuesday, June 26, 2018

မြန်မာ့ ဆန်ကို တရုတ်နိုင်ငံဘက်က မှောင်ခိုဝယ်ယူမှုရှိနေ



ရန်ကုန် ၂၆-၆-၂ဝ၁၈

မြန်မာနိုင်ငံ၏ နယ်စပ်မှ တစ်ဆင့် ဆန်တင်ပို့မှုများကို တရုတ်နိုင်ငံဘက်က ချုပ်ကိုင်ထားသည့် ပုံစံဖြစ်နေပြီး မှောင်ခိုလမ်း ကြောင်းကိုသာ အလေးထားဝယ်ယူသည့် ပုံစံရှိနေကြောင်း ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

"ကျွန်တော်တို့ ဖက်ကတော့ တရားဝင်သွားပါတယ်။ သူတို့တရုတ်နိုင်ငံ ဘက်ခြမ်းရောက်ရင် တရားမဝင် ဖြစ်သွားတယ်။ အများစုက မူဆယ်လမ်းကြောင်း ကနေတရားမဝင် ဝယ်ယူနေတယ်။ တရုတ်လုပ်ငန်းရှင်တွေက အခွန်မဆောင် ချင်ကြဘူး။ တရားဝင်တင်သွင်းရင် အခွန်ဆောင်ရမယ်၊ အမြတ်နည်းမယ်" ဟုဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောပြသည်။

တရုတ်နိုင်ငံက ဆန်ဝယ်ယူမှု များပြားသော်လည်း မှောင်ခိုဈေးကွက်မှ တစ်ဆင့် ဈေးကောင်း ပေးဝယ်သည့် အခြေအနေတွင် ရှိသောကြောင့် တရုတ်ဈေးကွက်ကို အားထားနေရသော မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ ချုပ်ကိုင်ခံထားရသည့် အနေအထားများ တွင်ရှိနေ၍ အစိုးရအနေဖြင့် မူဆယ်လမ်းကြောင်းကို စနစ်တကျ ထိန်းသိမ်းလုပ်ဆောင် ပေးရန်လိုအပ် ကြောင်း၎င်းက ပြောပြသည်။

"တရုတ်နိုင်ငံဘက်က အဝယ်များရင်တော့ ပြည်တွင်းဆန်ဈေး တက်မယ်၊ သင်္ဘောနဲ့တင်ပို့ တဲ့သူတွေလဲ ထိခိုက်နစ်နာမှု တွေရှိတယ်။ ပြီးတော့ တရုတ်နိုင်ငံ ဘက်ကတရားမဝင် ဝယ်ယူတာတွေ ကနေတစ်ဆင့်လဲ ငွေလိမ်ခံရတာတွေ၊ တရုတ်အစိုးရဘက်က တရုတ်ကုန်သည်တွေကို စစ်ဆေးအရေး ယူတာတွေ လုပ်တဲ့အခါ မြန်မာ ကုန်သည်တွေ၊ စက်ပိုင်တောင်သူတွေ ဒုက္ခရောက်တာ တွေလဲအများကြီးပါ" ဟုဆန်ကုန်သည် တစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောပြသည်။

တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့မှု ၅ဝ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေခြင်း ဖြစ်ပြီးတရားဝင် နည်းလမ်းဖြင့် ရောင်းချနိုင်ရန် လုပ်ဆောင်နေသည့်အပြင် ဈေးကွက်အသစ်များ ကိုလည်း ရှာဖွေရန်လိုအပ်ကြောင်းသိရသည်။

#Themyawadydaily

Friday, June 22, 2018

ယခုနှစ် ဇွန်လဆန်းပိုင်းတွင် မြန်မာ့ဆန်ဈေးကွက် ပြည်ပဖောက်သည် နိုင်ငံသစ် ထပ်မံရရှိ၍ စတင် တင်ပို့နေ



