Social Icons

Pages

Showing posts with label ယာဉ်စည်းကမ်း လမ်းစည်းကမ်း. Show all posts
Showing posts with label ယာဉ်စည်းကမ်း လမ်းစည်းကမ်း. Show all posts

Thursday, October 4, 2018

ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့် စစ်ဆေးပေးလျက်ရှိ


ရန်ကုန် အောက်တိုဘာ ၃
-
ရန်ကုန်တိုင်းဒေသကြီး က-ည-န ခရိုင်ရုံးများ၌ တစ်ရက်တာအတွက် သတ်မှတ်ထားသည့် ယာဉ်အစီးရေထက် တိုးမြှင့်စစ်ဆေးပေးလျက် ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န)မှ သိရသည်။
-
ရန်ကုန်တိုင်းဒေသကြီးရှိ  ခရိုင်အသီးသီး၌  ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို သြဂုတ် ၂ဝ ရက်မှစ၍ က-ည-န ခရိုင်ရုံးများအလိုက် တိုင်းဒေသကြီး ရွာသာကြီးရုံးခွဲ၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရုံး၌ ယာဉ်အစီးရေ ၃၅ စီး၊  ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး၌   ယာဉ်အစီးရေ ၅ဝ၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၂၅ စီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး၌ ယာဉ်အစီးရေ ၃ဝ  စုစုပေါင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ရက်လျှင် ၁၆၅ စီး   လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် သတ်မှတ်ထားသည့် အစီးရေထက် ၁ဝ စီးပို၍ လုပ်ငန်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
-
''ယာဉ်မှန်၊ မမှန်စစ်တဲ့ကားတွေ များလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ က-ည-န ရုံးတွေမှာ တစ်ရက်ကို ၁ဝ စီးကျော်လောက်  တိုးမြှင့်စစ်ဆေး ပေးနေပါတယ်။  အကယ်၍  ယာဉ်မမှန်ဘူးဆိုရင် လိုင်စင်မဲ့ ကားအဖြစ် တစ်ပါတည်း သိမ်းဆည်းသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ယာဉ်မှန်၊ မမှန်စစ်ဆေးမည့် မော်တော်ယာဉ်များ အနေဖြင့် ယာဉ်စစ်ရက်ချိန်း ရယူခြင်းကို www.rtad.gov.mm ဝက်ဘ်ဆိုက်တွင် ကြိုတင်စာရင်း ပေးသွင်းသည့် စနစ် Online Booking စနစ်တွင် ရက်ချိန်းရယူ၍ နှစ်လဲသက်တမ်းတိုး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးချိန် မွန်းလွဲ ၂  နာရီနောက်ပိုင်း လစဉ်လဆန်း ၁ ရက်မှ ၂၅ ရက်အထိ စစ်ဆေးပေးမည်ဖြစ်ပြီး  Online  Booking  စနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
-
ယာဉ်မှန်၊မမှန်စစ်ဆေးရာတွင် ယာဉ်၏ ဘောင်အမှတ်နှင့် ဘောင်အမှတ်ပါ ဘန်ဘာတန်း တစ်လျှောက် ဆက်စပ်နေသော ယာဉ်အစိတ်အပိုင်းများကို စစ်ဆေးခြင်း ဖြစ်ပြီး  ယာဉ်တစ်စီးအတွက် ထုတ်ပေးထားသော အထောက်အထား များ ဖြစ်သည့် Certificate  of  Vehicle  Registration  (CVR) ၊ Vehicle Inspection Sticker (VIS) ယာဉ်မှတ်ပုံတင် စာအုပ် စသည်တို့ကို တိုက်ဆိုင် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, September 27, 2018

ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ယာဉ်တိုက်မှုဖြစ်ပွား



ညောင်ဦး ၂၇-၉-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ပုဂံမြို့ဟောင်းသွား အနော်ရထာ လမ်းပေါ်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုဂံမြို့ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ပုဂံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဦး၊ တာဝန်မှူး ဒုတိယရဲအုပ် နှင်းဖြူစိုး၊မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး လှသိန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ ဓမ္မရံကြီးဘုရားသွား မြေသားလမ်းမှ အာနန္ဒာဘုရား တောင်ဘက် ပုဂံမြို့ဟောင်း နှစ်လမ်းသွား အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကြော မရှင်းဘဲ ဖြတ်ကူးလာသော ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ် ကွက်နေ ယာဉ်မောင်း ရဲစိုး မောင်းနှင် လာသောယာဉ်အမှတ် 3F/----Toyo Ace အဖြူရောင်ယာဉ်နှင့် အနော်ရထာလမ်း အတိုင်းအရှေ့မှ အနောက်သို့ ယာဉ်မောင်း ဦးကိုကိုကြီး ဗန္ဓုလအိမ်ရာ ဒဂုံတောင်မြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 4F/----Hyundai အနီရောင် Express ယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသည့် ခရီးသည် ၁၆ ဦးဒဏ်ရာရရှိကာ ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်း ရပ်ကွက်နေသူ ဒေါ်မြင့်တွင် ဦးခေါင်းဝဲဘက်ခြမ်း ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးကုသရန် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ များသည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ရဲစိုးကို ပုဂံနယ်မြေ ရဲစခန်းက (ပ)၁၈/၂ဝ၁၈၊ ဥပဒေပုဒ်မ၃ဝ၄(က)/ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 17, 2018

