Social Icons

Pages

Thursday, August 3, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ၊ Tokyo မြို့ရှိ အသေးစားစက်မှုလုပ်ငန်း ခေါက်ဆွဲစက်ရုံနှင့် Nagaoka မြို့ရှိ အထင်ကရ နေရာများအား ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ဂျပန်နိုင်ငံ Nagaoka မြို့ရှိ KOMERI Home Center တွင်း ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျပန်နိုင်ငံ Tokyo မြို့ရှိ အသေးစားစက်မှုလုပ်ငန်း ခေါက်ဆွဲစက်ရုံ Maruyama Seiman စက်ရုံပိုင်ရှင် Mr. MARUYAMA KAZUHIRO က ခေါက်ဆွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့သော ရေတပ်ဗိုလ်ချုပ်ကြီး Yamamoto Isoroku ၏ အထိမ်းအမှတ်ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည်များကို ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၃-၈-၂၀၁၇

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် Tokyo မြို့ရှိ အသေးစား စက်မှုလုပ်ငန်း ခေါက်ဆွဲစက်ရုံ Maruyama Seiman နှင့် Nagaoka မြို့ရှိ Komeri Home Center နှင့် အထင်ကရ နေရာများအား သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် စောမင်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ဒေသ စံတော်ချိန်နံနက် ၉ နာရီတွင် Tokyo မြို့ရှိ အသေးစားစက်မှု လုပ်ငန်းခေါက်ဆွဲစက်ရုံ Maruyama Seiman သို့ ရောက်ရှိကြရာ စက်ရုံဧည့်ခန်းမတွင် စက်ရုံပိုင်ရှင် Mr. MARUYAMA KAZUHIRO ကခေါက်ဆွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ရှင်းလင်းပြောကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်း ဆွေးနွေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ခေါက်ဆွဲထုတ်လုပ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ Mr. MARUYAMA KAZUHIRO နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါခေါက်ဆွဲစက်ရုံသည် တစ်နေ့လျှင်ဂျုံ ၅ တန်မှ ခေါက်ဆွဲထုတ်လုပ်နိုင်စွမ်းရှိပြီး အလိုအလျောက် စက်များဖြင့်လုပ်သားအင်အား ၃၀ ခန့်အသုံးပြုကာ လည်ပတ်ထုတ်လုပ်နေသော စက်ရုံတစ်ရုံဖြစ်ပြီး နေ့စဉ်ထုတ်လုပ်သောအရည်အသွေးမြင့် သန့်ရှင်းလတ်ဆတ်သည့် ခေါက်ဆွဲများအား တိုကျိုမြို့ရှိ ဈေးဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စက်ရုံတစ်ရုံဖြစ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင်တိုကျိုဘူတာမှ Nagaoka မြို့သို့ Max TOKI-p393 Shinkansen ကျည်ဆန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ကြပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် Nagaoka ဘူတာသို့ရောက်ရှိရာ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE က ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် KOMERI Home Center သို့ရောက်ရှိကြပြီး ဆိုင်ခန်းများအတွင်း ခင်းကျင်းရောင်းချလျက်ရှိသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ KOMERI Home Center မှ KOMERI Power ဖြစ်သူ Mr. Hihoshi Hayakawa နှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ အဆိုပါ KOMERI Home Center သည် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတိုးတက် ပြောင်းလဲစေရန် တီထွင်ထုတ်လုပ်ထားသော ပစ္စည်းများရောင်းချရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တစ်နေရာတည်းတွင် ခေတ်မီဥယျာဉ်ခြံသုံးနှင့် လယ်ယာသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် လက်သုံးကိရိယာများ ရောင်းချပေးသော အရောင်းဆိုင်ကြီးဖြစ်ကာ ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂျပန်တစ်နိုင်ငံလုံး၌ ဆိုင်ခန်းပေါင်း ၁၂၀၀ ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့သော ရေတပ်ဗိုလ်ချုပ်ကြီး Yamamoto Isoroku ၏ အထိမ်းအမှတ် ပြတိုက်သို့ရောက်ရှိကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်ကြီး Yamamoto Isoroku ၏ သမိုင်းကြောင်းနှင့် အသုံးအဆောင်ပစ္စည်းများအား လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေတပ်ဗိုလ်ချုပ်ကြီး Yamamoto Isoroku နေထိုင်ခဲ့သည့်နေအိမ်သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ဗိုလ်ချုပ်ကြီး Yamamoto Isoroku သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ ပုလဲဆိပ်ကမ်းအား လျှပ်တစ်ပြက် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်အား စတင်ကြံစည်ရေးဆွဲခဲ့သူဖြစ်သည်။ ရေတပ်ဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ချိန်တွင် ၁၉၂၆ ခုနှစ်မှ ၁၉၂၈ ခုနှစ်အထိ အမေရိကန်နိုင်ငံတွင် ဂျပန်ရေတပ်စစ်သံမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ရေတပ်ဗိုလ်ချုပ်အဆင့်သို့ အဆင့်တိုးမြှင့်ထမ်းဆောင်စဉ် တစ်ချိန်ကဂျပန်နိုင်ငံ၏ နာမည်ကျော်ကြားခဲ့သည့် Zero Fighter တိုက်လေယာဉ်များ တီထွင် ထုတ်လုပ်နိုင်ခဲ့သည်။

ဝါရင့်ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့ပြီးနောက် အမေရိကန် ဆန့်ကျင်ရေးစစ်ပွဲအတွက် ပုလဲဆိပ်ကမ်းအား ဗုံးကြဲတိုက်ခိုက်ရေးနှင့် ပတ်သက်သည့် အစီအစဉ်ဖြစ်မြောက်ရေးအတွက် အပြည့်အ၀ ကြိုးပမ်းခဲ့သူဖြစ်ပြီး ၎င်းသည် ၁၉၄၁ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂျပန်စစ်စခန်း သို့ သွားရောက်စစ်ဆေးစဉ် ၎င်း၏လေယာဉ်အား အမေရိကန်စစ်ဘက်မှ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျဆုံးခဲ့သည့် ဂျပန်တပ်မတော်သူရဲကောင်း ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြတိုက်တွင် ရေတပ်ဗိုလ်ချုပ်ကြီး Yamamoto Isoroku ၏ အသုံးအဆောင်ပစ္စည်းများနှင့် ဓာတ်ပုံမှတ်တမ်းများ၊ ၎င်း၏လေယာဉ်ပစ်ချခံရချိန်တွင် စီးနင်းခဲ့သည့် လေယာဉ်၏ ကျန်ရှိသော အတောင်ပံတစ်ခု၊ ဗိုလ်ချုပ်ကြီးလိုက်ပါစီးနင်းခဲ့ သောထိုင်ခုံနှင့် သမိုင်းမှတ်တမ်းစာအုပ်များအား ခင်းကျင်းပြသထားကြောင်း သတင်းရရှိ သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...