Social Icons

Pages

Sunday, November 20, 2016

အင်းလေးကန်တည်တံ့ရေး ထိန်းသိမ်းပေး


အင်းလေးကန်တည်တံ့ရေး ထိန်းသိမ်းပေး

ယူနက်စကိုက အင်းလေးကန်ကို ၂ဝ၁၅ ခုနှစ်၌ မြန်မာနိုင်ငံ၏ ပထမဆုံး ဇီဝအဝန်းနယ်မြေ (Biosphere Reserve) အဖြစ် သတ်မှတ်ခဲ့သည်။ ထို အင်းလေးကန်သည် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်း ပင်လယ် ရေမျက်နှာပြင် အထက် ကီလိုမီတာ ၁၅ဝဝ ခန့်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာဝကုန်းတွင်း ရေကန်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေတိမ်ဒေသ ( Wet Land) ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

အင်းလေးကန်သည် အင်းအတွင်း မှီတင်းနေထိုင်သည့် အင်း တိုင်းရင်းသား လူမျိုးများ၏ နေထိုင်မှုပုံစံ၊ ရေပေါ်တွင် အိမ်ဆောက်၊ လှေကိုလက်ဖြင့် မလှော် ခြေဖြင့်လှော်၊ ကန်အတွင်း ကျွန်းမျောများဖြင့် သီးနှံစိုက်ပျိုး၊ သဘာဝ လက်ရက်ကန်း စသည့် ထူးခြားသည့် ဓလေ့ထုံးစံများ ကြောင့် လည်းကောင်း၊ တန်ခိုးကြီး စေတီပုထိုး များကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံမှ ပြည်တွင်း ခရီးသွားများ၊ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်၍ နိုင်ငံဝင်ငွေ တိုးသည့် သဘာဝ ရတနာတစ်ပါးလည်း ဖြစ်သည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အဓိက ရေအားလျှပ်စစ် ထုတ်လုပ်ရာဖြစ်သော လောပိတ ရေအားလျှပ်စစ် စက်ရုံ၏ ရေအရင်းအမြစ်လည်း ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွက် အရေးပါသော ဒေသတစ်ခုလည်း ဖြစ်သည်။ထို့ပြင် အင်းလေးကန် တွင်း၌ ငှက်မျိုးစိတ် ၂၇ဝ၊ ငါး ၄၃ မျိုး၊ လိပ်သုံးမျိုး၊ လိပ်ပြာ ၉၄ မျိုး၊  ကုန်းနေရေနေသတ္တဝါ ၃၄ မျိုးရှင်သန် နေထိုင်ပြီး ဆေးဖက်ဝင်ပင် ၅၂၇ မျိုး၊ သစ်ခွ ၁၃၅ မျိုး ရှင်သန် ပေါက်ရောက်ကာ ကမ္ဘာအနှံ့မှ ဆောင်းခိုငှက်များ ပျော်ပါးနားခိုရာ နေရာ ဖြစ်သောကြောင့် အရေးပါသည့် လေ့လာစရာ နေရာအဖြစ် တည်ရှိနေသည်။

အင်းလေးကန် အကျယ်အဝန်း သည် ၂ဝဝ၇ ခုနှစ် စာရင်းအရ မူလအင်းရေပြင် ဧရိယာ ၁ဝ၄ ဒသမ ၆၃ စတုရန်းမိုင် ရှိကြောင်း သိရပြီး၊ အင်းအတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စု၊ ရွာပေါင်း ၄ဝဝ ကျော်ရှိကြောင်း သိရသည်။ 

ယခုအခါ သဘာဝပတ်ဝန်းကျင် ပျက်စီး လာမှုကြောင့် အင်းလေးကန် တိမ်ကောလာရာ အင်းလေးကန် အတွင်းရေများ လျော့နည်းလာပြီး လှေများသွားလာ၍ မရ ဖြစ်ခဲ့ရသည်။ ထိုသို့ ဖြစ်ပေါ်လာရ ခြင်းသည် မြေဆီလွှာကို ထိန်းသိမ်းသည့် သစ်တောများ ပြုန်းတီး လာမှုကြောင့် အင်းလေးကန် အတွင်း စီးဝင်သည့် ချောင်းများမှ သဲနုန်းများ ပို့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် အင်းလေးကန်အတွင်းသို့ စီးဝင်သည့် ချောင်းအသီးသီးမှ နှစ်စဉ်ပို့ချသည့် သဲနုန်း ကျင်းပေါင်းမှာ သုံးသိန်းခန့်ရှိပြီး သက်ဆိုင်ရာ ဌာနက ရရှိသည့် ရန်ပုံငွေပေါ် မူတည်၍ ဖယ်ရှားရှင်းလင်း နိုင်မှုသည် သဲနုန်းကျင်း တစ်သိန်းခန့်သာ ဖြစ်၍ နှစ်စဉ် သဲကျင်းနှစ်သိန်းခန့် ကျန်ရှိနေသော ကြောင့်ဖြစ်သည်။

ထို့ကြောင့် အင်းလေးကန်ကို ရေရှည် တည်တံ့ရေး အထူးအလေးပေး ဆောင်ရွက်ရန် လိုအပ်လျက် ရှိနေသည်။ အင်းလေးကန် ရှိသဖြင့် အင်းသားလူမျိုး နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ ရှိနေသည်။ အင်းလေးကန် ကွယ်ပျောက်သွား ပါက လူမျိုး ရိုးရာဓလေ့ ယဉ်ကျေးမှုများ ပျောက်ကွယ် သွားနိုင်ပြီး ပြည်ပမှ လာရောက် လည်ပတ်သူများလည်း ရှိတော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အင်းလေးကန် တည်တံ့ခိုင်မြဲ နေစေရန် ၊ သဘာဝ ရတနာတစ်ပါး လျော့ပါးမသွား စေရန် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ နှင့် နိုင်ငံသူ နိုင်ငံသားများက အလေးထား ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...