ပြင်ဦးလွင်မြို့နယ် မန်ကျည်းအင်ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ်သွားလမ်းတွင် ယာဉ်နှစ်စီးတိုက်မှုကြောင့် သုံးဦးသေဆုံး



ပြင်ဦးလွင် ၁၇-၉-၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာအုပ်စု မန်ကျည်းအင် ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ် အသွားလမ်းကိုးမိုင် ခြောက်ဖာလုံတွင် ယာဉ်နှစ်စီးတိုက်မိခဲ့ရာမှ ခြောက်ဦး ဒဏ်ရာရရှိပြီး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် လွန်ကောင်း ကျေးရွာအုပ်စု မန်ကျည်းအင် ကျေးရွာအနီး ရဲရွာရေအားလျှပ်စစ် အသွားလမ်း ကိုးမိုင်ခြောက်ဖာလုံတွင် ယနေ့ညနေ ၃ နာရီခန့်က ဘုရားဖူးယာဉ် လိုက်ထရပ်အဖြူ ရောင်ယာဉ်နှင့် HiluxVigo ယာဉ်တို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အုန်းချောရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးအောင်ကျော်မင်းတွင် မျက်နှာဖူးရောင်ဒဏ်ရာ၊ အောင်တင်ဝင်းတွင် ဝဲခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာ၊ မဇွန်ဝေဝေထွန်းတွင် နဖူးပေါက်ပြဲ ဒဏ်ရာ၊နှာခေါင်းပေါက်ပြဲဒဏ်ရာ၊မောင်သန့်ဇင်ထွန်းတွင် နဖူးပေါက်ြပဲဒဏ်ရာ ယာခြေထောက်ပေါက်ပြဲ ဒဏ်ရာ၊ဒေါ်အမကြီးတွင် ဦးခေါင်းပေါက်ပြဲ၊ယာပေါင်စုတ်ပြဲ၊ ရင်ဘတ်ပွန်း ဒဏ်ရာ၊မဇင်မီမီဖြိုးတွင် ရင်ဘတ်ပွန်းပဲ့ဒဏ်ရာ၊ ဒေါ်သိန်းကြည်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ(သေဆုံး)၊မြင့်လွင် ယာဉ်မောင်းတွင် ဦးခေါင်းကြေမွဒဏ်ရာ(သေဆုံး)နှင့် ရွှေရည်ထွန်းတွင် မျက်နှာစုတ်ပြဲဒဏ်ရာ (သေဆုံး)တို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူခြောက်ဦးနှင့် သေဆုံးသူသုံးဦးတို့ကို မန္တလေး အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, September 7, 2018

ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား၍ လူသုံးဦးဒဏ်ရာရ


ပေါင် ၇-၉-၂ဝ၁၈

မွန်ပြည်နယ် ပေါင်မြို့နယ် ဘန့်ဘွေး ကုန်းကျေးရွာ ရန်ကုန်မော်လမြိုင် ကားလမ်းတွင် စက်တင်ဘာ ၅ ရက်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပေါင်မြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကျော်မင်းထက် ပဲခူးမြို့နေသူ မောင်းနှင်လာသော Fuso အမျိုးအစား ၁၂ဘီးယာဉ်သည် ရှေ့မှ သွားနေသော ယာဉ်မောင်း ဦးချစ်သိန်း မောင်းနှင်သည့် လိုက်ထရပ်ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့သဖြင့် အဆိုပါ လိုက်ထရပ် ယာဉ်က ၎င်းရှေ့တွင် သွားနေသည့် ယာဉ်မောင်း မောင်တူးမောင်းနှင်သော Nissan Clipper ယာဉ်ကို ထပ်မံတိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် လိုက်ထရပ် ယာဉ်ပေါ် ပါခရီးသည် ဒေါ်မြညွန့်နှင့် Nissan Clipper ယာဉ်ပေါ်ပါ မအေးအေးမြင့်၊ မသီတာဝင်းတို့တွင် ဒဏ်ရာ(မစိုးရိမ်ရ) များ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်မင်းထက်ကို ပေါင်မြို့မရဲစခန်းက ယာဉ် (ပ)၅၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 3, 2018

စဉ့်ကိုင်မြို့နယ်တွင် ဟိုင်းလတ်ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက် ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိ



စဥ့်ကိုင် ၃-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ မိုင်တိုင် အမှတ်-၄၁၁/၆တွင် ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး ယနေ့မွန်းလွဲ ၁ နာရီခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၁၁ဦးဒဏ်ရာ ရရှိခဲ့ကြောင်း စဥ့်ကိုင်မြို့မ ရဲစခန်းမှ သိရသည်။

မြစ်သားမြို့နယ်နေသူ ယာဉ်မောင်း ကိုကျော်ထူး မောင်းနှင်လာသော ယာဉ်အမှတ် 5A/----- ဟိုင်းလတ်အဖြူရောင် ခရီးသည် တင်ယာဉ်သည် ခရီးသည်များ တင်ဆောင်၍ မန္တလေး-ရန်ကုန်ကားလမ်း ဟောင်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် စဥ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ ထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ဝင်တိုက်ခဲ့ရာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၁ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်ထူးကို ဥပဒေအရ အရေးယူပေးရန် ဒုတိယရဲအုပ် စုမြတ်မွန်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် စဥ့်ကိုင်မြို့မရဲစခန်းက ယာဉ် (ပ)၅၁ /၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, August 30, 2018