ရန်ကုန် ၂၂-၆-၂ဝ၁၈

မြန်မာ့ဆန်ဈေးကွက်မှ ၂ဝ၁၈ ခုနှစ်ဇွန်လ ဆန်းပိုင်းတွင် ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံသစ် တစ်ခုထပ်မံရရှိ၍စတင် တင်ပို့ပေးနေပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ဆန်များကို ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဖောက်သည် ဈေးကွက်သစ် နိုင်ငံများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဇွန်လဆန်းပိုင်းတွင် အီကွေဒေါ နိုင်ငံကို မြန်မာ့ဆန်ဖောက်သည် ဈေးကွက် သစ်အဖြစ် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သဖြင့် ယခုဇွန်လဆန်းပိုင်းတွင် စတင်တင်ပို့ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ ဇွန် ၃ ရက်မှ ၉ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၁၈ သန်းတန်ဖိုးရှိ ဧည့်မထဆန်၊ ပေါင်းဆန်နှင့် ငစိန်ဆန် တန်ချိန် ၁၂၄ဝ၉တန် တင်ပို့ခဲ့ရာ အီကွေဒေါနိုင်ငံသို့ ငစိန်ဆန်တန် ချိန် ၄၈တန် တင်ပို့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တစ်ပတ်တာ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အီကွေဒေါ နိုင်ငံနှင့်အတူ ဂီနီ၊ ဗီယက်နမ်၊ ရုရှား၊အိုင်ဗရီကို့စ်၊ စင်ကာပူ၊ အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ ထို့အတူအဆိုပါ ကာလအတွင်း ဆန်ကွဲများကိုလည်း တင်ပို့ရောင်းချပေးခဲ့ရာ အမေရိကန် ဒေါ်လာ ၄ဒသမ ဝ၂၅သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၃၅၅ တန် တင်ပို့ရောင်းချပေးခဲ့ရပြီး ဆန်ကွဲများကို ဗီယက်နမ်၊ စင်ကာပူ၊ အက်စ်တိုးနီးယား၊ အီးယူနိုင်ငံ များသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဇွန် ၂ရက်မှဇွန် ၈ရက်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း များမှလည်း ဆန်များကို တင်ပို့ရောင်းချပေးခဲ့ရာ မြန်မာတရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇၃သန်း တန်ဖိုးရှိဆန်နှင့် ကောက်ညှင်းဆန်တန်ချိန် ၁၉ဝ၈၅ တန်တင်ပို့ရောင်း ချပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 5, 2018

မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ စေလွှတ်ပေးရေးစီစဉ်နေ



နေပြည်တော် ၅-၆-၂ဝ၁၈

မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြား လာစေရေး၊ ပို့ကုန်တိုးမြှင့်တင် ပို့နိုင်ရေးအတွက် အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသ၊ လက်တင်အမေရိက ဒေသစသော ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ၊ ကုန်သွယ်ရေး ကိုယ်စားလှယ်များ စေလွှတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

လက်ရှိတွင် စီးပွားရေးသံမှူးနှင့် စီးပွားရေး ကိုယ်စားလှယ် ၁၁ဦးထိ ကုန်သွယ်မှုမိတ်ဖက် နိုင်ငံများသို့ စေလွှတ်ထားပြီး ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စီးပွားရေး သံမှူးများ၊ ကုန်သွယ်ရေး ကိုယ်စားလှယ် စေလွှတ်မှုကို ၂ဝ၁၈ခုနှစ် မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်း ထုတ်ကုန်များကို ပြည်ပဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ မြို့တော် ၁၂ ခုတွင် ကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနများ ထူထောင်ကာ ဒေသထွက်ကုန်များကို ပြည်ပပို့ကုန်များ အဖြစ်တင်ပို့နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ပို့ကုန် ပိုမိုတင်ပို့နိုင်ရေး အတွက်လည်း ရန်ကုန်မြို့ကုန်သည် လမ်းတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန (International Trade Center) တစ်ခုထူထောင်ကာ မြန်မာ့ထွက်ကုန် (Made in Myanmar) မြှင့်တင်ရေးအတွက် ပြခန်းများဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် EU Help Desk၊ Korea Help Desk တို့ကို ထူထောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ချမှတ်ဆောင်ရွက်နေသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ရပ်ကို အခြေခံကာ ကဏ္ဍခြောက်ခု ခွဲခြားဆောင်ရွက် လျက်ရှိသည်။ အဆိုပါကဏ္ဍ ခြောက်ရပ်မှာ ကုန်သွယ်မှု မြှင့်တင်ရေး (Trade Promotion)၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး (Trade Facilitation)၊ ကုန်သွယ်မှုစေ့စပ် ညှိနှိုင်းရေး (Trade Negotiation)၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး (Trade Liberalization)၊ ကုန်သွယ်မှုပညာပေးရေး (Trade Education) နှင့် စားသုံးသူ အကာအကွယ် ပေးရေး (Consumer Protection)တို့ဖြစ်သည်။

