Social Icons

Pages

Saturday, August 20, 2016

နားကိုက်ခြင်း



ဒေါက်တာလွင်သန့် (ဆေး-၂)

နားကိုက်ခြင်းသည် အခံရခက်သော ဝေဒနာတစ်မျိုး ဖြစ်သည်။ အများဆုံး ဖြစ်ရသည့် အကြောင်းရင်းမှာ နားထဲသို့ ပိုးမွှားဝင်ခြင်းနှင့် တခြားအရည်များ ဝင်ခြင်းကြောင့် ဖြစ်သည်။ တခြား အကြောင်းရင်း များမှာ အအေးမိခြင်း၊ နှာစေးခြင်း၊ နားဖာချေး ပိတ်ခြင်း၊ နားအတွင်း ထိခိုက်မိခြင်းနှင့် လေထုဖိအား များခြင်း စသည်တို့ ကြောင့်လည်း နားကိုက်ဝေဒနာ ကို ခံစားရသည်။

နားကိုက်ခြင်းသည် အရွယ်ရောက်ပြီး သူများထက် ကလေးငယ် များတွင် ပိုအဖြစ်များ တတ်သည်။ သမားရိုးကျ နားကိုက်ခြင်းကို အိမ်တွင်းဆေးနည်း များဖြင့် အလွယ်တကူ ကုသနိုင်သည်။ ၄င်းတို့မှာ-

(၁) သံလွင်ဆီ
သံလွင်ဆီ သည် နားထဲသို့ ၀င်ရောက်နေသည့် ပိုးမွှားများကို ဖယ်ရှားပေး နိုင်သောကြောင့် နားကိုက်ခြင်းကို အမြန်သက်သာ စေသည်။ သံလွင်ဆီ နွေးနွေးကို နားပေါက်ထဲသို့ သုံးစက်မှ လေးစက် ချပေးခြင်းဖြင့် နားကိုက်ခြင်း သက်သာ စေသည်။ ထို့ပြင် ဝါဂွမ်းလုံး တစ်ခုကို သံလွင်ဆီ နှစ်ပြီး နားထဲသို့ ထားခြင်း ဖြင့်လည်း သက်သာစေပြီး သံလွင်ဆီအစား မုန်ညင်းဆီနှင့် အုန်းဆီမွှေး တို့ကိုလည်း အသုံးပြု နိုင်သည်။

(၂) ကြက်သွန်ဖြူ 
ကြက်သွန်ဖြူတွင် ပါသည့် ပိုးသတ်ဓာတ် များက နားထဲသို့ ပိုးဝင်ခြင်းကြောင့် ဖြစ်သည့် နားကိုက်ခြင်း ဝေဒနာကို သက်သာစေသည်။ ကြက်သွန်ဖြူ အလုံးလေးများကို နှမ်းဆီဖြင့် ကြော်ပြီး အအေးခံကာ ဆီကိုစစ်ယူ၍ ရလာသော ၄င်းဆီ သုံးစက်ခန့်ကို ကိုက်နေသည့် နားထဲသို့ ထည့်ပေးသင့်သည်။ နောက်တစ်နည်းမှာ ကြက်သွန်ဖြူ ထဲမှအရည်ကို ညှစ်ထုတ်ယူပြီး ရလာသည့် အရည်ကို နားထဲသို့ အစက်ချပေးပါက နားကိုက်ခြင်း သက်သာစေ ပါသည်။

(၃) ကြက်သွန်နီ
ကြက်သွန်နီ သည်လည်း ဗက်တီးရီးယား ပိုးများကို ဖယ်ရှားပေး နိုင်သောကြောင့် လိုအပ်သည့် အိမ်သုံးဆေးတစ်မျိုး ဖြစ်သည်။ ကြက်သွန်နီကို လှီးပြီး ဇွန်းသေး တစ်ဇွန်းစာ အရည်ညှစ် ရမည်။ ရလာသည့် အရည်ကို နှစ်စက်၊ သုံးစက်ခန့် နားထဲသို့ တစ်နေ့နှစ်ကြိမ် ထည့်ပေးသင့်သည်။ ကြက်သွန်နီ အရည်ကိုလည်း နားထဲသို့ ထည့်ခါနီးမှ လုပ်သင့်သည် သို့မဟုတ် ညှစ်ပြီးသား ကြက်သွန်နီ အရည်ကို ရေခဲသေတ္တာ ထဲသို့ ထည့်ထား သင့်သည်။ ထို့ပြင် ကြက်သွန်နီ လတ်လတ် ဆတ်ဆတ်ကို ကြိတ်ချေပြီး အဝတ်သန့်သန့်ဖြင့် ထုပ်ကာ ၄င်း အဝတ်ထုပ်ကို နားပေါ်သို့ ငါးမိနစ်မှ ၁ဝ မိနစ်ကြာ တင်ထားရမည်။ အဆိုပါ နည်းလမ်းများကို နေ့စဉ် မကြာခဏ လုပ်ပေးပါက နားကိုက်သက်သာ စေသည်။