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ် ချောက်ထဲထိုးကျ



သာစည် ၃ဝ-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၄/၄)အနီး နတ်ရေထွက် ကုန်းဆင်းတွင် ယနေ့ညနေ ၃နာရီ မိနစ်၂ဝခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် ရန်သိန်းနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယင်းမာပင်ဘက်မှ သာစည်ဘက်သို့ အောင်ခိုင် (ဘ)ဦးအောင်သင်း တာဝကျေးရွာ တွံ့တေးမြို့နယ်နေသူ မောင်းနှင်ကာ ယာဉ်နောက်လိုက် စစ်မင်းပိုင် (ဘ) ဦးဘကြည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နေသူ လိုက်ပါပြီး မော်တော်ယာဉ် နောက်ပိုင်းတွင် ဘိလပ်မြေ အိတ်အကြီး ၂ဝအိတ် တင်ဆောင်လာသော 6J/--- UG အဖြူရောင် ၂၂ဘီးတွဲယာဉ်မှာ အရှိန်လွန်ကာ လမ်း၏ ယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအောင်ခိုင်နှင့် ယာဉ်နောက်လိုက် စစ်မင်းပိုင်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ခိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ရန်သိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယင်းမာပင်နယ် မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Friday, August 24, 2018

ညောင်ဦးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ်တစ်စီး တိမ်းမှောက်



ညောင်ဦး ၂၄-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ ကြအိုကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၃၅ဦး တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိုအေစစ် ဘော်ဒါဆောင်မှ ကျောင်းသား၊ ကျောင်းသူ ၃၅ဦး တင်ဆောင်လာသည့် 1J/---- လိုက်ထရပ်ယာဉ်သည် ယနေ့နံနက် ၈နာရီ ၄၅မိနစ်က ကြအိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ မောင်းပို့စဉ်
ကြအိုကျွန်းလမ်းခွဲအနီး ချောက်စဥ့်ကူ-ပုဂံလမ်း မိုင်တိုင်အမှတ် (၁၂/၂) အနီးတွင် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ၂၇ယ/---- မော်တော်ဆိုင်ကယ်ကို ရှောင်တိမ်းစဉ် ချိတ်မိခဲ့သည်။

ထိုသို့ချိတ်မိမှုကြောင့် ဆိုင်ကယ်ပေါ်ပါ နဝမတန်းကျောင်းသား နှစ်ဦးပွန်းပဲ့ဒဏ်ရာများ ရရှိပြီး လိုက်ထရပ်ယာဉ်မှာ ကုန်းကမူကို ဆက်လက်တိုက်မိ၍ တိမ်းမှောက် သွားခဲ့သည်။

ယာဉ်တိမ်းမှောက် မှုကြောင့် မော်တော်ယာဉ်ပေါ်မှ ကျောင်းသားခြောက်ဦး၊ ကျောင်းသူ ၂၇ဦး ကားပေါ်မှ လွင့်စဉ်ကျကာ ကျောင်းသူ မရွှေစင်မြတ် (ဘ)ဦးမောင်ငွေ သေဆုံးပြီး မောင်မြင့်သူ၊ မောင်ခန့်စည်သူ တို့ကို မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူလျက်ရှိကာ ကျန်ကျောင်းသား၊ ကျောင်းသူ ၃၄ဦးကို ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းလှိုင်ကို ညောင်ဦးမြို့မရဲစခန်းက ယာဉ်(ပ)၇/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃ဝ၄(က)/၃၃၈/၃၃ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, August 17, 2018

စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ယာဉ် အတိုက်ခံရ



စစ်ကိုင်း ၁၇-၈-၂ဝ၁၈

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ စစ်ကိုင်းခရီးစဉ်တွင် ခရီးဦးကြိုဆိုရန် လာရောက်သည့် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ယာဉ် အတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်အုပ်စု မကျဉ်းစဉ်ရပ် စစ်ကိုင်း-ရွှေဘို-မုံရွာလမ်း သစ္စာရှင်ကြိမ်ဆိုင် အနီးတွင် ယနေ့နံနက် ၈နာရီ မိနစ် ၃ဝ ခန့်က ကျောက်များတင်ဆောင် လာသည့်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ HIJET ယာဉ်ကို ဝင်တိုက်မိပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးလိုက်ပါ လာသောယာဉ်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တင်းတိပ်ရပ်ကွက် အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