ထိုကဲ့သို့ ကဏ္ဍများခွဲခြား ဆောင်ရွက်ခဲ့သဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေစွာ ဆောင်ရွက် နိုင်ခဲ့သဖြင့် မြန်မာ့ကုန်သွယ်မှု ပမာဏမှာလည်း တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ကုန်သွယ်မှုအခြေအနေများမှာ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ဝ ဘီလီယံကျော်သာ ဆောင်ရွက်နိုင်ခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃ ဒသမ၃၂ဘီလီယံကျော်အထိ စံချိန်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့ပို့ကုန် တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy-NES ကိုလည်း ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

Monday, June 4, 2018

ပြည်ပမှ ဝက်သားထွက်ပစ္စည်း တင်သွင်းမှုများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၄-၆-၂ဝ၁၈

လက်ရှိပြည်တွင်း လိုအပ်ချက် အရပြည်ပမှ ဝက်သားနှင့် ဝက်သားထွက်ပစ္စည်းများ တင်သွင်းမှု ရှိနေသော်လည်း တင်သွင်းမှုများ လျှော့ချနိုင်ရေး အတွက်နိုင်ငံတော်နှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းမှ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချနေ သော်လည်း ဝက်နှင့် ဝက်သား၊ ဝက်သားထွက်ပစ္စည်းများကို ပြည်တွင်း လိုအပ်ချက်အရ ပြည်ပမှတင်သွင်း နေရဆဲဖြစ်ကာ မျိုးဝင်များကိုလည်း ပြည်တွင်း လိုအပ်ချက်အရ ပြည်ပမှ တင်သွင်းမှာယူ ခဲ့ရသည်။

ထို့ကြောင့် လက်ရှိတွင် ကိုရီးယား နိုင်ငံကုမ္ပဏီတစ်ခုမှ ပြည်တွင်းတွင် ဝက်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ကာ မျိုးကောင်း၊ မျိုးသန့်ဝက်များဖြန့် ဖြူးရောင်းချ ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ဝက်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်လာပါက ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အပြင်ပြည်ပသို့ တင်ပို့ရောင်းချ ပေးနိုင်မည် ဖြစ်သည်။ လက်ရှိပြည်တွင်း အသားစားသုံးမှု အနေဖြင့် ကြက်သား စားသုံးမှုမှာ ၆၅ရာခိုင်နှုန်း၊ ဝက်သားစားသုံးမှု ၃ဝ ရာခိုင်နှုန်းနှင့် အခြားသော အသားငါးစားသုံးမှုမှာ ငါးရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ အသား ကဏ္ဍဖြွံ့ဖိုး တိုးတက်ရေးနှင့်တိရစ္ဆာန် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိရစ္ဆာန်စာရင်း ကောက်ယူမှု လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, May 28, 2018

တရုတ်နိုင်ငံတွင် ဖရဲ၊သခွားပေါ်သည့် ရာသီဖြစ်၍ မြန်မာနိုင်ငံမှ ဖရဲ၊ သခွားများ ပြည်ပသို့တင်ပို့မှု အနည်းငယ်သာရှိ



ရန်ကုန် ၂၈-၅-၂ဝ၁၈

တရုတ်နိုင်ငံတွင် ဖရဲ၊ သခွားစိုက်ပျိုး၍ ထွက်ရှိသည့်ရာသီ ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဖရဲ၊ သခွားများကို ပြည်ပသို့ တင်ပို့ရာတွင် နေ့စဉ် တန်ချိန် ၁ဝဝ ခန့်သာရှိကြောင်း မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများအစုအဖွဲ့ (ရန်ကုန်)မှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဖရဲ၊သခွား တင်ပို့ရောင်းချရာတွင် ဝယ်ယူမှု အနည်းငယ်သာ ရှိသည့်အပြင် ဈေးနှုန်းမှာလည်း နည်းပါးကြောင်း၊ တင်ပို့ရာတွင်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းမှ ထွက်ရှိသော ဖရဲ၊ သခွားများတင်ပို့မှုနည်းပါးပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ တင်ပို့လျှင် ခရီးစရိတ်သက်သာသဖြင့် ၎င်းပြည်နယ်မှ ထွက်ရှိသော ဖရဲ၊ သခွားများကိုသာ အများဆုံး တင်ပို့နေကြကြောင်း သိရသည်။

