Social Icons

Pages

Friday, November 11, 2016

သန္တာကျောက်တန်းများ ပျက်စီးလာမှုကြောင့် ပင်လယ်နို့တိုက် သတ္တ၀ါများ ကျက်စားနေထိုင်မှု အပေါ် ထိခိုက်လာ



ရန်ကုန် ၊ ၁၁-၁၁-၂၀၁၆

မြန်မာ့ ပင်လယ်ပြင် ကမ်းလွန် ဧရိယာ အတွင်းရှိ သန္တာကျောက်တန်း တချို့မှာ ထိခိုက်ပျက်စီး လာမှုများကြောင့် ပင်လယ်နို့တိုက် သတ္တဝါများ၏ ကျက်စား နေထိုင်မှုအပေါ် ထိခိုက်လာ စေခဲ့ကြောင်း အဏ္ဏဝါဗေဒ ဆိုင်ရာ ပညာရှင် တစ်ဦးထံမှ သိရသည်။

ထို သန္တာ ကျောက်တန်းများ ပျက်စီးလာရ ခြင်းမှာ ရာသီဥတု ပြောင်းလဲ ဖောက်ပြန် လာခြင်းနှင့် မဆင်မခြင် ငါးဖမ်းဆီးမှုများ ကြောင့် ဖြစ်သည်။

''ကမ္ဘာကြီး ပူနွေး လာတာကြောင့် ပင်လယ် သမုဒ္ဒရာ ရေပြင်တွေက သာမန်ထက် ပူနွေးလာပြီး အက်စစ်ဓာတ် ပျော်ဝင်မှုက ပိုလာတဲ့အခါ ထုံးဓာတ်နဲ့ ဖွဲ့စည်းထားတဲ့ သန္တာ ကျောက်တန်း တွေက ပျက်စီးလာ ကြတယ်။ တချို့ကျတော့ ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေ တွေရဲ့ မဆင်မခြင် ဖမ်းဆီးမှုတွေ ကြောင့် ပါပါတယ်'' ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့သော သန္တာ ကျောက်တန်းများ ပျက်စီး လာခြင်းကြောင့် ၄င်းတို့ကို မှီခိုတွယ်ကပ်၍ ပေါက်ရောက် နေသည့် ရေညှိ ရေမှော်ပင်များ၊ ကျောက်ပန်း ကျောက်ခက် များလည်း ပျက်စီးလာပြီး ငါးပုစွန်များ၏ သဘာဝ
အစာများလည်း လျော့ပါး ပျောက်ကွယ် လာကာ ငါးပုစွန်မျိုးစိတ် တချို့မှာ ပျောက်ကွယ် လာကြောင်း သိရသည်။

''အဲဒီလို ဖြစ်စဉ်တွေကြောင့် ရေသတ္တဝါတွေ လျော့နည်း ပျောက်ကွယ် လာမှုတွေထဲမှာ ပင်လယ်နို့တိုက် သတ္တဝါတွေရဲ့ ထိခိုက် ပြုန်းတီးမှုကို သတိပြုသင့် ပါတယ်။ ပင်လယ် နို့တိုက် သတ္တဝါတွေက အခုဆိုရင် ရှားပါး
စာရင်းဝင်တဲ့ သတ္တဝါတွေ ဖြစ်လာပြီး အခုချိန် ကတည်းက အလေးထား ထိန်းသိမ်းမှသာ မျိုးသုဉ်း ပျောက်ကွယ်မှု ကနေ အချိန်မီ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုပင်လယ် နို့တိုက်သတ္တဝါ များ သောင်တင် လာရခြင်းမှာ သတ္တဝါများ နာမကျန်းဖြစ် ခြင်းနှင့် တချို့မှာ ပင်လယ်ပြင်တွင် အစာရေစာ ရှားပါး လာခြင်းကြောင့် အစာရေစာ ရှာဖွေရင်း လမ်းကြောင်းမှားကာ သောင်တင် လာခြင်းတို့ ဖြစ်ကြောင်း၊ ထိုသို့ သောင်တင် လာသည့် သတ္တဝါများ အနက် အသက်ရှင်လျက် သောင်တင်လာသော သတ္တဝါများကို ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးရန် အသိပညာပေး လုပ်ဆောင် သင့်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...