"HIJET ယာဉ်က အရှေ့ကနေအနောက်ကို မောင်းလာပြီး ဘယ်ဘက်ကိုကွေ့မှာ။ အဲဒါကို နောက်က ကျောက်တင်ဆောင်လာတဲ့ ယာဉ်က HIJET ယာဉ်ကို ဝင်တိုက်တယ်။ အဲဒါပြီးတော့ အရှိန်မထိန်းနိုင်ဘဲ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦး စီးနင်းလာတဲ့ယာဉ်ကို ဝင်တိုက်တာ။ တိုင်းဒေသကြီးဝန်ကြီး ယာဉ်ကတော့ မှန်တွေကွဲသွားတယ်။ ယာဉ်နောက်ပိုင်းလဲ ပိန်သွားတယ်။ လူကတော့ ဦးခေါင်းညာဘက်ခြမ်း ဖုသွားပြီး ခေါင်းမူးသွားတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတို့က ဆေးခန်းကို လိုက်ပို့ပါတယ်"ဟု ၎င်းက ပြောပြသည်။

ထိုသို့ တိုက်မိမှုကြောင့် HIJET ယာဉ်နှင့်စစ်ကိုင်းတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦး စီးနင်းလာသော ယာဉ်တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တင်းတိပ်ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်သယ်ယာဉ်မောင်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(စစ်ကိုင်း)မှ တာဝန်ရှိသူများသည် ယာဉ်နှင့်တကွ ယာဉ်မောင်းကို ခေါ်ဆောင်သွား ပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"အမှုဖွင့်ထားတာ တော့မရှိ သေးပါဘူး။ အခုချိန်ထိ ကျွန်တော်တို့ဆီဘာမှ မရောက်လာသေးပါဘူး" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ စခန်းမှူး ဦးကျော်နိုင်ထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, August 15, 2018

မြေဆီအိတ်များ တင်ဆောင်မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်



သိန်းနီ ၁၅-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးတွင် မြေဆီများ တင်ဆောင်မောင်းနှင် လာသည့် ၂၂ ဘီးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ အချင်းဖြစ်နေရာသို့ သိန်းနီမြို့မ ရဲစခန်းမှ ဒုတိယရဲအုပ် မြတ်မင်းစိုးသည် သက်သေများနှင့် အတူသြဂုတ် ၁၃ ည ၆နာရီ ၄၅မိနစ်ခန့်က သွားရောက်စစ်ဆေးရာသိန်းနီမြို့နယ် ကျင်းချိုင်စားသောက် ဆိုင်မြေကွက်လပ် ရပ်ကွက် (၃) လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးမိုင်တိုင်အမှတ် (၂ဝ၆/၄) နှင့် (၂ဝ၆/၅)ကြား ယာဉ်မောင်းချစ်သဲမောင် (ဘ) ဦးအောင်မိုး ညောင်ခါးရှည်ရွာ ဝေါမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 8J/----Nissan ၂၂ ဘီး အပြာရောင်ယာဉ်သည် မြေဆီအိတ်များ တင်ဆောင်မောင်းနှင် လာစဉ် အချင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ချစ်သဲမောင်တွင် ယာဒူးခေါင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်ယာဉ်နောက်လိုက် ကိုကိုမောင်တွင် ဝဲဘက်ဝမ်းဗိုက် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲ၊ယာဒူးခေါင်းအောက် ထုံကျင်ဒဏ်ရာ(လှုပ်မရ)ဒဏ်ရာများ ရရှိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ချစ်သဲမောင်ကို သိန်းနီမြို့မ ရဲစခန်းက ယာဉ်(ပ)၂၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, August 13, 2018

မော်တော်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး



မိတ္ထီလာ ၁၃-၈-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၄ဝ/၃)နှင့် (၃၄ဝ/၄) ကြားတွင် ဆိုင်ကယ်နှင့် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ် မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယရဲအုပ် ချစ်ဇော်ဝိုင်းနှင့် တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၁ရက်ည ၁၁နာရီခန့်က မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်း ကျေးရွာ အနီးရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် အမှတ် (၃၄ဝ/၃) နှင့် (၃၄ဝ/၄) ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မန္တလေးဘက်မှ မိတ္ထီလာမြို့တွင်းသို့ မြတ်ဘုန်းကို (ဘ)ဦးကျော်ကျော် ဈေးအရှေ့ပြင်ရပ်ကွက် မိတ္ထီလာမြို့နေသူ မောင်းနှင်ပြီး ဇင်မင်းထက် (ဘ) ဦးလှညွန့် မဟာမြင့်မိုရ်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့နေသူ၊ဥာဏ်လင်းထွန်း(ဘ) ဦးခင်မောင်ဇော် မြို့မ(၄)ရပ်ကွက် မိတ္ထီလာမြို့နေသူ၊ မင်းမင်းစိုး (ဘ) ဦးကျော်မြင့်နယ်မြေ (၅) အောင်ဇေယျာရပ်ကွက် မိတ္ထီလာမြို့နေသူ၊ လွမ်းမိုးနိုင် (ဘ) ဦးသိန်းထူး အရှေ့ပြင်ရပ်ကွက် မိတ္ထီလာ မြို့နေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် 4D/----အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ အမည်မသိ အမျိုးသား (စုံစမ်းဆဲ) မောင်းနှင်လာသော နံပါတ်မပါတာရမ်း ၁၁ဝ အနက်ရောင် ဆိုင်ကယ်တို့သည် လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မိမှုကြောင့် မော်တော်ယာဉ်မှာ တိမ်းမှောက်သွားကာ ဆိုင်ကယ်မောင်းနှင်သူ အမည်မသိအမျိုးသားတွင် ငယ်ထိပ်ဖူးရောင်ပေါက်ပြဲ သွေးထွက်၊ နား၊ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် အချင်းဖြစ် နေရာတွင် သေဆုံးပြီး မော်တော်ယာဉ်ပေါ် လိုက်ပါလာသူများအနက် မြတ်ဘုန်းကို၊ မင်းမင်းစိုး၊ လွမ်းမိုးနိုင်တို့တွင် ဒဏ်ရာ (မစိုးရိမ်ရ) များရရှိသဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မြတ်ဘုန်းကို၊ အမည်မသိအမျိုးသား (စုံစမ်းဆဲ)တို့ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ချစ်ဇော်ဝိုင်းက တရားလို ပြုလုပ်တိုင်တန်းသဖြင့် မိတ္ထီလာမြို့အမှတ် (၂) နယ်မြေရဲစခန်းက ယာဉ်(ပ) ၅၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၄(က)/၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, August 10, 2018

စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်ကို ရှောင်ရာမှ မီးသတ်ယာဉ် တိမ်းမှောက်



မန္တလေး ၁ဝ-၈-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် စစ်ကိုင်း-တံတားဦး လမ်းဆုံ တိုးဂိတ်အနီးတွင် ယနေ့ ည ၆နာရီမိနစ်၂ဝက စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ မီးသတ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ် ဦးစီးဌာနမှ သိရသည်။

မိုင်တိုင် ၃၆ဝ/၁၌ ဆိုင်ကယ်မတော်တဆ ဖြစ်ပွားသည်ဟု သတင်းအရ ညနေပိုင်းတွင် ကူညီကယ်ဆယ်ရန် ထွက်သွားခဲ့ပြီး ပြန်လာစဉ် စစ်ကိုင်း-တံတားဦး လမ်းဆုံတိုးဂိတ်အနီး အရန်မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦးလိုက်ပါလာပြီး တောင်မှမြောက်သို့ မောင်းနှင်လာသော တောင်သမန်ကျေးရွာ အရန်မီးသတ် ကားရှေ့သို့ ဆိုင်ကယ်တစ်စီး စည်းကမ်းမဲ့ ဖြတ်ဝင်မောင်းနှင် ခြင်းကြောင့် မီးသတ်ယာဉ်မှာ ဘရိတ်အုပ်ရှောင်တိမ်း ခဲ့သော်လည်း ရေဝိတ်ကြောင့် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒုတိယ တပ်ခွဲမှူး အပါအဝင် အရန်မီးသတ် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါသုံးဦးအနက် နှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကာ မစိုးရိမ်ရကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။

"ညနေ ၅ နာရီ ၄၅မိနစ်က မိုင်တိုင် ၃၆ဝ/၁ မှာ ဆိုင်ကယ် မတော်တဆ ဖြစ်တယ်ဆိုလို့ ကူညီကယ်ဆယ်နိုင်ဖို့ ထွက်သွားခဲ့တဲ့ကားပါ။ ည ၆နာရီ မိနစ်၂ဝလောက်မှာ သတင်းရတယ်။ အိုးတုတ္တန်းနားမှာ ဆိုင်ကယ်ရှောင်ရင်း ကားမှောက်တယ်လို့ သတင်းကြားရတယ်။ ၇ နာရီ မိနစ်၂ဝမှာ ခြေထောက်ညှပ် နေတဲ့တပ်စုမှူးကို ကယ်ဆယ်နိုင်ခဲ့တယ်။ စည်းကမ်းမဲ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှောင်လိုက်တဲ့အချိန် မှာအခုလို ဖြစ်သွားတာပါ"ဟု အမရ
ပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောပြသည်။

ယခုအခါ ပြည်သူ အများစုသည် မီးလောင်မှု ဖြစ်ပွားသည်ဟု သတင်းကြားသည်နှင့် လူမှုကွန်ရက် စာမျက်နှာပေါ်သို့ ဓာတ်ပုံတင်နိုင်ရန်နှင့် သွားရောက်ကြည့်ရှု နိုင်ရန် မီးသတ်ယာဉ်များ နောက်သို့ လိုက်ခြင်း၊ အပြိုင်ယှဉ်မောင်း ခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရန် သွားသော မီးသတ်ယာဉ်များ အနှောင့်အယှက် ဖြစ်စေကြောင်း အမရပူရမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောပြ၍ သိရသည်။

#Themyawadydaily

Wednesday, August 8, 2018

မကွေးတိုင်းဒေသကြီးအတွင်း လာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစ၍ မြို့ဝင်ကြေးဘီးခွန်ကောက်ခံမှုများ ဖျက်သိမ်းမည်



မကွေး ၈-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း လာမည့်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်မှ စတင်၍ မြို့ဝင်ကြေး မော်တော်ယာဉ်ဘီးခွန် ကောက်ခံနေမှုများကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်းထံမှ သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်စည်ပင် သာယာရေး အဖွဲ့များက တင်ဒါလေလံကိုရယူကာ စည်ပင်ဘီးခွန် မြို့ဝင်ကြေး ကောက်ခံနေမှုကို ၂ဝ၁၈ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပြာပြသည်။