"မေ ၂ဝ ရက်လောက်က နေစပြီး စက်တင်ဘာလပိုင်း လောက်ထိက ပြည်ပကိုတင်ပို့တာ နည်းပါတယ်။ ဒါကတော့ နှစ်စဉ်ဖြစ်နေကျပါပဲ။ တခြားချိန်တွေမှာပဲ တင်ပို့တာများပါတယ်။ တရုတ်နိုင်ငံမှာက ခုချိန်စိုက်ပျိုးလို့ရတဲ့ ချိန်ဆိုတော့ ကျွန်တော်တို့ နိုင်ငံကနေ ဝယ်ယူတာ မရှိသလောက်ပါပဲ။ လက်ရှိတော့ နေ့စဉ် တန်ချိန် ၁ဝဝ လောက်ပဲ တင်ပို့နေရတယ်။ ဈေးက တစ်ကီလိုကို တရုတ်ငွေ ၁ ယွမ်ပဲရှိပါတယ်"ဟု မြန်မာနိုင်ငံ ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပြသည်။

ဖရဲ၊ သခွားရာသီကို နှစ်စဉ် အောက်တိုဘာလမှ မေလထိ သတ်မှတ်ပြီး အများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း၊ ပြည်ပသို့နှစ်စဉ် ဖရဲ၊ သခွားတန်ချိန် ၆ဝဝဝခန့် တင်ပို့ရောင်းချလျက်ရှိပြီး ဖရဲ၊ သခွားသည် မြန်မာနိုင်ငံတွင် ထွက်ရှိသည့် သစ်သီးဝလံများထဲမှ နိုင်ငံခြားဝင်ငွေ အများဆုးံရရှိသော သစ်သီးတစ်မျိုး ဖြစ်သည်။

နှစ်စဉ် ဖရဲ၊ သခွားတင်ပို့ရောင်း ချသောနိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊မလေးရှား၊ ဂျပန်နိုင်ငံတို့သို့ တင်ပို့ရောင်းချ လျက်ရှိရာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 22, 2018

Myanmar Automated Cargo Clearance System ကို မြဝတီကုန်သွယ်ရေးဇုန်တွင် လာမည့်ဇွန်လမှ စတင်အသုံးပြုသွားမည်



ရန်ကုန် ၂၂-၅-၂ဝ၁၈

MACCS (Myanmar Automated Cargo Clearance System) ကို မြဝတီကုန်သွယ်ရေး ဇုန်တွင် လာမည့်ဇွန်လမှ စတင်အသုံးပြု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန၏ သတင်းများအရ သိရသည်။

အဆိုပါ MACCS စနစ်သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ လွယ်ကူစွာ ဆောင်ရွက်နိုင်သည့် စနစ်တစ်ခုဖြစ်သည်။ အဆိုပါစနစ်ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေး လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက် နိုင်မည့်အပြင် အချိန်ကုန် သက်သာစေသဖြင့် ကုန်စည်စီးဆင်းမှုကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါစနစ်ကို ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနက၂ဝ၁၆ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် စတင်အသုံးပြုခဲ့ရာ စီးပွားရေးလုပ်ငန်းများ အနေဖြင့် ယခင်ကထက် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ ကြသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် အဆိုပါ MACCS ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်၍ ကရင်ပြည်နယ်ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်တွင် လာမည့်ဇွန်လမှစတင်ကာ အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေး ဇုန်သည် မြန်မာနိုင်ငံ၏ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး ဇုန်တစ်ခု ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့်လည်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုရှိနေကြောင်းအကောက်ခွန်ဦးစီးဌာနမှ သိရသည်။

#Themyawadydaily

Monday, May 21, 2018

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင် ထားသော ပုဂ္ဂလိကကုန်တင်ယာဉ် ၃၇၄၂ ၇ စီးဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေ



ရန်ကုန် ၂၁-၅-၂ဝ၁၈

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုန်တင်ယာဉ် ၃၇၄၂၈၇ စီးဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၏ သတင်းများအရ သိရသည်။

ယခုအခါ ပြည်တွင်းခရီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေလာ၍ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာမှုနှင့် ဆက်နွှယ်ကာ ပြည်တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်က တရားဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်အစီးရေ ၁၂၄၅၉၇ စီးသာရှိနေခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ် အစီးရေ ၃၇၄၂၈၇ စီးထိ တိုးတက်လာခဲ့သည်။