(၄) ရေနွေးအိတ်
ရေနွေးအိတ်ကို ကိုက်နေသည့်နား အပေါ်သို့ မိနစ် အနည်းငယ်ကြာ ဖိကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေသည်။ ရေနွေးပူပူ သောက်ခြင်း သည်လည်း နားကိုက် သက်သာစေသည်။ ၄င်းပြင် ရေနွေးငွေ့ရှူခြင်း ကလည်း အကျိအချွဲ များကို ပျော်စေပြီး နားကိုက်ခြင်းကို သက်သာစေသည်။

(၅) ချင်း
ချင်းသည် အလွန်အာနိသင် ရှိသည့် သဘာဝ နားကိုက်ပျောက်ဆေး တစ်ခုဖြစ်သည်။ လတ်ဆတ်သည့် ချင်းကို အရည်ညှစ်ပြီး နားထဲသို့ အစက်ချခြင်းဖြင့် ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေသည်။ နောက်တစ်နည်းမှာ လတ်ဆတ်သည့် ချင်းအတုံး လေးများကို သံလွင်ဆီ နှစ်ဇွန်းဖြင့် ရောပြီး ငါးမိနစ်မှ ၁ဝ မိနစ်ကြာ ထားပေးသင့်သည်။ ထို့နောက် ၄င်းဆီစက် အနည်းငယ်ကို ကိုက်နေသည့် နားထဲသို့ ထည့်ပေးရမည်။

(၆) ဆံပင် အခြောက်ခံစက်
ဆံပင်အခြောက်ခံ စက်မှ ထွက်လာသည့် စိုထိုင်းသည့် အပူဓာတ်က နားကိုက်ခြင်းကို သက်သာစေသည်။ ရေချိုးပြီးနောက် ဆံပင် သာမက နားများကို တဘက်ဖြင့် ခြောက်အောင် မသုတ်ဘဲ ဆံပင်အခြောက်ခံ စက်ကိုသုံးကာ လေပူဖြင့် နားအတွင်းရှိ အစိုဓာတ်ကို ခြောက်သွေ့သွား စေသည်။ အသုံးပြု လျှင်လည်း ငါးမိနစ်ထက် ပိုပြီး မသုံးသင့်ပေ။ 

၎င်းပြင် ဂျပန် နားသန့်ဆေး အပါအဝင် Itrodex စသည့် နားထည့်ဆေးရည် များကိုလည်း တစ်နေ့လျှင် နှစ်ကြိမ်မှ လေးကြိမ်အထိ ထည့်ပေး သင့်သည်။ စတီးရွိုက် ပါသည့် ဆေးရည်က ရောင်ရမ်းမှုကို လျော့စေပြီး နားကိုက်ခြင်းကို သက်သာစေသည်။ ထို့ပြင် မိသားစု ဆရာဝန်ဖြင့် ပြသပြီး နားထည့်ဆေးနှင့် သောက်ဆေး များကို ညွှန်ပြထားသည့် အတိုင်း ဆောင်ရွက် သင့်သည်။

စားဆေးအနေဖြင့် ပဋိဇီဝဆေး အင်ပီကလောက် နှင့် အမောက်ဆလင် တို့ကို အကိုက်အခဲ ပျောက်ဆေးနှင့် တွဲပြီး တစ်နေ့နှစ်ကြိမ်မှ လေးကြိမ် လေးရက်ဆက် သောက်ရန် လိုအပ်သည်။

ထို့ပြင် နွေးနွေးထွေးထွေး နေသင့်ပြီး ရေချိုးသည့် အခါ ခေါင်းလျှော်သည့် အကျင့်ကို ဖျောက်သင့်သည်။ တစ်ပတ်လျှင် တစ်ကြိမ်သာ ခေါင်းလျှော် သင့်ပြီး နားထဲသို့ ရေမဝင်အောင် ဝါဂွမ်းဆို့၍ ရေချိုးသင့်သည်။ ရေကူးကန် များတွင် ရေကူးသည့် အချိန်တွင်လည်း ခေါင်းစွပ်နှင့် ဝါဂွမ်းဆို့ပြီး ရေကူးသင့်သည်။ နားထဲသို့ ရေဝင်ပါက ကုန်သွားအောင် ခါထုတ်သင့်ပြီး သန့်ရှင်းသည့် နားကျပ်တံဖြင့် ကျပ်ပေးသင့်သည်။ တစ်ခါသုံး နားကျပ်ဆန်များကို ဆောင်ထား သင့်သည်။

ကလေးငယ်များ နားပြည်ယိုပါက ပိုးဝင်နိုင်၍ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဖြင့် အမြန်ဆုံး ပြသင့်သည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...