"မြို့ဝင်ကြေး ဘီးခွန်ကောက်ခံ နေတာတွေ ဖျက်သိမ်းတော့မှာ သိရတဲ့အတွက် ကျွန်တော်တို့ ကားသမားတွေ သိပ်ဝမ်းသာမိပါတယ်။ ကားလိုင်းထွက်ပြီဆို လမ်းကြေး၊ တံတားကြေးနဲ့ မြို့ဝင်ကြေးတွေ ပေးဆောင်ရတယ်။ မြို့ဝင်ကြေး ဖျက်သိမ်းပေးတာ ကျွန်တော်တို့ ယာဉ်လိုင်းတွေအတွက် အဆင်ပြေတာပေါ့။ အခုလို ဖျက်သိမ်းလိုက်တဲ့ အတွက်လဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါတယ်"ဟု မင်းဘူး-ဆင်ဖြူကျွန်းလိုင်းပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။

အဆိုပါ မြို့ဝင်ဘီးခွန်များ ဖျက်သိမ်းရန်ကိစ္စကို ၂ဝ၁၈ခုနှစ်ဇူလိုင် ၃၁ရက်တွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း အမှတ်စဉ်(၃ဝ/၂ဝ၁၈) ဆုံးဖြတ်ချက် အပိုဒ် ၆ဝအရ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့ဝင်ဘီးခွန် ကောက်ခံမှုများကို လာမည့်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာ နှစ်မှစတင်၍ ဖျက်သိမ်းသွားရန် မြို့နယ်စည်ပင် သာယာရေး အဖွဲ့များထံ အကြောင်းကြားထား ပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးထံမှ သိရသည်။

#Themyawadydaily

Friday, August 3, 2018

ရန်ကုန်-မန္တလေးကားလမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်



ဝမ်းတွင်း ၃-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၆၄/၄) နှင့် (၃၆၄/၅) ကြားတွင် ယနေ့ နံနက် ၆ နာရီ မိနစ်၃ဝခန့်က ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒုတိယရဲအုပ် ခင်မောင်တင့်နှင့် တပ်ဖွဲ့ဝင်များသည် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စိုးရန်ပိုင် (ဘ) ဦးစိုးညွန့် ရွှေလင်ပန်းရပ်ကွက် လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5L/---- ၁၈ဘီး အဖြူရောင်ယာဉ်မှာ အရှိန်လွန်ပြီးလမ်း၏ ဝဲဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာရရှိခြင်း မရှိခဲ့သော်လည်း ကားလေကာမှန်ကွဲ၊ ရှေ့ယာတံခါးပေါက်မှန်ကွဲ၊ ကားဘော်ဒီယာဘက် အခြမ်းပျက်စီး၊ ရှေ့ခေါင်းရုပ် ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ငွေကျပ် သိန်း ၂ဝခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စိုးရန်ပိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ခင်မောင်တင့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရွှေတောင်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၃၁/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ-၂၇၉ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, July 26, 2018

ကျောက်မဲမြို့နယ် ပြည်ထောင်စုလမ်းမကြီးတွင် ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွား



ကျောက်မဲ ၂၆-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးတွင် ဇူလိုင် ၂၄ရက် မွန်းလွဲပိုင်းက ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၁၂/၃)နှင့် (၁၁၂/၄)ကြား လမ်းကွေ့၌ ကျောက်မဲဘက်မှ သီပေါဘက်သို့ ယာဉ်မောင်း သန်းထိုက်အောင် မောင်းနှင်သည့် 4D။----၂၂ဘီးကုန်တင်ယာဉ်နှင့် သီပေါဘက်မှ ကျောက်မဲဘက်သို့ ဦးဝေဠု မောင်းနှင်လာသော 2K ---- ယာဉ်ငယ်တို့ လမ်းလယ်တွင် ယာဉ်တိုက်မိရာမှ လမ်းပေါ်တွင် သွားလာနေသော အခြားယာဉ်နှစ်စီးကို တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် နှစ်စီးတိုက်မိရာမှ နောက်ထပ် သီပေါဘက်မှ လှမင်းထွန်း မောင်းနှင်လာသောGG/---- ယာဉ်နှင့် ပေါကျော် မောင်းနှင်လာသော 1F/---- ယာဉ်နှစ်စီးတို့ကို ထပ်မံဝင်တိုက် မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ် တိုက်မိမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း သန်းထိုက်အောင်၊ ဝေဠုတို့ကို ကျောက်မဲမြို့မရဲစခန်းက ယာဉ်(ပ)၂၇/၂ဝ၁၈၊ ပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းကို ကျော်၍ တစ်ဖက်ယာဉ်ကြောမှယာဉ်နှင့် တိုက်မိရာ လူရှစ်ဦး ဒဏ်ရာရ



ဖြူး ၂၆-၇-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁ဝ၈/၁) အနီးတွင် ယနေ့နံနက် ၁ဝ နာရီခန့်က ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောမှ ယာဉ်နှင့် တိုက်မိခြင်းကြောင့် နိုင်ငံခြားသား တစ်ဦးအပါအဝင် အမျိုးသားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်လာသော Mitsubishi RVR အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကျော်တက်၍ တစ်ဖက်ယာဉ်ကြောအတိုင်း မောင်းနှင်လာသည့် Prado ခဲရောင်ယာဉ်ကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် TAN JUN XZONG ဆိုသူ နိုင်ငံခြားသားမှာ ခြေထောက်ဖူးရောင် ဒဏ်ရာရရှိခဲ့ပြီး ကျန်ခုနစ်ဦးနှင့်အတူ ရဲဆေးစာဖြင့် ဖြူးမြို့နယ် ပြည်သူဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဇေယျကို ဖြူးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ) ၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, July 5, 2018