အဆိုပါ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၃၁၃၇၈၆ စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၆ဝ၅ဝ၁ စီးပါဝင်သည်။ အဆိုပါ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၁၃ဝ၉၄၃စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၁၇၇၂၉စီးရှိနေပြီး မန္တလေးတိုင်း ဒေသကြီးတွင် ဝန်ပေါ့ကုန်တင်ယာဉ် ၁၁ဝ၃၁၁ စီးနှင့် ဝန်လေးကုန်တင်ယာဉ် ၁၆၁၈၉စီးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အဝန်း အစီအစဉ်တွင်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် မြန်မာ့ကုန်စည် ပို့ဆောင်ရေး ကဏ္ဍမှာ ဆက်လက်တိုးတက် လာမည်ဖြစ်ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

#Themyawadydaily

Thursday, May 17, 2018

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ ဧပြီလအတွင်း ကုန်သွယ်မှု လျာထားချက်ပမာဏထက် ကျော်လွန် ဆောင်ရွက်နိုင်ခဲ့



နေပြည်တော် ၁၇-၅-၂ဝ၁၈

ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းမှကုန်သွယ်မှု လျာထားချက် ပမာဏထက် ကျော်လွန် ဆောင်ရွက်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး သတင်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ရှိကန်ပိုက်တီ ကုန်သွယ်ရေး စခန်းသည် ဧပြီလတွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၃၂ ဒသမ ၅၁၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ဝ၈ သန်း၊ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၂၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် လစဉ်လတိုင်း တစ်လအတွင်း ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုပမာဏ အခြေအနေများကို လျာထားသတ်မှတ် ဆောင်ရွက် လျက်ရှိသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်း အနေဖြင့် ပြီးခဲ့သည့် ဧပြီလက ပို့ကုန်ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ငါးသန်းနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သုံးသန်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ရှစ်သန်းဆောင်ရွက်ရန် လျာထားသတ်မှတ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ လျာထားဆောင်ရွက်ခဲ့ရာ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၃၅ သန်းကျော် ဆောင်ရွက် နိုင်ခဲ့သဖြင့် လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, April 24, 2018

တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုက မြန်မာ့ဆန်တန်ချိန် တစ်သန်းဝယ်ယူရန် ကမ်းလှမ်းထား



နေပြည်တော် ၂၄-၄-၂ဝ၁၈

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သန်းကို တရားဝင်ဝယ်ယူလိုကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ၂ဝ၁၈ခုနှစ် သင်္ကြန်ကာလ မတိုင်မီအချိန်က လာရောက်ကမ်းလှမ်း ထားခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းထားမှု အဆင့်သာရှိနေသေးကာ ဝယ်ယူမည့်ဆန် အမျိုးအစားနှင့် ဈေးနှုန်း အခြေအနေများကို အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ်ရသေးကြောင်း၊ ယခု ဆန်တန်ချိန် တစ်သန်းထိဝယ်ယူမည့် တရုတ်ကုမ္ပဏီအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုကာ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုကမ်းလှမ်းထားတဲ့ တရုတ်ကုမ္ပဏီ တစ်ခုကတော့ MOU နဲ့ စာချုပ်ချုပ်ပြီး ဝယ်မှာပါ။ ဈေးနှုန်းတွေ၊ ဆန်အမျိုးအစားတွေ အတွက်တော့ ထပ်ပြီးညှိနှိုင်း ဆွေးနွေးရဦးမှာပါ။ လက်ရှိ ပြည်တွင်းဆန်တွေ မူဆယ်ကနေတစ်ဆင့် တရုတ်ပြည်ဘက် တင်ပို့တဲ့နေရာမှာ ဒီဘက်က တရားဝင်ခွင့် ပြုထားပေမယ့် တရုတ်ဘက်ကတော့ အခုချိန်ထိ တရားဝင် သတ်မှတ်ထားတာ မရှိသေးပါဘူး"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ
သည်။

