Social Icons

Pages

Friday, November 11, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဗင်းနစ်မြို့ နှင့် ဖလောရင့်စ်မြို့ များသို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များ ဖလောရင့်စ်မြို့ 
ညနေပိုင်း ရှုခင်းများ လေ့လာကြည့်ရှုစဉ်


နေပြည်တော် ၊ ၁၁-၁၁-၂၀၁၆

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သို့ အလုပ်သဘော ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် အီတလီနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းတွင် ဗင်းနစ်မြို့မှ ဖလောရင့်စ်မြို့သို့ အထူးအမြန် ရထားဖြင့် သွားရောက်သည်။

မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် တည်းခိုရာ ဟိုတယ်မှ ဗင်းနစ်မြို့ စံသာလူချီရာ ဘူတာသို့ Taxi Boat ဖြင့် သွားရောက်ပြီး ၄င်းမှတစ်ဆင့် ဒေသ စံတော်ချိန်မွန်းလွဲ ၂ နာရီတွင် High Speed အထူးအမြန် ရထားဖြင့် စတင် ထွက်ခွာသည်။ လမ်းတစ်လျှောက် ရထားပို့ဆောင်ရေး စနစ်၊ ဘူတာပိုင်းနှင့် ရထားလမ်း ပိုင်းဆိုင်ရာ အခြေအနေ များအား လေ့လာခဲ့ပြီး ဖလောရင့်စ်မြို့ စန်သာမာရီ ယာနိုဗယ်လာ ဘူတာသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ရောက်ရှိသည်။

ယင်းနောက် ဖလောရင့်စ်မြို့၏ ထင်ရှားသော မိုက်ကယ် အိန်ဂျယ်လို ရင်ပြင်သို့ သွားရောက်ပြီး ဖလောရင့်စ်မြို့ နှင့် အာနိုမြစ် တို့၏ ညနေပိုင်း ရှုခင်းများအား လေ့လာကြည့်ရှု သည်။ ၄င်းမှတစ်ဆင့် ဒူအိုမို ဘုရားကျောင်း နှင့် ရင်ပြင်တော် ဝန်းကျင်တစ်ဝိုက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှုကို လှည့်လည်ကြည့်ရှု ခဲ့ပြီး ဖလောရင့်စ်မြို့မှ ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် High Speed အထူး အမြန်ရထားဖြင့် ပြန်လည် ထွက်ခွာရာ ဗင်းနစ်မြို့သို့ ဒေသ စံတော်ချိန် ည ၁ဝ နာရီခွဲတွင် ပြန်လည် ရောက်ရှိသည်။

ဗင်းနစ်မြို့နှင့် ဖလောရင့်စ်မြို့ တို့သည် အီတလီနိုင်ငံ တွင် ခရီးသွား လုပ်ငန်းဖြင့် ထင်ရှားသော မြို့များ ဖြစ်ကြသည်။ အီတလီနိုင်ငံသို့ တစ်နှစ်လျှင် နိုင်ငံခြား ခရီးသွား ၄၈ ဒသမ ၆ သန်းခန့် လာရောက် လည်ပတ်လေ့ ရှိသည့်အနက် ဗင်းနစ်သို့ သန်း ၂ဝ ဝန်းကျင်၊ ဖလောရင့်စ်သို့ ၁၆ သန်းဝန်းကျင် အထိ လာရောက် လည်ပတ်လေ့ ရှိကြောင်းနှင့် ဖလောရင့်စ်သည် ရောမခေတ် မတိုင်မီက အီတလီနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
High Speed အထူးအမြန်ရထားဖြင့် ဖလောရင့်မြို့သို့ သွားရောက်စဉ်

High Speed အထူးအမြန်ရထားတွင် ပါဝင်သော အခန်းများကို တွေ့ရစဉ်

ဖလောရင့်မြို့ ၏ အလှရှုခင်းကို တွေ့ရစဉ်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...