ယာဉ်မောင်းအိပ်ငိုက်၍ ၁၂ ဘီးယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်



ညောင်လေးပင် ၅-၇-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ထိန်တစ်ပင်ကျေးရွာ အနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က ယာဉ်မောင်းအိပ်ငိုက်၍ ရန်ကုန်မှ ဆန်များတင်ဆောင် လာသော ၁၂ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မန္တလေးဘက်သို့ ဆန်များတင်ဆောင်၍ ယာဉ်မောင်း ငြိမ်းအေးမောင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နေသူ မောင်းနှင်၍ ယာဉ်နောက်လိုက် အောင်လွင်ဦး (နေရပ်လိပ်စာတူ) လိုက်ပါလာသော ယာဉ်အမှတ် 4D/----ခေါင်းပြာ ၁၂ဘီးယာဉ်သည် ညောင်လေးပင်မြို့နယ် ထိန်တစ်ပင် ကျေးရွာအနီး ရန်ကုန်မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/ဝ)နှင့်(၁ဝ၅/၁) ကြားတွင် လမ်းယာဘက်ချိုင့်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူများတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ငြိမ်းအေးမောင်ကို ပိန်းဇလုပ်နယ်မြေ ရဲစခန်းက (ပ)၁၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 3, 2018

မြင်းခြံမြို့သံလမ်းကူး၌ မီးရထားနှင့် ထော်လာဂျီယာဉ် တိုက်မှုဖြစ်ပွား



မြင်းခြံ ၃-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂ဝ) ရပ်ကွက် မိုင်တိုင်အမှတ် ၃၇၆/၂ဝ နှင့် ၃၇၆/ ၁၉ ကြား မီးရထား သံလမ်းကူးတွင် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃ဝ က မီးရထားနှင့် ထော်လာဂျီယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးဘူတာကြီး မှ ထွက်ခွာလာသော အမှတ် (၁၁၈) အစုန်ရထား စက်ခေါင်းအမှတ် ၁ီ-၁၂ဝ၄၁ သည် ရွာကြီးဘူတာနှင့် မြင်းခြံဘူတာကြားရှိ မြင်းခြံမြို့ အမှတ် (၂ဝ) ရပ်ကွက် မိုင်တိုင်အမှတ် ၃၇၆/၂ဝ နှင့် ၃၇၆/၁၉ အကြားရှိ မီးရထား သံလမ်းကူးတွင် ယာဉ်မောင်းနိုင်ဦး မြင်းခြံမြို့နယ် လှိုင်းတက်ကျေးရွာနေသူ မောင်းနှင်လာသော ပြောင်းဖူးရိုးတင် ထော်လာဂျီယာဉ်ဖြင့် ဝင်တိုက်မိခြင်း ဖြစ်သည်။

မီးရထားနှင့် ထော်လာဂျီ ယာဉ်တိုက်မှုကြောင့် မီးရထားစက်ခေါင်း ရှေ့ခြမ်းဝဲဘက်ရှိ မီးသီးနှင့်ယာဘက်ရှိ မီးသီးနှစ်လုံးကွဲကြေခြင်း၊ ကာတာပလင် ယာဘက်ခြမ်း ကျိုးကြေပျက်စီးခြင်း၊ စုစုပေါင်းငွေကျပ် ၇ဝဝဝဝ ခန့်ဆုံးရှုံးခဲ့ပြီး ထော်လာဂျီယာဉ်မှာ လည်းခေါင်းပိုင်းကျိုးကြေပြီး ယာဉ်မောင်းနိုင်ဦးတွင် ဝဲဘက်နားထင်ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက်ခါးနာ ကျင်ဒဏ်ရာ၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီ ယာဉ်မောင်းနိုင်ဦး ကိုမြင်းခြံမြို့မရဲစခန်းက မီးရထား အက်ဥပဒေပုဒ်မ ၅/(ပ) ၃၉၅/ ၂ဝ၁၈ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, June 28, 2018

ကျွဲများတင်ဆောင် လာသောယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်



ညောင်လေးပင် ၂၈-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၁ဝ၅/၄) အနီး၌ ယနေ့ နံနက် ၅ နာရီ မိနစ် ၃ဝ က ကျွဲများတင်ဆောင်လာသော ၁၂ဘီးယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်၍ လူတစ်ဦးနှင့် ကျွဲများသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဥက္ကံမြို့နေသူများ ဖြစ်သည့် မျိုးမြင့်အောင် (ဘ) ဦးသန်းမြင့်မောင်းနှင်၍ ယာဉ်နောက်လိုက် နန်းဦး(ဘ) (စုံစမ်းဆဲ) လိုက်ပါလာကာ ကျွဲထိန်း အီစွတ်(ဘ) ဦးဘိုသူ၊ဖိုးလပြည့် (ဘ)ဦးအေးလွင်တို့ လိုက်ပါလာသော ပျို့လုံမေကုမ္ပဏီ၏ ကျွဲထီးအကောင် ၂ဝ တရားဝင် တင်ဆောင်လာသည့် 7K/----Hino အစိမ်းနုရောင် ၁၂ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ကျွဲထိန်း အီစွတ်နှင့် ကျွဲသုံးကောင် သေဆုံးခဲ့ပြီး ဖိုးလပြည့်တွင် ယာဘက်လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့သဖြင့် ပိန်းဇလုပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ အချင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မျိုးမြင့်အောင်ကို ပိန်းဇလုပ် နယ်မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့်ထားရှိပြီး အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, June 26, 2018