ပြည်ပဆန် တင်ပို့မှုအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မတ်လထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၃ ဒသမ ၅ သန်းကျော် ရှိကြောင်း၊ ပြည်ပဆန်တင်ပို့မှုတွင် ယခင်ဘဏ္ဍာနှစ်များက နိုင်ငံပေါင်း ၄ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ဈေးကွက်ပိုမိုရှာဖွေ နိုင်ခဲ့မှုကြောင့် နိုင်ငံပေါင်း ၂ဝကျော်ထိ တိုးတက်တင်ပို့ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်ရေး (Border Trade) မှ တင်ပို့မှု ၇ဝ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်း (Oversea) မှ ၃ဝ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစ၍ ပင်လယ်ရေကြောင်း ကုန်သွယ်မှု (Oversea) ဖြင့် ကုန်သွယ်မှုမှာ ၅ဝ ရာခိုင်နှုန်းခန့်ထိ ရှိလာခဲ့ကြောင်း၊ လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ တန်းမြင့်ဆန် (ပြည်တွင်း၌ အများဆုံးစားသုံး နေသည့် ဆန်၊ ဥပမာ-ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း) တန်ချိန် တစ်သိန်း တင်ပို့ထားပြီးဖြစ်ကာ နောက်ထပ်တင်ပို့ နိုင်ရေးကိုလည်း ဆွေးနွေးလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆန်စပါး ဥပဒေမူကြမ်းကို ရေးဆွဲထားပြီး လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တင်ပြရေး၊ဝန်ကြီးဌာနများဖြင့် ဆွေးနွေးရေး၊ လွှတ်တော်တွင် ဆွေးနွေးရေးစသည့် အခြေအနေများ ဆောင်ရွက်ရဦးမည် ဖြစ်ကာ မူကြမ်းရေးဆွဲသည့် အပိုင်းမှာ ပြီးသလောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, April 23, 2018

နိုင်ငံတကာဈေးကွက် ဝယ်လိုအား ကောင်းနေ၍ မြန်မာ့သစ်သီး ဝလံများ ယခင်နှစ်ထက် ပိုမိုတင်ပို့နေရ



နေပြည်တော် ၂၃-၄-၂၀၁၈

မြန်မာ့သစ်သီး ဝလံများကို နိုင်ငံတကာဈေးကွက် ဝယ်လိုအား ကောင်းနေ၍့ ယခင်နှစ်ကထက် ပိုမိုတင်ပို့ရောင်းချ ပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အခြေခံလုပ်ကိုင် ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေ၍ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု ကဏ္ဍသည်နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက်အရေးပါသော ကဏ္ဍတွင် ရှိနေသည်။ ထို့ကြောင့် လယ်ယာ ထွက်ကုန်များကို ပြည်ပသို့ တိုးတက်တင်ပို့ နိုင်ရေးဆောင်ရွက် လျက်ရှိသည်။

အဆိုပါ လယ်ယာထွက်ကုန်များတွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ နှမ်း၊ပဲမျိုးစုံ၊ ရော်ဘာ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အဆိုပါလယ်ယာ ထွက်ကုန် ပစ္စည်းများအနက် သစ်သီးဝလံများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့်တရုတ်နိုင်ငံ သို့အဓိက တင်ပို့ရောင်းချ ပေးနေခြင်းဖြစ်သည်။ ထို့ပြင် ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သို့လည်း တင်ပို့ရောင်းချပေးမှုများ ရှိကြောင်း သိရသည်။

ယခုအခါ မြန်မာ့သစ်သီး ဝလံများသည် နိုင်ငံတကာ ဈေးကွက်များတွင် ဝယ်လိုအား ကောင်းနေသဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့ရောင်းချ ပေးနေသည့် ဖောက်သည်ဈေးကွက် နိုင်ငံများအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှလည်း မလေးရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အင်္ဂလန်နိုင်ငံ ဈေးကွက်များထိ တင်ပို့ရောင်းချ ပေးနေရပြီ ဖြစ်သည်။ မြန်မာ့သစ်သီး ဝလံများသည် အာရှဒေသ ထွက်သစ်သီး ဝလံများတွင် အရည်အသွေး၊ အရောင်အဆင်းနှင့် အနံ့အရသာ သာလွန်ကောင်းမွန်နေ၍ ဈေးကွက်ဝေစုများ ပိုမိုရရှိလာကာ ပိုမိုတင်ပို့ရောင်းချ ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ၂ဝ၁၇ခုနှစ် ဧပြီ ၁ရက်မှ မတ် ၂၃ ရက်ထိ အမေရိကန်ဒေါ်လာ ၁၄၇သန်းကျော် တန်ဖိုးရှိ သစ်သီးဝလံ တန်ချိန် ၁ဝ သိန်း ကျော်တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...