Social Icons

Pages

Thursday, June 15, 2017

မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို စည်းကမ်းထိန်းသိမ်းရေး အပိုင်းကြပ်မတ်မှု ၇ဝရာခိုင်နှုန်းထိသာ လွှမ်းခြုံနိုင်ဟုဆို



မန္တလေး ၁၅-၆-၂၀၁၇

မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို စည်းကမ်းထိန်းသိမ်းရေး အပိုင်းကြပ်မတ်မှု ၇ဝရာခိုင်နှုန်းထိသာ လွှမ်းခြုံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ယခင်က ဈေးသည်များနှင့် အခြားနယ်ဝေး ဒေသများမှ အလုပ်လာရောက် လုပ်ကိုင်သူများ အဆင်ပြေစေရေးအတွက် ဘတ်စကားများကို စတင်ပြေးဆွဲပေးခဲ့သည်။ ထိုသို့စတင် ပြေးဆွဲပေးသည့် အချိန်တွင် ဘတ်စကား အနည်းငယ်သာ ရှိသည့်အတွက် စနစ်တကျပြေးဆွဲရန်နှင့် စည်းကမ်းပိုင်းများကို အသိပညာပေးဟောပြောကာ ကွင်းဆင်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ခဲ့သောကြောင့် ၎င်းဘတ်စကားများသည် စည်းကမ်းတကျဖြင့် ပြေးဆွဲခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယခင်ကအသုံးပြုခဲ့သည့် ခရီးသည်တင် ဘတ်စကားများအစား မှန်လုံယာဉ်များအပြင် အခြားမော်ဒယ် မြင့်ကားများဖြင့် အစားထိုးပြေးဆွဲခဲ့ ကြကြောင်း၊ထိုသို့ အစားထိုးပြေးဆွဲမှုသည် ခရီးသည်များအတွက် အဆင်ပြေသော်လည်း စနစ်တကျ ပြေးဆွဲမှုအပိုင်းတွင် အားနည်းချက်များ ရှိခဲ့ကြောင်း၊ ၎င်းအားနည်းချက်များကို ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်းအဖွဲ့များ ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ စသည့်အဖွဲ့များဖြင့် ယာဉ်လိုင်းများကို အသိပညာပေးမှုများ ပြုလုပ်၍ အရေးယူမှုများပြုလုပ် နေသော်လည်း ယခုလက်ရှိအချိန်ထိ စည်းကမ်းထိန်းသိမ်းရေး အပိုင်းတွင် ၇ဝ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်ကြောင်း သိရသည်။

ယခုအခါ မန္တလေးမြို့တွင်း၌ သွားလာရေးကဏ္ဍတွင် အခက်အခဲမရှိ စေရေးအတွက် ယာဉ်အသင်းပေါင်း၂၇သင်း၊ ယာဉ်အစီးရေပေါင်း ၇၅၈စီးရှိကာ တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၃၅ဝဖြင့် ပြေးဆွဲပေးနေကြောင်း၊ ၎င်းအစီးရေဖြင့် ယာဉ်လမ်းကြောင်းလိုင်းခွဲပေါင်း ၃၉လိုင်း ဖြန့်ကြက်ပြေးဆွဲပေးနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...