ယာဉ်တစ်စီး ချောင်းအတွင်းထိုးကျ ယာဉ်မောင်းသေဆုံး



မူဆယ် ၂၆-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးတွင် ၁၂ ဘီးယာဉ်တစ်စီး ချောင်းကူးတံတားကို ဖြတ်စဉ် အရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်း ထိုးကျခဲ့ရာ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။

အမှတ် (၁၂၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်)မှ ဒုတိယရဲအုပ် သီဟအောင်ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၄ရက် ည ၉နာရီ မိနစ် ၃ဝ က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မူဆယ်မြို့နယ် လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး နမ့်ပေါ်တံတားတွင် အိုက်လျှံ (ဘ)ဦးလှရွှေ နမ့်အွန်ကျေးရွာ မူဆယ်မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိုင်းမြင့်စိုး (ဘ) ဦးအိုက်အောင်(တစ်ရွာတည်းနေသူ) လိုက်ပါ စီးနင်းလာသည့် 9C/---- Foton ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားဝဲဘက်ခြမ်း လက်ရန်းကို ဝင်ရောက်တိုက်မိပြီး ပေ ၅ဝခန့် အနက်ရှိသော နမ့်ပေါ်ချောင်း အတွင်းသို့ ထိုးကျခဲ့သည်။

ထိုသို့ ထိုးကျမှုကြောင့် ယာဉ်မောင်း အိုက်လျှံတွင် ယာနား သွေးထွက်ဒဏ်ရာ၊ နှာခေါင်း၊ ပါးစပ်မှ အမြှုပ်ထွက်၊ ယာနံဘေး ညိုမည်းဒဏ်ရာ များရရှိကာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် စိုင်းမြင့်စိုးတွင်ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာနံရိုးဘေး ညိုမည်းဖူးရောင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အိုက်လျှံကို မူဆယ်မြို့မရဲစခန်းက ယာဉ်(ပ)၂၅/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၄- က/၂၇၉/၃၃၈ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, June 25, 2018

အမှတ် (၉၃၇) အဆန်ကုန်ရထားနှင့် ထော်လာဂျီတိုက်မိ ယာဉ်မောင်းသေဆုံး



အင်းတော် ၂၅-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် တရားမဝင် သံလမ်းကူး၌ အမှတ် (၉၃၇) အဆန်ကုန်ရထားနှင့် တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသော တစ်လုံးထိုး ထော်လာဂျီ ယာဉ်တိုက်မိရာ ယာဉ်မောင်းသေဆုံး ခဲ့ကြောင်း သိရသည်။

ဆည်ရွာဘူတာနှင့် အင်းတော်ဘူတာကြား မိုင်တိုင်အမှတ် (၅၈၂) တွင် ယနေ့ နံနက် ၆နာရီခန့်က မန္တလေးမှ မြစ်ကြီးနားသို့ စက်ခေါင်းမောင်း ဦးသန်းစိုး ဂါတ်ဗိုလ် ဦးထွန်းထွန်းဝင်းတို့ မောင်းနှင်လာသော အမှတ်(၉၃၇) အဆန်ကုန် ရထားသည် ဆည်ရွာဘူတာမှ ထွက်ခွာလာစဉ် နတ်မဟုတ်လေး ကျေးရွာဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်း နေလင်းအောင် မောင်းနှင်လာသော တစ်လုံးထိုး အပြာရောင် ထော်လာဂျီယာဉ်နှင့် အဆိုပါ တရားမဝင် ဇီးဖြူကျင်းသံလမ်း ကူးနေရာကို ဖြတ်သန်းမောင်းနှင်စဉ် တိုက်မိခဲ့သည်။

ထိုသို့တိုက်မိရာ ယာဉ်မောင်း နေလင်းအောင်သည် ဦးခေါင်း ကြေမွဒဏ်ရာ၊ ညာဘက်တင်ပါး ပဲ့ထွက်ဒဏ်ရာများဖြင့် အချင်းနေရာတွင် သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမှတ် (၉၃၇) အဆန်ကုန်ရထား စက်ခေါင်းမောင်းနှင့် ရထားထိန်းများမှာ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိဘဲ ရထားမှာ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နေလင်းအောင်ကို အင်းတော်မြို့မရဲစခန်းက (ပ)၈၄/၂ဝ၁၈၊ မီးရထား ပို့ဆောင်ရေး ဥပဒေပုဒ်မ -၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Related Posts Plugin for WordPress, Blogger...